စစ်ကိုင်းဆောင်းပါး

ကလေး – တမူးလမ်း ဘယ်သူပိုင်သလဲ (ဒါမှမဟုတ်) ကဘော်ချိုင့်ဝှမ်းအထွက် ချင်းအခက် ဖြစ်လာမလား

ရေးသူ – ကိုသူ/MFP၊ ဆောင်းပါး

မန္တလေး – လားရှိုး လမ်းမကြီးလိုပဲ စစ်ရေး၊ စီးပွားရေးအရ အရေးပါတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကလေး – တမူး အာရှလမ်းမကြီးနဲ့ ကလေး – ကဘော်ချိုင့်ဝှမ်းကို ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက အပြင်းအထန် ထိုးစစ်ဆင် နေပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ တမူးမြို့နဲ့ ချင်းပြည်နယ် ဂိတ်တံခါးဝမှာ ရှိတဲ့ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး – တမူး အာရှလမ်းမကြီးကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်း ကတည်းက စိုးမိုး ထိန်းချုပ်ထားတာပါ။

ယခု ၂၀၂၅ ဩဂုတ်လက စတင်ပြီး စစ်အုပ်စုက အင်အား ထောင်နဲ့ချီ သုံးပြုကာ ကလေး – တမူး အာရှလမ်းကို ပြန်ရဖို့ တိုက်ခိုက်နေသလို လေကြောင်းဗုံးကြဲ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ယခု အောက်တိုဘာ လကုန်ပိုင်းမှာတော့ စစ်အုပ်စုက ကလေး – တမူး အာရှလမ်းမကြီးကိုသာမက ချင်းပြည် ဝင်ပေါက်လို့ ဆိုရမယ့် ကလေး – ဂန့်‌ဂေါ ကားလမ်းမကြီးနဲ့ ကလေး – တီးတိန် -ဖလမ်း -ဟားခါး လမ်းတွေကိုပါ ပြန်လည် စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ကလေး – တမူး လမ်းကို ပြန်ရရေး စစ်အုပ်စုရဲ့ ထိုးစစ်ဟာ စီးပွားရေးအရ အရေးပါတဲ့ မြန်မာ – အိန္ဒိယ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ ဖြစ်နိုင်သလို စစ်ရှုံးနေတဲ့ ချင်းပြည်ဘက်ကိုလည်း တန်ပြန် ထိုးစစ်ဆင်တာတွေ လုပ်ဖို့ စတင် ကြိုးစားလာတာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။ လက်ရှိမှာ ချင်းပြည် ၁၂ မြို့နယ်အနက် ခုနှစ်မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး စစ်အုပ်စု အနေနဲ့ ချင်းပြည်တွင်း နားလန်မထူနိုင်အောင် စစ်ရှုံးနေတာ ဖြစ်ပါတယ်။ ကလေးမြို့ဟာ ချင်းပြည်ရဲ့ ဝင်ပေါက်လို့ ဆိုနိုင်ပြီး စစ်အုပ်စု အနေနဲ့ ကလေးမြို့က လွဲလို့ တခြားဒေသကနေ ချင်းပြည်ဘက်ကို ဝင်ရောက်ဖို့က လမ်းကြောင်း မရှိသလောက် ဖြစ်နေပါတယ်။

ကလေး – တမူးလမ်းရဲ့ နောက်ထပ် အရေးပါတဲ့အချက်က မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ သော့ချက် ဖြစ်နေတာပါ။ အရှေ့မျှော်ဝါဒ ကျင့်သုံးတဲ့ အိန္ဒိယအနေနဲ့ သူတို့ရဲ့ အရှေ့နဲ့ဆက်ဆံရေးမှာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေကို ဦးစားပေးမယ်လို့ ဆိုထားပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုကို ထောက်ပံ့ဆက်ဆံဖို့အတွက် စစ်အုပ်စုက အိန္ဒိယနယ်စပ်ကုန်သွယ်ရေးကို စိုးမိုးထိန်းချုပ်ပြနိုင်ဖို့ လိုအပ်သလို အိန္ဒိယက ရူပီးငွေ ၁၂ ဘီလျံ အကုန်အကျခံ ဖောက်လုပ်မယ့် မြန်မာ – ထိုင်း – အိန္ဒိယ သုံးနိုင်ငံ အာရှအဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကလေး – တမူးလမ်းနဲ့ မုံရွာ – ယာကြီး – ကလေးဝ လမ်းတွေကို စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှစာ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ အိန္ဒိယရဲ့ ယုံကြည်မှုကို ရရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင် ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုရဲ့ ကလေး – တမူးလမ်း ပြန်ရရေး ထိုးစစ်ဟာ အိန္ဒိယ – မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ပြန်လည် ထိန်းချုပ်လိုတာ ဖြစ်နိုင်သလို ကလေး – ကဘော် ဒေသကို ထိန်းချုပ်ပြီးပါက စစ်ရှုံးထားတဲ့ ချင်းပြည်က မြို့တွေကို စစ်ရေးအရ ပြန်လည် ဖိအားပေးဖို့၊ အိန္ဒိယနဲ့ပါ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ဗျူဟာကျကျ ထိုးစစ်ဆင်လာတာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

စီးပွားရေး၊ စစ်ရေးအရ အရေးပါတဲ့ လမ်းတွေနဲ့ ချင်းပြည်ဝင်ပေါက် ကလေးမြို့

မိုင် ၈၀ ကျော် ရှည်လျှားတဲ့ ကလေး -တမူးလမ်းမကြီးကို တော်လှန်ရေး အင်အားစုတွေက ၂၀၂၃ နှစ်ကုန်ပိုင်း ကတည်းက စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ ကလေး – တမူးလမ်းပေါ်က ခမ်းပါတ်မြို့နဲ့ ဝိတုတ်ရွာ စစ်စခန်းတွေ၊ ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ရာဇဂြိုဟ် ကျေးရွာ ရာ (၁)နဲ့ ရာ (၂)  အကျဉ်းစခန်းတွေကို သိမ်းယူခဲ့သလို လက်ပံချောင်းရဲစခန်းက စစ်အုပ်စု ထွက်ပြေးလို့ အဲ့ဒီ ကားလမ်းပေါ်က အရေးပါတဲ့ စစ်စခန်းတွေကို ၂၀၂၃ နှစ်မကုန်ခင်ကတည်းက တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီ စစ်စခန်းတွေ၊ မြို၊ရွာတွေကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးနောက် ကလေး – တမူး လမ်းမကြီးတစ်လျှောက် မိုင် ၆၀ လောက်မှာ စစ်အုပ်စု ကင်းစင်သွားပြီး ကားလမ်းရဲ့ ထိပ်နှစ်ဘက်ဖြစ်တဲ့ ကလေးမြို့နဲ့ တမူးမြို့တွေမှာသာ စစ်အုပ်စု ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ကလေးမြို့ဘက်ခြမ်းမှာ မြို့နဲ့ ၁၂  မိုင်အကွာက  ကလေးမြို့ အကျဉ်းထောင်၊ တမူးမြို့ဘက်ခြမ်းမှာတော့ မြို့နဲ့ ၁၀ မိုင်ခန့်အကွာက ပန်းသာကျေးရွာတွေမှာ စစ်အုပ်စုက ရှေ့တန်းခံစစ်စခန်းတွေအဖြစ် ခံစစ်ပြင်ထားတာ ဖြစ်ပါတယ်။ ကလေး – တမူးလမ်းဟာ ကလေးမြို့ရဲ့ မြောက်ဘက်ပိုင်း ဖြစ်ပြီး ကလေးမြို့ရဲ့ တောင်ဘက်ပိုင်းမှာတော့ ကလေး – ဂန့်ဂေါ ကားလမ်းရှိပါတယ်။

မိုင် ၉၀ ကျော် ရှည်လျားတဲ့ ကလေး – ဂန့်ဂေါလမ်းမကြီးကိုလည်း တော်လှန်ရေးတပ်တွေက ၂၀၂၂ နှစ် ကတည်းက လမ်းပိုင်းနေရာ အများအပြားကို တိုက်ခိုက်သိမ်းယူ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကလေး – ဂန့်ဂေါ ကားလမ်းပေါ်က စစ်အုပ်စု အထိုင်ချတပ်စွဲရာ စစ်စခန်းတွေဖြစ်ပြီး ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့  နတ်ချောင်းရဲစခန်း၊ ရန်ကြီးအောင် စစ်စခန်း၊ မြောက်စည်း စစ်စခန်း၊ ကမ်းပါးနီ စစ်စခန်း၊ ကန်ရွာ စစ်စခန်း၊ ကြံသာစစ်စခန်း၊ မှန်တော စစ်စခန်း စတဲ့ စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီ လမ်းမှာလည်း ကလေးမြို့နယ်အတွင်း ကလေးမြို့နဲ့  ၁၂ မိုင်ခန့်အကွာက ထိုမာ ကျေးရွာနဲ့ ဂန့်ဂေါမြို့နယ် ဟံသာဝတီ ကျေးရွာမှာသာ စစ်အုပ်စု ကျန်ရှိတော့တာ ဖြစ်ပြီး ကလေး – ဂန့်ဂေါ လမ်းမကြီးရဲ့ မိုင် ၇၀ လောက်ကို တော်လှန်ရေးအင်အားစုတွေက သုံးနှစ်ကျော် စိုးမိုးထိန်းချုပ်ခွင့် ရခဲ့တာပါ။ 

ဒါ့အပြင် ၁၂၅ မိုင် ရှည်လျားတဲ့ ကလေး – တီးတိန် – ဖလမ်း -ဟားခါးလမ်းမကြီးကိုလည်း တော်လှန်ရေး တပ်တွေက အပြည့်အဝ စိုးမိုးထိန်းချုပ်ထားတယ်လို့ ဆိုနိုင်ပြီး ချင်းတော်လှန်ရေး တပ်တွေက ၂၀၂၃ ဧပြီမှာ အိန္ဒိယနဲ့ ကုန်သွယ်ရေးစခန်း တည်ရှိရာ ရိခေါဒါရ်မြို့ သိမ်းပိုက်ပြီးတော့ ၂၀၂၄ မှာ ကျီခါးမြို့နဲ့ တွန်းဇံမြို့၊ ၂၀၂၅ ဧပြီမှာ ဖလမ်းမြို့တွေကို သိမ်းပိုက်ခဲ့ပါတယ်။

ကလေး-တီးတိန် – -ဖလမ်း -ဟားခါးလမ်းမကြီးမှာလည်း လမ်းရဲ့ ထိပ်နှစ်ဘက် မြို့တွေဖြစ်တဲ့ ကလေးမြို့၊ တီးတိန်မြို့နဲ့ ဟားခါးမြို့တွေမှာသာ စစ်အုပ်စု ကျန်ရှိပြီး လမ်းပိုင်းတလျှောက် စစ်အုပ်စု ကင်းစင်နေတာ သုံးနှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

စစ်ကြောင်းမထိုးခင် စစ်အုပ်စု ဘယ်လို ပြင်ဆင်ခဲ့သလဲ 

ကလေး -တမူး  အာရှလမ်းမကြီးကို ပြန်ရရေး ထိုးစစ်ဆင်ဖို့ စစ်အုပ်စုက လေကြောင်းအစုံးပြုကာ အဓိက အင်အား ဖြည့်တင်းခဲ့ပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း ကလေးမြို့ လေဆိပ်ကနေ တပတ်ကို နှစ်ကြိမ်နှုန်းနဲ့ လူ၊လက်နက် တင်ဆောင်ပြီး အင်အားဖြည့်တင်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကလေးမြို့လေဆိပ်ကနေ အဓိက အင်အားဖြည့်တင်းခဲ့တဲ့ စစ်စခန်းတွေဟာ ကလေး-တမူး လမ်းပေါ်က စခန်းကြီးကျေးရွာနဲ့ ပန်းသာ ‌ကျေးရွာ၊ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်က မကွေး-စစ်ကိုင်း နယ်အစပ် ဟံသာဝတီကျေးရွာနဲ့ မြောက်ခင်ရန်းကျေးရွာ၊ ကလေး – တီးတိန်လမ်းမကြီးပေါ်မှာရှိတဲ့ ခိုင်ကမ်းမြို့တို့ကို  အင်အား ဖြည့်တင်းခဲ့တာလို့ စစ်ရေး စောင့်ကြည့်လေ့လာနေတဲ့ ကလေးမြို့ ‌တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။

“ကလေးမြို့က တခြားမြို့တွေကို သွားဖို့ လမ်းပေါက်(လမ်းဆုံ) ဖြစ်နေတယ်။ ကလေးကနေ ချင်းပြည် တက်မလား၊ ကလေးကနေ ဂန့်‌ဂေါသွားမလား။ ကလေးကနေ တမူး သွားမလား။ အဲဒီလို့ ဂွဆုံ ဖြစ်နေတယ်။ အင်အား ဖြည့်တင်းတာကတော့ တော်တော်ကို လုပ်တယ်။ ကလေးမြို့က လေဆိပ်ရှိတော့ လေဆိပ်ကို အားပြုတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီကနေလူ လက်နက် ရိက္ခာတင်ပြီး အသွားအလာ လုပ်တယ်။ အဓိကတော့  လေကြောင်းကနေပဲ သွားတယ်”

စစ်အုပ်စုက အဲ့ဒီလို လေကြောင်းသုံးကာ အင်အားဖြည့် ပြင်ဆင်ပြီးနောက်မှာတော့ ကလေး -တမူး  လမ်းကို စတင် စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

ကလေး – တမူးလမ်းကို ပြန်ရဖို့ စစ်အုပ်စုက ဩဂုတ်လမှာ စတင် စစ်ကြောင်းထိုးပြီး အင်အား ထောင်နဲ့ချီ သုံးကာ အဖွဲ့ လေးဖွဲ့ ခွဲပြီး စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

ကလေးမြို့ကနေ ကလေး – တမူးလမ်းကို စစ်ကြောင်းထိုးရာမှာ တပ်မ – ၇၇  ကနေ အင်အား ၃၅၀ ပါတဲ့ စစ်ကြောင်း တစ်ကြောင်း၊ ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် – ဒကစ ကနေ အင်အား ၂၅၀ခန့် ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ အမှတ် ၁၀ လေးကျင့်ရေးတပ် – လေ့ကျင့်ရေး ၁၀ ကနေ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ တမူးနယ် ပန်းသာမြို့ အနီးကနေ အင်အား ၁၀၀ ပါတဲ့ စစ်ကြောင်း တစ်ကြောင်းတို့နဲ့ နှစ်ဖက်ညှပ်ပိတ် စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။ နှစ်ဖက်ညှပ်တယ်လို့ ဆိုရပေမယ့် တမူးဘက်ကနေ အယောင်ပြပိတ်ဆို့တာစာ ဖြစ်ပြီး ကလေးမြို့ကနေ မြောက်ဘက်ကို ကားလမ်းအတိုင်း အဓိက ထိုးစစ်ဆင်လာတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“တပ်မ -၇၇ က အင်အား ၃၅၀ လောက် ပါတယ်၊ပြည့်သူ့စစ်က  ၃၀၀ လောက်ပါတယ်။ဒကစ ပါတယ်၊သူတို့က ခရိုင် စစ်ကြောင်း အနေနဲ့လာတယ်။လမ်းမကြီး ဘယ်ညာ ထိုးတာ ၊အင်အားကတော့ ကလေး (မြောက်ဘက်) ကတော့  ၁၀၀၀ ကျော် ရှိမယ်” လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ကလေး – ဂန့်ဂေါ လမ်းကိုလည်း စစ်အုပ်စုက စစ်ကြောင်းထိုးပြီး မကွေးနဲ့ စစ်ကိုင်းတိုင်းအစပ်၊ ဂန့်ဂေါနယ် ဟံသာဝတီကျေးရွာကနေ အင်အား ၃၀၀ ခန့် စစ်ကြောင်းတစ်ကြောင်း ထိုးစစ်ဆင်လာသလို ကလေး – တီးတိန် လမ်းမှာလည်း ချင်းပြည် ခိုင်ကမ်းမြို့ကနေ အင်းအား ၁၀၀ ခန့် စစ်ကြောင်းတစ်ကြောင်း၊ ကလေးမြို့နယ် ထိုမာ ကျေးရွာကနေ အင်အား ၁၀၀ ပါ စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ကလေး – တမူးလမ်း၊ ကလေး – ဂန့်ဂေါလမ်းနဲ့ ကလေး – တီးတိန်လမ်းတွေမှာ စစ်အုပ်စုက စစ်ကြောင်း ခုနစ်ကြောင်း ခွဲကာ အင်အား ၂၀၀၀ ကျော်နဲ့ မြေပြင် စစ်ကြောင်းထိုးနေပြီး လေကြောင်းပစ်ကူ ဗုံးကြဲကာ ထိုးစစ်ဆင်နေတာလို့ ကလေးဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းတွေမှာ ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ရှုံးလို့ ကိုးကန့်တပ် – MNDAA ထံ လက်နက်ချတဲ့ စစ်သုံ့ပန်းတွေ၊ အိန္ဒိယနိုင်ငံသား ကသည်း လက်နက်ကိုင်တပ်တွေ၊ ရှမ်းနီ (SNA)တပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အများစုကတော့ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရကာ ရက်တို စစ်သင်တန်းပေးပြီး အသေခံတိုက်ပွဲဝင်ဖို့ ရှေ့တန်းပို့ခံရတဲ့ စစ်သားသစ်တွေ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

နမခ ဒု-တိုင်းမှူးနဲ့ ဒကစ မှုး အပါအဝင် ဗိုလ်မှူးချုပ်အဆင့်တွေက ကွပ်ကဲ

အဲ့ဒီ ပေါ်တာဆွဲ စစ်သားသစ်တွေ၊ ရှမ်းနီနဲ့ ကသည်းတွေ အပါအဝင် စစ်အုပ်စု လက်နက်ကိုင်တွေကို အသေခံ စစ်တိုက်ဖို့ အဓိက ကွပ်ကွဲ ခိုင်းစေနေသူတွေဟာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အဆင့် ဘုန်းမြတ်ကျော် အပါအဝင် ဗိုလ်မှူးချုပ်အဆင့် သုံးယောက် ဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေး – တမူးလမ်းကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၂၀၀ ပါတဲ့ စစ်ကြောင်းတွေကို နမခ ဒု-တိုင်းမှူး၊ စစ်လေ့ကျင့်ရေးက ဗိုလ်မှူးချုပ်အဆင့် ဘုန်းမြတ်ကျော်၊ ဒကစ (ကလေး)က ဒကစမှူး ဗိုလ်မှုးချုပ်အဆင့် အောင်ကျော်ဆိုင်၊ တပ်မ – ၇၇ တပ်မမှူးဘမောင်၊ တတက -၁၀ ဒုကျောင်းအုပ် ဝင်းဇော်လတ်၊  ဟားခါးမြို့က ပြောင်းရွှေ့လာတဲ့ တပ်မ -၉၉က ဗျူဟာမှုးနဲ့၊ ဂန့်‌ဂေါ ခလရ – ၅၀ ဗျူဟာမှုးစတဲ့  ခြောက်ဦးက  အဓိက ဦးဆောင်ကွပ်ကဲနေတာပါ။ 

ပေါ်တာဆွဲ စစ်သားသစ်တွေကို လူသားလှိုင်းသဏ္ဍန်အသုံးချပြီး ထိုးစစ်ဆင်သလို စစ်ဆင်ရေးတွေမှာလည်း လေကြောင်းပစ်ကူ၊ ဒရုန်းစစ်ဆင်ရေးတွေ အပါအဝင် အင်အားအလုံးအရင်းနဲ့ ဘယ်လောက် သေသေ၊ နောက်မဆုတ်နဲ့ဆိုတာမျိုးနဲ့ ဝင်ရောက်နေတာ ဖြစ်တယ်လို့ အမျိုးသား ညီညွှတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ အမှတ် -၁ စစ်ဒေသရဲ့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေက ခမ်းပတ်ကိုသိမ်းပြီးတော့ စစ်ကြောင်းပြန်ထိုးလာတာ ရှိတယ်။ ဒါပေမဲ့ သူတို့ စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၈၀ လောက်ပါတာ၊ ဒါ အင်အားအများဆုံး။ အခုကတော့ အင်အား ထောင်ချီနဲ့ ပြန်ထိုးလာတယ်။ အခု ကလေး-တမူး လမ်း ဦးဆောင်တာက ဒု-ချုပ် ဘုန်းမြတ်ကျော် ပါတယ်။ ဒကစ ဗိုလ်မှူးချုပ် အောင်ကျော်ဆိုင် ပါတယ်။ တပ်မ ၇၇ တပ်မမှူး ပါတယ်”

ကလေးနယ် တိုက်ပွဲတွေ ဘယ်လောက်ပြင်းထန်ခဲ့သလဲ 

ဒီလို အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေက ကလေး – တမူးလမ်း၊ ကလေးမြို့နယ်မြောက်ပိုင်း ကျေးရွာတွေမှာ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပါတယ်။ ကလေးမြို့ကနေ ၁၅ မိုင် နဲ့ မိုင်၂၀ မိုင်အကြား၊ ကလေး -တမူးလမ်းပေါ်က နန်းစောင်းပု၊ ကံသာယာ၊ ရာဇ ဂြိုဟ်၊ ၅၆ မိုင်၊ ကံကြီး၊ ပန်းသာ၊ နန်းမွန်းတား၊ ရန်ငြိမ်းအောင် စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

ကလေးမြို့မြောက်ပိုင်း ကလေး – တမူး လမ်းပေါ်က ကံသာယာရွာမှာ ဩဂုတ်လကနေ ယခုအောက်တိုဘာအထိ လနဲ့ချီကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ရှိတာ။ ပြီးခဲ့တဲ့ ကလေးဘက်က  နန်းစောင်းပု တိုက်ပွဲဆိုရင် ကျနော်တို့က သိမ်းလိုက်၊ သူတို့ (စစ်အုပ်စု) က အင်အားဖြည့် ပြန်ထိုးလိုက်၊ အဲလို ဖြစ်တာ။ တမူးဘက်က နန်းမွန်းတား ဆိုရင် စစ်တပ်က အင်အား ထပ်ဖြည့်၊ ဖြည့်ပြီး ပြန်ပြန်ထိုးတာ တိုက်ပွဲကတော့ ဒီနေ့ထိ ဖြစ်နေတယ်”

ကလေး – ဂန့်ဂေါ လမ်းမှာလည်း လနဲ့ချီကြာ တိုက်ပွဲတွေဖြစ်နေပြီး ကလေးမြို့နယ်တောင်ပိုင်း၊ ကလေးမြို့နဲ့  မိုင် ၄၀ကျော်အကွာ၊    ကလေး -ဂန့်ဂေါ လမ်းပေါ်က ကြံသာ၊ မှန်တော၊ ကမ်းပါးနီရွာတွေမှာ သြဂုတ်လကနေ ယနေ့အထိ နှစ်လကျော်အကြာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ချင်းဘက်ကိုလည်း (စစ်ကြောင်း)ထိုးတယ်။ ဂန့်ဂေါ လမ်းကိုလည်း ကလေးကနေ ထိုးတာ၊ သာယာကုန်း (ရွာ)နား ရောက်လာပြီ”

ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေ

ကလေးနယ်ထဲ အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေကလည်း စုပေါင်းအားနဲ့ ခုခံတိုက်ခိုက်နေပါတယ်။ ကလေးနယ်မြောက်ပိုင်း၊ ကလေး – တမူးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးတဲ့  ကလေးခရိုင် PDF အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြိုနယ် ပကဖ၊ ကလေးဝမြိုနယ် ပကဖ၊ မင်းကင်းမြိုနယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြိုနယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ (ပလဖ)၊ Zoland PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက် နေပြီးတော့ တမူးနယ် တောင်ပိုင်းကနေ ကလေး -တမူးလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တမူး ခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ ကူကီးအမျိုးသားတပ်မတော် – Kuki National Army KNA(B)၊ National Liberation Amy (NLA)၊  Chin National Army တပ်ဖွဲ့နဲ့ မဟာမိတ် တပ်တွေက စစ်ဆင်ရေး ဆင်နွဲနေတာ ဖြစ်တယ်လို့ MOD အမှတ် (၁) စစ်ဒေသက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ  ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ကလေး၊နယ်တောင်ပိုင်း၊ ကလေး -ဂန့်ဂေါလမ်းမှာ ချင်းကာကွယ်ရေးတပ် – ကလေး၊ ကဘော်၊ ဂန့်ဂေါ – CDF -KKG၊ ကလေးဒေသ တော်လှန်ရေးတပ် – Kalay Revolution Force – KRF နဲ့ မဟာမိတ် တပ်ဖွဲ့တွေက ပူးပေါင်း စစ်ဆင်ရေး ဆင်နွဲနေတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နှစ်လကျော်အကြာ တိုက်ပွဲမှာ နှစ်ဘက်အကျအဆုံး ဘယ်လောက်ရှိခဲ့သလဲ

အဲ့ဒီ ကလေးဒသေ နှစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၄၀ ကျော် သေပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ပူးပေါင်းသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ MFP က မေးမြန်းခွင့်ရခဲ့တဲ့ စစ်ရေးသတင်းရင်းမြစ် ငါးဦးက အတည်ပြုပြောပါတယ်။

တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ဘယ်နေရာတွေ လက်လွှတ်လိုက်ရပြီလဲ

တော်လှန်ရေးအင်အားစုတွေ နှစ်နှစ်ကျော် သိမ်းပိုက်ထားတဲ့ မိုင် ၈၀ ကျော် ရှည်တဲ့ ကလေး – တမူး လမ်းမကြီးပေါ်က  နန်းစောင်းပု၊ ကံကြီး၊ ကံသာယာ၊ ၅၆ မိုင်၊ ရာဇဂြိုဟ်၊ လက်ပံချောင်း၊ ခုံသာ၊ ပြည်တော်သာ၊ မြစိမ်း၊ မြလင်း စတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ပြန်ခည် သိမ်းယူသွားပြီး ကလေးနဲ့ တမူးနယ်စပ်က စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်အုပ်စု ရောက်ရှိလာတယ်လို့ စစ်‌ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါကြောင့် ကလေး – တမူး လမ်းပိုင်းရဲ့ ဝက်ထက်ဟာ စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီလို့ ဆိုပါတယ်။

တမူးမြို့နယ် နန်းမွန်းတား ကျေးရွာကို ဦးတည်ထိုးလာတဲ့ စစ်ကြောင်းကိုတော့ တော်လှန်ရေး အင်အားစုတွေက ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တမူးမြို့နယ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးထန်ဆေး (U Thang Sei) က MFP ကို ပြောပါတယ်။

“နန်းမွန်းတာက ကတော့ တိုက်ထုတ်ပစ်လိုက်ပြီ “

ဒါ့အပြင် ကလေး – ဂန့်ဂေါလမ်းမှာလည်း တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ ကြံသာကျေးရွာနဲ့ မှန်တောကျေးရွာ နှစ်ရွာကို လက်လွတ်လိုက်ရတယ်လို့ ဆိုပါတယ်။

ရွာမီးရှို့၊ ပြည်သူကို ဖမ်းဆီး လူသားဒိုင်း သုံးကာ သတ်ဖြတ်ဆဲ စစ်အုပ်စုနဲ့ စံချိန်တင်တဲ့ စစ်ရှောင်

စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်ရာမှာ ဒေသခံ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ဓားစာခံလူသားဒိုင်းကာအဖြစ် အသုံးချတာ၊ ရွာမီးရှို့တာတွေကို လက်နက်တစ်ခုသဖွယ် ဆက်လက် အသုံးချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေး – တမူးလမ်းကို ပြန်ရဖို့ ထိုးစစ်ဆင်ရင်း ယခု အောက်တိုဘာ တတိယပတ်အတွင်းမှာပဲ ဒေသခံ ၂၀ ကျော်ကို သတ်ဖြတ်ပြီး ရွာ သုံးရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ ၂၇ ရက်က ဝက်သားလှည့်ရောင်းတဲ့ တမူးမြို့က စျေးသည် ဦးကြည်လင်းနဲ့ ဦးမန်မန်းတို့ နှစ်ဦးကို အရှင်လတ်လက် ဝမ်းဗိုက်ခွဲ သတ်ဖြတ်ခဲ့သလို အောက်တိုဘာ ၂၄  ရက်ကလည်း ကလေးနယ်မြောက်ပိုင်း အောင်ရွာကျေးရွာမှာ စစ်ရှောင်ရင်း နေအိမ်ကို ရိက္ခာ ပြန်သယ်တဲ့ အသက်၄၀ အရွယ်  ဦးကပ်ရှန်းမုန် (Pa Kap Sian Mung) ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်မှာ ကလေးနယ် ခုံသာကျေးရွာက အမျိုးသား  ရှစ်ဦး၊ အောက်တိုဘာ ၂၀ ရက်‌မှာလည်း ရာဇဂြိုဟ် ကျေးရွာက အမျိုးသား  ၁၀ ဦးနဲ့ CDF-KKG  တပ်ဖွဲ့ဝင် တစ်ဦးတို့ကို စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် ‌လက်ပံချောင်းနဲ့ ညောင်ကုန်းကျေးရွာက  နေအိမ်အဆောက်အဦး တချို့ကိုလည်း စစ်အုပ်စုက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

“အများစုကတော့ စစ်ကြောင်းနဲ့ တိုးလို့ သတ်ဖြတ်ခံရတာပါ၊ စစ်ကြောင်းရှိနေသေးလို့ တချို့ကတော့ အလောင်းကောက်လို့ မရသေးဘူး။ တချို့ကတော့ အလောင်းပြန်ရပါတယ်”

တိုက်ပွဲတွေနဲ့ စစ်အုပ်စု ရန်ကြောင့် ကလေး-တမူး လမ်းမကြီးတလျှောက်မှာ ရှိတဲ့ တမူးမြို့နယ်က ခမ်းပတ်၊ ဘုတ်ကန်၊ ကနန်၊ ကျွန်းတော ရှေရှင်၊ ဖက်ယား ရေရှင်၊ စော်ဘွား၊ ဝိတုတ်၊ ရန်လင်းဖိုင်၊ ရန်မျိူးအောင်၊ နန်းမွန်းတား ကျေးရွာတွေနဲ့ ကလေးမြို့နယ်က ရာဇဂြိုလ်၊ မြစိမ်း၊ မြလင်း၊ လက်ပံချောင်း၊ ပြည်တော်သာ၊ ပျဉ်းခုံကြီး၊ ပျဉ်းတောဦး၊ မောက်လင်း၊ လက်ပံချောင်း၊ နန်းစောင်းပု၊ ကံကြီး၊ ကံသာယာ၊ ၅၆ မိုင်၊ ရန်မျိုးအောင် စတဲ့ ကျေးရွာ ၅၀ ကျော်က ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ ဆေးဝါးနဲ့ အစားအသောက် အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့  ကလေးမြို့ လူထုသပိတ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“ကလေး -တမူး လမ်းတကြောလုံးနဲ့ ကလေးမြောက်ပိုင်း အကုန် စစ်ရှောင်ကြရတော့ ဒီတစ်ချိန်က လူအများဆုံး ဖြစ်မယ်ဗျ၊ အရင် ရှောင်ရတာက တိုက်ပွဲ ဖြစ်တဲ့နေရာ အနီးက ရွာတွေ ရှောင်ကြရတာ၊ အခုက အဲ့လို မဟုတ်ဘူး။ အားလုံး  ရှောင်ကြရတဲ့ အနေအထားပါ။ အခုက အများစုက  ကိုယ်လွတ် ပြေးလာကြရတာ။ စားဖို့ ပန်းကန်၊ ခွက်လည်း မပါလာဘူး၊ ချက်ဖို့ ဆန်လည်း သယ်မလာနိုင်ဘူး။ …။  လုံးလုံး ဘာမှ သယ်မလာနိုင်တဲ့သူတွေ ပါတယ်။ မိုးကာတွေ လိုတယ်။ အိုးခွက် ပန်းကန်တွေ လိုတယ်။ ဆန်တွေ လိုတယ် “

ဒီလို ထွက်ပြေးတိမ်းရှောင် တွေထဲမှာတော့ ကိုယ်ဝန်ဆောင် မိခင်၊ သက်ကြီးရွယ်အို၊ နားမကျန်းဖြစ်သူ  ၃၀၀၀ ကျော် ပါဝင်ပြီးတော့ ဆေးဝါးလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

 စစ်အုပ်စုက လူထုကို ဘယ်လို စည်းရုံးနေသလဲ

စစ်အုပ်စုက စစ်ကြောင်းထိုးကာ လူသတ်၊ မီးရှို့နေပေမယ့် တော်လှန်ရေးတပ်တွေထံက ပြန်လည် သိမ်းပိုက်နိုင်တဲ့ မြို့၊ရွာတွေမှာတော့ ဒေသခံပြည်သူကို မက်လုံးပေးစည်းရုံးတာ၊ သွေးခွဲစည်းရုံးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်အုပ်စုက ယခင် ပအဖ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူးတွေကို ကျေးရွာ အုကပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် ခန့်ထားတာ၊ ယခင်က ဖမ်းဆီးထောင်ချထားတဲ့ အုပ်ချုပ်ရေးမှူါ်ဟောင်းတွေကို ထောင်က လွှတ်ပေးပြီး အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် ခန့်အပ်တာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်း စစ်အုပ်စု ပြန်ရသွားတဲ့ ကလေး – တမူးကားလမ်းပေါ်က ကျေးရွာတွေအနက် ကံကြီး၊ လက်ပံချောင်းနဲ့ ရာဇဂြိုလ် ကျေးရွာတွေမှာ စစ်အုပ်စုက ဝင်ရောက် တပ်စွဲနေရာယူပြီး ဒေသခံတွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ ရပ်ရွာလူထုအပေါ် ဩဇာညောင်းတဲ့ ဘာသာရေးဆရာတွေ၊ အုပ်ချုပ်ရေးမှုးတွေနဲ့ တွေ့ဆုံ ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ ညောင်ကုန်းကျေးရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကံကြီးနဲ့ ရာဇဂြိုဟ် ရွာနှစ်ရွာက အုပ်ကြီး (အုပ်ချုပ်ရေးမှူး)တွေ ပြန်ခန့်တယ်။ လက်ပံချောင်းမှာတော့ ခရယာန် ဘာသာ‌ရေး ဆရာတွေက တွေ့ပြီး ညှိုနိုင်းရေး လုပ်ကြတယ်။ ဘာတွေ ညှိုနိုင်းတာကတော့ မသိဘူး။ ညောင်ကုန်း ရွာဝင်တဲ့ စစ်ကြောင်းကတော့ စစ်ဗိုလ်က သေနတ်ပြ၊ မင်းတို့ PDF တွေနဲ့ မလာ စေနဲ့၊ PDF မလာရင် ဘာမဖြစ်ဘူးလို့ ပြောပြီး၊ ဓါတ်ဆီ လေးပုလင်းတောင်း၊ ညောင်ကုန်း အထွက် တံတားနားက PDF ဂိတ် မီးရှို့ သွားတယ်”

စစ်အုပ်စု ထိုးစစ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ 

ကလေးနယ်က ကားလမ်းမကြီးတွေနဲ့ ကလေး-ကဘော် ဒေသကို ပြန်လည် စိုးမိုးနိုင်ရေး တိုက်ခိုက်လာတဲ့ စစ်အုပ်စုရဲ့ ထိုးစစ်ကြောင့် လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေ တဖြည်းဖြည်း နောက်ဆုတ်ပေးနေရပါတယ်။

ကလေး-တမူးလမ်း၊ ကလေး- ဂန့်ဂေါလမ်းနဲ့ ကလေး -တီးတိန်လမ်းတွေ ပြန်ရဖို့ စစ်အုပ်စုက လေကြောင်းပစ်ကူ၊ ဒရုန်းစစ်ဆင်ရေးနဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဟာ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့၊ အိန္ဒိယ -မြန်မာ ကုန်သွယ်ရေး စခန်းပြန်ဖွင့်ဖို့၊ ရွှေးကောက်ပွဲအတွက် နယ်မြေ ရှင်းလင်း၊ စည်းရုံးရေးဆင်းတာတွေ လုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်လိ့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယငွေ  ရူပီးငွေ ၁၂ ဘီလျံ အကုန်အကျခံကာ အိန္ဒိယက ဦးဆောင်ဖောက်လုပ်နေတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုကို အိန္ဒိယက တရားဝင် အသိအမှတ်ပြုဖို့လည်း ဖြစ်နိုင်သလို ချင်ပြည်နဲ့ ရခိုင်ပြည်က အိန္ဒိယ မြန်မာ နယ်စပ်တွေကို တော်လှန်ရေးအင်အားစုတွေက အပြည့်အဝ ထိန်းချုပ်ထားရာ စစ်အုပ်စု အနေနဲ့ အိန္ဒိယရဲ့ ယုံကြည်မှူကို ပြန်ရရေး အခုလို ဗျူဟာ ကျကျ ကြိုးစားလာတာ ဖြစ်မယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ အိန္ဒိယ-မြန်မာအရေး စောင့်ကြည့် လေ့လာသူတွေက သုံးသပ်ပါတယ်။ 

အိန္ဒိယ -မြန်မာအရေး စောင့်ကြည့် လေ့လာနေသူ Salai Dokhar ပြောတာက

“အဓိက ကလေး -တမူး လမ်းမကြီးကတော့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ကြားမှာ တခုတည်းသော လက်ကျန်ပုံစံ ဖြစ်နေတာပေါ့။ ကျန်တဲ့ ကုန်သွယ်ရေး လမ်းမကြီးတွေက ဖောက်လုပ်ဆဲ၊ တည်ဆောက်ဆဲ ပုံစံ ဖြစ်တယ်။ အထူးသဖြင့် နာဂလန်း၊ ကချင် တို့ ဘက်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတော့ ရှိတယ်။ ဒါပေမယ့် တရားဝင်ကြီး ဖွင့်လှစ်ထားနိုင်တာ မရှိသေးဘူး။ အဲ့လို အခြေ အနေဆိုတော့ တရားဝင် ဖွင့်လှစ်ထားနိုင်တဲ့ လမ်းမကြီးမှာ ကလေး -တမူးလမ်းမကြီးရှိတဲ့ အခါကြတော့ အိန္ဒိယနဲ့ စစ်ကောင်စီ ဆက်ဆံရေး တည်ဆောင်နိုင်ဖို့ကတော့ သူတို့ အနေနဲ့ လမ်းမကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ လိုအပ်တာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင် အိန္ဒိယ ဘက်အနေနဲ့လည်း ချင်းဘက်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ ရခိုင် ULA က ထိန်းချုပ်မှုတွေ အပြည့်အဝ လုပ်လာနိုင်တယ်ဆိုတတော့ သူရဲ့ စီမံကိန်းကဏ္ဏဖြစ်စေ၊ လူဝင်မှု ကြီးကြပ်ရေး ကဏ္ဏဖြစ်စေ၊ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုနဲ့ စကားပြောလာတာ ရှိတဲ့ အခါကြတော့ စစ်ကောင်စီအနေနဲ့  အိန္ဒိယနိုင်ငံရဲ့ တရားဝင် အသိမှတ်ပြုမှုကို၊ ဆက်ဆံမှုကို ထိန်းသိမ်းနိူင်ဖို့ ကလေး -တမူးလမ်းမကြီးက အရေးပါနေတာပေါ့၊ ဆိုတော့ ဒါကို ဗျူဟာ ကျကျ လုပ်တယ်လို့ ပြောလို့ ရတယ်”

စစ်အုပ်စုရဲ့ အိန္ဒိယနိုင်ငံအပေါ် ချဉ်းကပ်မှုတွေကို တော်လှန်‌ရေး ခေါင်းဆောင်တွေ အနေနဲ့ လက်ဦးမှု ရယူပြီးတော့ အိန္ဒိယနဲ့ စစ်အုပ်စု ဆက်ဆံရေး၊ သံယောဇဉ်တွေကို ဖြတ်တောက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အိန္ဒိယနိုင်ငံ မိုးရေးမြို့ကနေ မြန်မာနိုင်ငံ  တမူး -ကလေး- ကလေးဝ -ယာကြီး  လမ်းကို ဖြတ်ကာ ဖောက်လုပ်ကာ ထိုင်းနိုင်ငံအထိ ချိတ်ဆက်မဲ့ မိုင်ပေါင်း ၁၆၄၃ ရှည်လျားတဲ့  အိန္ဒိယ – မြန်မာ – ထိုင်း အာရှလမ်း စီမံကိန်းဟာ အာဏာသိမ်းပြီးနောက် တော်လှန်ရေး စိုးမိုးနယ်မြေတွေမှာပါ စစ်အုပ်စုက လမ်းဖောက်လုပ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပြီး လက်ရှိမှာ တော်လှန်ရေး စိုးမိုးနယ်မြေလို့ ဆိုရမယ့် မင်းကင်းမြို့နယ်အတွင်း ကလေးဝ – ယာကြီး လမ်းတလျောက်မှာ စစ်အုပ်စုနဲ့ အိန္ဒိယ ပေါင်းပြီး လမ်းဖောက်လုပ်နေတာ တွေ့ရတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

အဲ့ဒီ အိန္ဒိယ – မြန်မာ – ထိုင်း အာရှအဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကလေး-တမူး လမ်းမှာတော့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် အာဏာသိမ်းပြီး လေးနှစ်ကျော် အကြာအထိ ပြုပြင်ဆောက်လုပ်နိုင်တာ မတွေ့ရသေးဘူးလို့  ကလေး-တမူးကို ကုန်ကားပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

“မင်းကင်း၊ တောင်စာရေး ရွာထိပ်၊ ကလေး-ကလေးဝ – ယာကြီးလမ်းမှာတော့ အိန္ဒိယ ဆိုက် တစ်ခုရှိတယ်။ အဲ့ ဒီနေရာကတော့ အိန္ဒိယနိုင်ငံသားတွေ လမ်းလုပ်နေတာ တွေ့ရတယ်။ အဲ့ဒီက သယ်ပြီး ကျော်ရွာမှာ လုပ်တယ်။ အဲ့ဒီနေရာကတော့ အိန္ဒိယက နှစ်ဘက် (စစ်အုပ်စု နဲ့ တော်လှန်ရေးအင်အားစု) တွေကို ညှိထားတယ်လို့ သိရတယ်။ ဒီလမ်း ဖောက်ဖို့ ဆိုရင် တမူးဘက်က အရင် ဝင်ရမှာ ၊ တမူးဘက်လမ်းတွေကတော့ ဆောက်တာ မရှိသေးပါဘူး။ လမ်းတွေက ဘာမပြင်ရသေးဘူး။ တိုက်ပွဲ တွေက ဖြစ်နေတော့ “

တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ သြဂုတ်လက ပြုလုပ်တဲ့ အခမ်းအနားတစ်ခုအတွင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် အိန္ဒိယ -မြန်မာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တိုးမြင့်လုပ်ဆောင်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်ုပ်သည် မင်းအောင်လှိုင်နှင့်  တီယန်ကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေး မူဝါဒနှင့် အိမ်နီးချင်း ဦးစားပေးရေး မူဝါဒများ၏ အရေးပါတဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ ချိတ်ဆက်‌ဆောင်ရွက်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုတူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အလားအလာကောင်းများ ရှိ‌ကြောင်း ကျွန်ုပ်တို့နှစ်ဦး သဘောတူညီခဲ့ကြပါသည်” လို့ မိုဒီက လူမှုကွန်ရက်မှာ ရေးသားထားသလို အိန္ဒိယအာဏာပိုင်တွေကလည်း အိန္ဒိယ -မြန်မာ-ထိုင်း အာရှလမ်းမကြီး အပြီးသတ် ဖောက်လုပ်ရေး အမြန်ဆုံး အကောင်ထည် ဖော်ဆောင်ရွက်မယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသ လွတ်မြောက်ရေး 

ကလေးခရိုင်၊ ကလေးနဲ့ တမူးမြို့နယ်တွေကို ကဘော်ချိုင့်ဝှမ်းဒေသလို့ ခေါ်ဝေါ်ပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသ လွှတ်မြောက်ရေးဟာ ဦးစားပေး သတ်ဖြတ်ထားတဲ့ နေရာဖြစ်တယ်လို့ NUG၊ MOD ဝန်ကြီး ဦးရည်မွန်က ပြီးခဲ့တဲ့ လပိုင်းက ပြုလုပ်တဲ့ ကဘော်ညီနောင်ကမ်ပိန်းဖွင့်ပွဲ မှာ ပြောပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသကို စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေး စတဲ့ အရေးပါတဲ့ နေရာအဖြစ် လွှတ်မြောက်ရေး ဦးစားပေး သတ်မှတ်ထားတဲ့နေရာ ဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။

စစ်ဆင်‌ရေး ဆင်နွဲချိန်မှာ လက်နက်ခဲယမ်း၊ ရိက္ခာ မလုံလောက်တာ၊ ဒေသကျွမ်းကျင်တဲ့ တော်လှန်ရေးသမားတွေ ကချင်ပြည်နယ်ကို စစ်ကျွံနေတာ၊ တော်လှန်ရေးသမား အချင်းချင်း စုဖွဲ့မှု မတည်ဆောက်နိုင်တာ၊ လူထုကို ပါဝင်အောင် မစည်းရုံးနိုင်တာ၊ ငွေကြေး မစံမံမခန့်ခွဲနိုင်တာနဲ့ စစ်ရေးထက် အုပ်ချုပ်ရေးကို ပိုမို အလေးပေးနေတာတွေကြောင့် နယ်မြေ လက်လွှတ်ရမှုတွေ ရှိနေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။ 

ကလေး – ကဘော်ဒေသ အပါအဝင် အညာမြေပြန့်ဒေသက တော်လှန်ရေးစိုးမိုးနယ်မြေတွေ ပြန်လည် လက်လွှတ်နေရတာဟာ NUG ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ အညာက တော်လှန်ရေး အင်အားစုတွေအပေါ် ထောက်ပံ့မှုအားနည်းတာ၊ စနစ်ကျတဲ့ COC (အမိန့်ပေးကွပ်ကဲမှု) မတည်ဆောက်နိုင်တာ အဲ့တာတွေနဲ့လည်း သက်ဆိုင်တယ်လို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

“NUG (ကြားဗဟို)အနေနဲ့ တော်လှန်ရေး ရဲဘော်တွေ အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါများစွာ ပေးဆပ်ရင်း ရရှိထားတဲ့ စိုးမိုးထိန်းချုပ်နယ်မြေကို ဘယ်လို ကာကွယ်ရမလဲ၊ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်း ဘယ်လို ထောက်ပံ့ရမလဲဆိုတာ အဓိကမထားဘဲ ဘယ်လို အုပ်ချုပ်ရမလဲဆိုတာ ဦးစားပေးနေတယ်။ စစ်ရေး မနိုင်ရင် (မကာကွယ်နိုင်ရင်) အုပ်ချုပ်ရေးဆိုတာ လေထဲမှာပဲ ဆိုတာ အခု လက်တွေ့ မြင်နေကြပါပြီ၊ မြေပြင်နဲ့ မညီတဲ့ မူဝါဒတွေ ပြောင်းဖို့၊ လူရော မူရော ပြောင်းဖို့ အမြဲတမ်းတင်ပြပေမယ့် အရေးမစိုက်ဘူး၊ အရင်းအမြစ်တွေကို အရေးကြီးတဲ့ကဏ္ဍ၊ အကျိုးရှိမယ့်နေရာတွေကို ရောက်ဖို့ စနစ်တကျ စီမံခန့်ခွဲမှု တည်ဆောက်ရမယ် (ငွေကြေး၊ လက်နက်ခဲယမ်း၊ စုဖွဲ့မှု) စီမံခန့်ခွဲမှု လွဲမှားနေတာတွေ၊ ပြည်သူတွေအပေါ် မမျှတတာတွေ သေချာအလေးပေး လုပ်ဆောင်ဖို့ အရေးကြီး လိုအပ်နေပြီဖြစ်ကြောင်း ထပ်လောင်း နှိုးဆော်လိုက်ပါတယ်”လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်” လို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ်ပါတီ – NLD ကိုယ်စားပြု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တမူးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေး (U Thang Sei) က  လူမူကွန်ယက်မှာ ရေးပါတယ်။

တော်လှန်ရေး ဦးဆောင်သူတွေရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်သလို အမြန်ဆုံး စည်လုံးညီညွှတ်ရေး တည်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ဒေသခံ တော်လှန်ရေး ရဲမေတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

“အခုက ကိုယ့်ကိုယ့်ကိုယ် ချစ်ရမယ့်အချိန် မဟုတ်တော့ဘူး၊ တော်လှန်ရေးကို ချစ်ရမယ့် အချိန်၊ တော်လှန်ရေးဆိုတာ စစ်တပ် ပြုတ်ကျရေးကို ပြောတာ၊ ပြင်သင့်တာ ပြင်ဖို့ လိုတယ်၊ စည်းလုံးညီညွှတ်ဖို့ လိုတယ်”

ကလေး -တမူးလမ်း ဘယ်သူ ပိုင်သလဲ

လက်ရှိအချိန်မှာတော့ ကလေး -တမူး အာရှလမ်းမကြီး၊ ကလေး – ဂန့်ဂေါလမ်းနဲ့ ကလေး – တီးတိန်လမ်း တလျှောက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီးတော့ လမ်းပိုင်းတွေ စိုးမိုးနိုင်ရေး အပြိုင်ကြိုးစားနေကြပါတယ်။

ကလေး – တမူးလမ်းဘယ်သူ ပိုင် ၊မပိုင် ကလေးဒေသခံ တော်လှန်ရေးရဲ ဘော်တစ်ဦး ပြောတာက

“ကလေးမှာ တူမီးနဲ့ စခဲ့တဲ့ ဒီတော်လှန်ရေး ဒီ အခြေအနေထိ ရောက်လာတယ်။ စည်းလုံးရင် ဘာမှ ကြောက်စရာ မလိုဘူး။ အဓိက စည်းလုံးဖို့ပဲ။ စစ်တပ်ကို ရှုံးစရာလည်း မရှိဘူး၊ ကလေး-တမူး ဘယ်သူ ပိုင်သလဲ ဆိုတာကတော့ ဘုရားသခင်ပဲ သိလိမ့်မယ်”

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button