အညာပြည်သူတွေအတွက် အသက်နဲ့ရင်းပြီး ထွန်းလင်းခဲ့တဲ့ မီးအိမ်ရှင်

ရေးသူ – ဒေါ်လာ (MFP)၊ ဆောင်းပါး၊
- ကောလင်းမီးအိမ်ရှင် သူရဲကောင်း ဆရာပွကြီး
“ဆရာရှိတဲ့နေရာတွေကို လေကြောင်းက လာပစ်တာ လေးကြိမ်ရှိပြီ။ တတိယအကြိမ်မှာ အရပ်သား အမျိုးသမီး နှစ်ဦး ပါသွားတယ်။ အခုအကြိမ်တော့ ဆရာပါ ပါသွားတာပါ”
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ ဒေသခံပြည်သူတွေ အားကိုးအားထား ပြုနေရတဲ့ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဆရာဝန်ကြီး ဒေါက်တာဇာနည်ထွန်း ဗုံးထိမှန် သေဆုံးခဲ့ရတဲ့ အခြေအနေကို မိသားစုနဲ့ နီးစပ်တဲ့ အမျိုးသမီး တစ်ဦးက ပြန်ပြောပြနေတာပါ။
“ဆရာ့ရဲ့ ဆေးရုံက အရင်တစ်ခါ လာပစ် ပြီးကတည်းက ဆေးရုံက ပျက်စီး သွားပါပြီ။ အခုက တောတွေ ကြားမှာ ဆောက်ပြီးကုနေတာပါ။ ဘယ်ရွာနဲ့ ဘယ်ရွာကြား ဆိုတာတော့ မပြောပြတော့ဘူးနော်။ ခြောက်လလောက် ရှိပါသေးတယ် (နေရာပြောင်း) ကုတာက”
လူနာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဆရာပွကြီး လို့ ခေါ်ကြတဲ့ ဒေါက်တာဇာနည်ထွန်းဟာ တခါတရံ စကားကို တည့်တိုးပြောတတ်လို့ အပေါက်ဆိုးတယ်လို့ ထင်ရပေမဲ့ လူနာတွေ အပေါ် အလွန် စေတနာထား၊ အလေးထားကာ ကျန်းမာရေး စောင့်ရှောက်မှုပေးသူဖြစ်တယ်လို့ ဆိုပါတယ်။ ကျင့်ဝတ်သိက္ခာ အလေးထား စောင့်ထိန်းသူဖြစ်သလို ကုသရေးပိုင်းလည်း တော်သူ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
မန္တလေးဆေးတက္ကသိုလ် ကျောင်းဆင်း ဆရာပွကြီးဟာ စစ်အာဏာမသိမ်းခင် ကိုဗစ်ကာလ မတိုင်ခင် ကတည်းက ကောလင်းနယ် တိုက်နယ်ဆေးရုံ တစ်ခုမှာ တိုက်နယ် ဆရာဝန်အဖြစ် တာဝန်ကျပြီး ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူပါ။
စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဒေသခံပြည်သူတွေကို ဆက်လက် ဆေးဝါး ကုသပေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန် ဖြစ်ပါတယ်။

ကောလင်းမြို့ဟာ နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ – NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ခရိုင်မြို့ကြီး ဖြစ်ပါတယ်။ ၂၀၂၃ နိုဝင်ဘာမှာ တော်လှန်ရေးတပ်တွေက ကောလင်းမြို့ကို သိမ်းယူခဲ့ပြီး ၂၀၂၄ ဖေဖေါ်ဝါရီမှာ စစ်အုပ်စုက မြို့ကို ပြန်လည် သိမ်းယူခဲ့ပါတယ်။ ကောလင်းတိုက်ပွဲအတွင်း စစ်အုပ်စုက မြို့ကို ဗုံးကြဲ၊ မီးရှို့ ဖျက်ဆီးလို့ တမြို့လုံးနီးပါး ပြာကျပျက်စီးခဲ့ပါတယ်။ စစ်အုပ်စုက ကောလင်းမြို့ကို ပြန်လည် စီးနင်း နိုင်ခဲ့ပေမယ့် မြို့ပေါ်ကလွဲပြီး တနယ်လုံးနီးပါးကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပါတယ်။ ကောလင်းမြို့ခံ ပြည်သူတွေဟာလည်း စစ်အုပ်စု ရန်ကြောင့် မြို့ပေါ် မနေရဲသလို နေစရာအိမ်တွေလည်း ပြာကျ ပျက်စီးကာ မရှိတော့ပြီမို့ နီးစပ်ရာ ဒေသတွေမှာ စစ်ဘေးရှောင်ခိုလှုံနေကြရပါတယ်။
အဲ့ဒီ ကောလင်းနယ်က ပြည်သူတွေကို ဒေါက်တာပွကြီး ဦးဆောင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ CDM တွေ အပါအဝင် သူတို့ကို ဆန့်ကျင်သူတွေကို နည်းပေါင်းစုံ သုံးကာ လိုက်လံ ဖမ်းဆီး၊ သတ်ဖြတ်နေတာ ဖြစ်ပြီး တော်လှန်ရေးနယ်မြေရှိ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ ရဟန်းသံဃာတွေ၊ ပြည်သူတွေတွေကိုတော့ ထင်တိုင်းကျဲ သတ်ဖြတ်တာ ဖြစ်ပါတယ်။ အာဏာသိမ်းစ ကာလတွေအတွင်း အညာတခွင် စစ်ကြောင်းထိုး စီးနင်းကာ တွေ့သမျှလူ ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုဟာ ယခုနောက်ပိုင်း စစ်ရှုံးလို့ စစ်ကြောင်းမထိုးနိုင်တော့ချိန် လေကြောင်း ဗုံးကြဲတာတွေ ကျူးလွန်နေတာပါ။
ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆရာပွကြီးရဲ့ ဆေးရုံကိုလည်း စစ်အုပ်စုက အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်တာကြောင့် အကြိမ်ကြိမ် နေရာရွှေ့ပြောင်းကာ လက်ရှိမှာ ယာယီ တဲလေးတွေနဲ့ ဆေးကုသ ပေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆေးရုံက နေရာရွေ့ပေါင်း များနေပါပြီ”
ဆရာပွကြီးတို့ ဆေးရုံတွေ စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကြောင့် ပျက်စီးကာ အကြိမ်ကြိမ် နေရာ ရွှေ့ပြောင်း ခဲ့ရကြောင်း အထက်ပါ ဒေသခံအမျိုးသမီးက ပြောပြပါတယ်။
“ဆရာက စိတ်ထားကောင်းပြီး တာဝန်ကျေသူ တစ်ယောက်ပါ။ သတင်းပေးရှိတယ် ထင်ရတာပဲ အများစုကတော့ (အဲ့လိုထင်ကြတယ်)။ တိကျလွန်းတယ် (စစ်အုပ်စု ကြဲချတဲ့ဗုံးက) သူ ပုန်းနေတဲ့ ဗုံးခိုကျင်းထဲ တည့်တည့်ကျတယ်။ ဆရာရယ်၊ အလုပ်သင်လေးရယ် ပွဲချင်းပြီးပဲ။ ခြေပြတ်ကြီးးနဲ့ ဆွဲ ထုတ်ခဲ့ရတယ်။ မြင်ရတဲ့မြင်ကွင်းက အသည်းနာလွန်းပါတယ်။ ဗုံးခိုကျင်းက ပြိုကျပြီး ဖိနေတယ်လေ”
နိုဝင်ဘာ ၄ရက် ညပိုင်းက စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကောလင်းမြို့နယ် အရှေ့ခြမ်း လျှော်ဖြူကုန်း ကျေးရွာရှိ ပြည်သူ့ဆေးရုံကို ပစ်မှတ်ထားပြီး စစ်အုပ်စုက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသားညီညွတ်ရေး အစိုးရ – NUG၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကောလင်းမြို့နယ် ကျန်းမာရေး တာဝန်ခံ ဖြစ်သူ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခ) ဆရာပွကြီး၊ (၃၈ နှစ်) နဲ့ Grade 12 အောင်ပြီး ဆေးတက္ကသိုလ် တက်ဖို့ လျှောက်ထားဆဲဖြစ်သူ ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင် (၁၉ နှစ်)တို့ ကျဆုံးကာ နောက်ထပ် ကျန်းမာရေးဝန်ထမ်း ငါးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
အဲ့ဒီနေ့က ကောလင်းနယ် အရှေ့ခြမ်းမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ဆရာပွကြီးတို့ ဆေးရုံကို ဗုံးကြဲတာလို့ ဒေသခံတွေက ဆိုပါတယ်။

- ဆရာပွကြီးတို့ ဆေးရုံက ဒေသအတွက် ဘယ်လောက်အရေးကြီးသလဲ
ဆရာပွကြီးတို့ရဲ့ ဆေးရုံဟာ စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကြား အကြိမ်ကြိမ် နေရာပြောင်းရွှေ့ကာ ယာယီတဲတွေနဲ့ ကုသနေရပေမဲ့ ဆရာပွကြီးရဲ့ စေတနာထား ကုသပေးမှု၊ လူနာတွေအပေါ် အလေးထား ကျန်းမာရေး စောင့်ရှောက်ပေးမှု၊ စရိတ်စက သက်သာတာ၊ တခြား ဆေးရုံ ဆေးခန်း မရှိတာ၊ စတာတွေကြောင့် ဒေသခံတွေ အထူးအားကိုးအားထား ပြုနေရတဲ့ ဆေးရုံ ဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းနယ် အရှေ့ခြမ်းမှာ တည်ရှိတဲ့ ဆရာပွကြီးရဲ့ ဆေးရုံကို ကောလင်းနယ်ခံတွေ သာမက ကန့်ဘလူနဲ့ ကျွန်းလှနယ်က လူနာတွေလည်း ကုသကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာပွကြီးဟာ ခွဲစိတ်ဆရာဝန် ဖြစ်တာကြောင့် မီးဖွားမယ့် မွေးလူနာတွေ၊ အူအတက်ပေါက်လို့ ခွဲစိတ်ရမယ့် လူနာတွေ၊ စတဲ့ ခွဲစိတ်ရမယ့် လူနာတွေ အများအပြား လာရောက် ကုသကြပြီး ဆေးရုံ ဗုံးကြဲခံရတဲ့ ညကလည်း မွေးလူနာတွေ၊ ခွဲစိတ်ထားရတဲ့ လူနာတွေလည်း အများအပြား ဒဏ်ရာရကာ ဝရုန်းသုန်းကား ထွက်ပြေးကြရတယ်လို့ ဆိုပါတယ်။
“ဆရာတို့ ဗုံးခိုကျင်းမှာက သူံးယောက်ရှိတာ၊ တခြားလည်း ဒဏ်ရာတွေ ရကြတယ်။ ဆရာမတွေနဲ့ အလုပ်သင်တွေရော ဒဏ်ရာရကြတယ်လေ။ လူနာတွေနဲ့ လူနာစောင့်လေးတွေရောပဲ” လို့ ဆေးရုံ ဗုံးကြဲခံရတဲ့ ညက ကြုံရတဲ့အခြေအနေကို အထက်ပါ အမျိုးသမီးက ပြန်ပြောပြပါတယ်။
ဆရာပွကြီးတို့ ဆေးရုံဟာ ဒေသခံတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ ဆေးရုံ ဖြစ်တာကြောင့် ဆေးရုံဗုံးကြဲခံရကာ ဆရာပွကြီး ကျဆုံးရတာဟာ ကောလင်းနယ်သာမက ဒေသ တစ်ခုလုံးရဲ့ ကျန်းမာရေး အသက်သွေးကြောကို ဖြတ်တောက်ခံလိုက်ရသလို ဖြစ်ပြီး ဒေသအတွက် ကြီးမားတဲ့ ဆုံးရှုံးမယ်ဖြစ်တယ်လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။
“အားကိုးရဆုံး ဆရာတစ်ယောက် ကျသွားတာ ကောင်းကင်ပြိုသလို ခံစားရပါတယ်”
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုကတော့ အဲ့ဒီ ကောလင်းနယ်ရှိ ဆရာပွကြီးတို့ ဆေးရုံကို ဗုံးကြဲပြီးနောက် လူမှုကွန်ယက်တွေမှာ အကြီးအကျယ် အောင်ပွဲခံပါတယ်။
ကောလင်းနယ်၊ ပေပင်ချောင်နဲ့ လျှော်ဖြူကုန်းရွာကြား၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းအနီးမှာ တည်ရှိပြီး လူနာဆောင်ငယ် သုံးခု၊ နားနေဆောင်တွေနဲ့ ဗုံးခိုကျင်းတွေ ရှိတဲ့ ဆေးရုံကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပစ်မှတ်ကို တည့်တည့်ထိလို့ ရှစ်ဦး ပွဲချင်းပြီးသေကာ ၁၂ ဦး ကိုယ်လက်အင်္ဂါကျိုးပဲ့၊ နောက်ထပ် ၁၀ ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စုက နိုဝင်ဘာ ၄ရက်ညပိုင်း လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်း ဖြန့်ပါတယ်။
“NUG ဆေးရုံကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ရှင်းလင်း ပစ်ခတ်ရာ ရှစ်ဦး ပွဲချင်းပြီး၊ ၁၂ ဦး ဒန်းစီး၊ ၁ဝ ဦး ဒဏ်ရာရကာ ပဒတ်သိုက် ဆောက်တည်ရာမရဖြစ်နေ” လို့ စစ်လော်ဘီတွေက လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေအတွင်း ဆရာပွကြီးတို့ ဆေးရုံတွေကို အကြိမ်ကြိမ် ဗုံးကြဲစဉ်ကလည်း PDF စခန်းအဖြစ် အောင်ပွဲခံတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတဝန်းရှိ ဆေးရုံဆေးခန်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ရွာတွေကို ဗုံးကြဲပြီးတိုင်း PDF ရှိလို့ ဗုံးကြဲတယ် ဆိုပြီး ဝါဒဖြန့်လေ့ ရှိတယ်လို့ ကောလင်းနယ်ခံ တစ်ဦးက ပြောပါတယ်။
“ဒါကတော့ သူတို့ရဲ့ အမြဲသုံးနေကျ လိမ်ညာဝါဒဖြန့်မှုပါပဲ။ အဲဒီနေရာက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေတဲ့ သာမန် ဆေးရုံ သက်သက်ပါပဲ။ စစ်စခန်းတို့ ဘာတို့ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အရပ်သားဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အပြစ်လွတ်အောင် စစ်ရေးပစ်မှတ်လိုလို လုပ်ပြီး ဝါဒဖြန့်နေတာပါ”

- ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း စစ်အုပ်စုက ပစ်မှတ်ထားရန်ပြု
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ NUG ရဲ့ မြေအောက် ဆေးရုံကို စစ်အုပ်စုက တွေ့ရှိပြီးနောက် ဖောက်ခွဲဖျက်ဆီးခဲ့သလို မတ်လနဲ့ ဧပြီလက စစ်ကိုင်းတိုင်း ဘုတလင်နဲ့ မုံရွာမြို့နယ်အတွင်းရှိ ဆေးရုံတွေကို စစ်အုပ်စုက ဗုံးကြဲရာ ဆေးရုံတက်ရောက်နေတဲ့ လူနာတွေ ဒါဇင်ချီ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာလ အတွင်းကလည်း မန္တလေးတိုင်း မလှိုင်၊ တောင်သာနဲ့ ကျောက်ပန်းတောင်း နယ်အစပ်ရှိ ဆေးရုံကို စစ်အုပ်စုက ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်ကနေ ၂၀၂၆ စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက် စစ်အုပ်စုရဲ့ တိုက်ခိုက်မှု ၁,၉၇၇ ခု ရှိခဲ့ပြီး ဆေးရုံဆေးခန်းတွေ ထိခိုက်ပျက်စီးမှု ၅၂၁ ခု၊ ကျန်းမာရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှု ၁၇၆ ဦး၊ ကျန်းမာရေးဝန်ထမ်းတွေ ဖမ်းဆီးခံရမှု ၉၉၅ ဦး အထိ ရှိခဲ့တယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ကူညီနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Insecurity Insight ရဲ့ Global Health Map မှာ ဖော်ပြပါတယ်။
စစ်အုပ်စုဟာ အများပြည်သူ ဆေးကုသမှု ခံယူနေတဲ့ ဆေးရုံဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာ၊ Gyrocopter ယာဉ်တွေ၊ Paramotor စက်တပ် လေထီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး ဝေဟင်ကတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ စစ်ရာဇဝတ်မှုတွေကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က စတင်ပြီး ယခု ၂၀၂၆ ခုနှစ်တိုင်အောင် အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်နေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
“အကြမ်းဖက်စစ်အုပ်စုသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ ငါးနှစ်ခွဲကျော်ကာလ အတွင်း ဆေးရုံဆေးခန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင် ပစ်မှတ် ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်း စာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်” လို့ NUG က ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ရပ်တန်းက ရပ်ဖို့ NUG က ပြောပါတယ်။
ဒေါက်တာ ဇာနည်ထွန်း အပါအဝင် ကျဆုံးခဲ့တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အာဏာသိမ်း စစ်အုပ်စုနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့လည်း NUG က ဆိုပါတယ်။
ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်တာ၊ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်ပြီး အဲ့ဒီ ကျူးလွန်သူတွေကို သေဒဏ် ချရမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ CDM ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက ဒေါက်တာဇာနည်ထွန်း ကျဆုံးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ မျှဝေပါတယ်။
“ရှင်းရှင်းပြတ်ပြတ်ပါပဲ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ ဆရာဝန်၊ သူနာပြုကို သတ်တဲ့သူ စစ်ရာဇဝတ်ကောင် သေဒဏ်ပဲ”
စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်ခံနေရပေမယ့် အဲ့ဒီ အန္တရာယ်တွေ ကြားကပဲ အသက်ကို ပဓာနမထားဘဲ အများပြည်သူကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့အတူ လက်တွဲကာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်မယ် လို့လည်း NUG က ဆိုပါတယ်။
“အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိသည့်တိုင် ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒေသခံ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်”
- တော်လှန်ရေးနယ်မြေက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ
အညာ အပါအဝင် တော်လှန်ရေးနယ်မြေတွေရှိ ပြည်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ ခက်ခဲနေကြပါတယ်။ စစ်ဘေးရှောင်ရတာ၊ အိုးအိမ်မီးရှို့ ဖျက်ဆီးခံရတာ၊ ဗုံးကြဲခံရတာတွေ ကြုံနေရသလို ဆေးရုံဆေးခန်းတွေ ဖွင့်လှစ်လည်ပတ်နိုင်မှု မရှိတာ၊ ကျန်းမာရေး ဝန်ထမ်း ရှားပါးတာ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာ၊ စရိတ်စက ကြီးမြင့်တာတွေကြောင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု ရဖို့ ခက်ခဲနေကြတာပါ။
အဲ့ဒီ တော်လှန်ရေးနယ်မြေတွေထဲက ပြည်သူတွေကို CDM ကျန်းမာရေး ဝန်ထမ်းတွေက လက်လှမ်းမီ သလောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးနယ်မြေတွေရှိ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အဓိက ကြုံရတဲ့ အခက်အခဲကတော့ လုံခြုံရေး ဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်အုပ်စု လက်ချက်နဲ့ အချိန်မရွေး အသက် ပျောက်သွားနိုင်တယ်လို့ အညာမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေက မှတ်ချက်ပြုပါတယ်။
“ဆေးကုရတာ အကြီးမားဆုံးအခက်အခဲက လုံခြုံရေးပြဿနာပေါ့။ ဆေးရုံတစ်ခုဆို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ မိခင်နဲ့ ကလေးငယ်တွေရော သွေးတိုးရောဂါသည် ပြည်သူတွေကော ၁၅ယောက် လောက် သေဆုံးတယ်။ အရပ်သားဆေးရုံတွေ ပစ်မှတ်ထားတိုက်တာက တော်လှန်ရေးက ဘာမှ မဖြစ်ဘူးလေ။ ပြည်သူတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေ၊ မြွေကိုက် လူနာတွေ၊ နောက် လေဖြတ်တာလိုမျိုး အရေးပေါ်ရောဂါတွေ ဖြစ်တဲ့အခါ ဒုက္ခရောက်ကြတာပေါ့၊ နောက်တစ်ခု အခက်အခဲက ဆေးဝါး မရရှိမှု ဆိုတာထက် မလုံလောက်မှု ပြဿနာတော့ ရှိတာပေါ့။ အခမဲ့ ကုပေးတာဆိုတော့ ဆေးဝါး လိုအပ်မှုကလည်း ပိုမြင့်တယ်”လို့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အခမဲ့ ဆေးရုံဖွင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဒေါက်တာဇေလင်းမောင်က ပြောပါတယ်။
အများပြည်သူကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာမှာ လုံခြုံစိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေ ဖြစ်ဖို့ ပြီးခဲ့တဲ့ လတွေအတွင်း NUG က မြေအောက်ဆေးရုံတွေ အကောင်အထည် ဖော်ခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် နယ်မြေ အတိုးအဆုတ် လုပ်ရချိန် မြေအောက်ဆေးရုံ အစီအစဉ်ကလည်း အောင်မြင်မှု မရခဲ့ပါဘူး။

- အသက်နဲ့ရင်းပြီး ထွန်းလင်းပေးခဲ့တဲ့ မီးအိမ်ရှင်
ဆရာပွကြီး ခေါ် ဒေါက်တာဇာနည်ထွန်းကတော့ အသက်ကို ပဓာနမထားဘဲ ပြည်သူကို ကျန်းမာရေး စောင့်ရှောက်မှုပေးရင်း စစ်အုပ်စု လက်ချက်နဲ့ ကျဆုံးခဲ့ရပါပြီ။
ဆရာပွကြီး ကွယ်လွန်ချိန်မှာ လူမမယ် အမွာသားနှစ်ဦးနဲ့ ဇနီးသည်တို့ ကျန်ရစ်ခဲ့ပါတယ်။
စစ်အုပ်စုဟာ ဆရာပွကြီးတို့ ဆေးရုံကို ဗုံးကြဲပြီးနောက် နိုဝင်ဘာ ၅ရက်မှာလည်း ဆရာပွကြီးတို့ ဗုံးထိမှန်ထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ထပ်မံ ဗုံးကြဲခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေကြောင်းနဲ့ မကျေနပ်လို့ (နောက်ရက်) ညနေ ၄နာရီမှာ ကာမီကာစီ နှစ်ကြိမ် လာပစ်သေးတယ်။ ဆရာ့အလောင်း ကောက်နေသေးတယ် ထင်လို့နေမှာပါ” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့ကြားက အသက်ကို ပဓာဏ မထားဘဲ ပြည်သူကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တဲ့ ဆရာပွကြီးအတွက် လေးစား ဂုဏ်ပြုကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာန၊ CDM Medical Network၊ မန္တလေး ဆေးပညာမိသားစု – MFM (Mandalay)၊ စစ်ကိုင်းယူနစ်အစိုး၊ မကွေးယူနစ်အစိုးရ၊ မန္တလေးယူနစ်အစိုးရ စတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် အသီးသီး က ဖော်ပြကြပါတယ်။
“မမျှောင့်လင့်ဘဲ ကြွေလွင့်ခဲ့ရတဲ့ ဆရာပွကြီးအတွက် ဝမ်းနည်းရင်းနဲ့ပဲ ဆရာ့အတွက် ပြန်လည် လက်စားချေဖို့ ကျွန်တော် ဆက်လက်ကြိုးစားပေးပါ့မယ်လို့ ကတိပေးပါတယ်” လို့ NUG ကျန်းမာရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး၊ မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်လွင်က ဆိုပါတယ်။
အကြိမ်ကြိမ် ဗုံးကြဲခံနေရပေမယ့် ဆရာပွကြီးဟာ သူ့အသက်ထက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ ဒေသခံပြည်သူနဲ့ လူနာတွေရဲ့ အသက်ကို ပိုမို အလေးထားခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရလို့ ဆေးရုံပျက်စီး၊ လူတွေ သေဆုံးတာ ကြုံရပေမယ့် ဆရာပွကြီးဟာ နောက်ထပ် ယာယီတဲတွေ ဆောက်၊ နေရာ ရွှေ့ပြောင်းကာ ရနိုင်တဲ့နည်းနဲ့ ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သူ ဖြစ်တယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
“သူ့အသက်ထက် လူနာအသက်ကိုပဲ ဦးစားပေးတဲ့ ဆရာပါ”

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကောလင်းမီးအိမ်ရှင် #ဆရာပွကြီးခေါ်ဒေါက်တာဇာနည်ထွန်း



