စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကုန်းနဲ့ ဝေဘူလမြို့ကို စစ်အုပ်စုပြန်ထိန်းချုပ် ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ ဖလမ်းကို ဦးတည်စစ်ကြောင်းထိုး၊
တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ
ကိုသူ /MFP ၊ နိုဝင်ဘာ – ၁၀
ချင်းတော်လှန်ရေးတပ်တွေ နဲ့ စစ်အုပ်စုတပ်တွေ နှစ်ပတ်ခန့်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ တီးတိန်နဲ့ ဖလမ်းမြို့ယ်တွေမှာ စစ်ရေးအရအရေးပါတဲ့ ကနေဒီတောင်ကုန်းနဲ့ ဖလမ်းမြို့နယ် ဝေဘူလကို စစ်အုပ်စုတပ်တွေ ထိန်းချုပ်ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်က ချင်းပြည်နယ်ရဲ့ ဝင်ပေါက်လမ်းမကြီးတွေဖြစ်တဲ့ ကလေး -တီးတိန်- ဖလမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး – နတ်ချောင်း လမ်းကနေ ဖလမ်းမြို့နယ် ဝေဘူလမြို့ကနေ စစ်ကြောင်း တစ်ကြောင်း ၊တီးတိန်မြို့ပေါ်ကနေ တီးတိန်- ကလေး -ဖလမ်းလမ်းမကြီးကနေ စုစုပေါင်အင်အား ၇၀၀ ပါ စစ်ကြောင်းသုံးကြောင်းနဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်ဒီနေ့အထိ နှစ်ပတ်ခန့်အကြာ စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေ နဲ့ ချင်းတော်လှန်ရေးတပ်တွေက ကလေး – တီးတိန် လမ်းမကြီး တလျှောက်နဲ့ ကလေး – ဖလမ်း လမ်းမကြီး တလျှောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်တွေက ကနေဒီတောင်ကုန်းနဲ ဝေဘူလမြို့ကို ထိန်းချုပ်ကာ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကလေး – ဝေဘူလ လမ်းက ထိုးတဲ့ စစ်ကြောင်းက မနေ့ ညက ဗားရ် တံတားနားရောက်လာပြီ၊ အဲ့ ဒီမှာ လမ်းက ရွာ ည အိမ်ပြီး စစ်ကြောင်းထိုးတာ ။အဲ့ ဒီလမ်းကြောမှာ တိုက်ပွဲ ဖြစ်တယ်”
ကနေဒီတောင်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်ကြားမှာရှိပြီး ပေ ၈၀၀၀ ကျော်မြင့်သလို အဲဒီတောင်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ PDF-Zoland ကသိမ်းယူခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်က အသေအပျောက်များခဲ့ပြီး ကျန်ရှိနေသေးတဲ့ စစ်အုပ်စုတပ်က ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးနေပြီး မြို့အောက်ဘက်မှာ တည်ရှိတဲ့ ဗားရ်တံတားအနီးကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ နိုဝင်ဘာ ၉ ရက်နေ့ကလည်း သိုင်းငင်းရွာအနီးမှာ ချင်းတော်လှန်ရေးတပ်တွေက စစ်အုပ်စုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု ခုနစ်ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရခဲ့သလို ကနေဒီတောင်ကုန်းကို ထိန်းချုပ်ပြီးနောက် ဖလမ်းကို ဦးတည်စစ်ကြောင်းထိုးနေတယ်လို့ CDM -Siyin ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
“ဖလမ်းဘက်ကို ဦးတည်သွားတာ တီးတိန်ကလာတဲ့အဖွဲ့က အထိုင်ချတာရှိတယ်။ သိုင်းငင်းကို ထိန်းချုပ်ပြီးတော့ ဖလမ်းဘက်ကို ဦးတည်လာနေတယ်။ ကလေးဘက်က စစ်ကြောင်းကလည်း သိုင်းငင်းကို မနေ့ညနေကရောက်တယ်။ မိုင်းက သုံးနေရာ လောက်ခွဲတယ်။ အင်အားကများတော့ ခွာ ပေးလိုက်ရတာ “
ချင်းပြည်နယ်မှာတော့ နှစ်ပတ်ကျော် အကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု တပ်တွေကို ချင်းတော်လှန်ရေးတပ်တွေက ကလေး-တီးတိန်လမ်းမကြီး တလျှောက်နဲ့ ကလေး- ဝေဘူလမ်းမကြီး တလျှောက်မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်က ၅၀ ကျော် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်အုပ်စုတပ်တွေက ကလေးမြို့အထိုင်စခန်းတွေက စစ်အုပ်စုတွေကို တီးတိန်မြို့ပေါ်ကို လေကြောင်းနဲ့ အင်အားဖြည့်တင်းကာ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုး ဝင်ရောက်နေသလို တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ကျဆုံးထိခိုက်တာတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တီးတိန်တိုက်ပွဲက နှစ်ယောက် ကျတယ်၊ ထိခိုက်တာ များတယ် “
ချင်းပြည်နယ်အတွင်းက ဖလမ်းမြို့အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွားမြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့နဲ့ တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ဝေဘူလမြို့အပါအဝင် မြို့ငါး မြို့ကို စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



