မကွေးသတင်း

မြိုင်နယ်မှာ စစ်အုပ်စုက ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျေးရွာဆယ်ရွာခန့်က ဒေသခံအားလုံး စစ်ဘေးရှောင်နေရ

အီသာရမ်/MFP ၊ နိုဝင်ဘာ – ၁၄

မကွေးတိုင်း၊ မြိုင်နယ်‌ကို စစ်ကြောင်း‌ထိုး ရောက်‌ရှိနေတဲ့ စစ်အုပ်စုက ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီးနောက်မှာ ကျေးရွာဆယ်ရွာခန့်က ဒေသခံပြည်သူတွေအားလုံး နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က မြိုင်နယ်တောင်ပိုင်း အမှတ်-၂ အကြီးစားစက်မှုလုပ်ငန်းစက်ရုံကို ရောက်ရှိနေတဲ့စစ်အုပ်စုစစ်ကြောင်းက ရွာတန်းရှည်ကျေးရွာက ပြည်သူအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ နှိက်စက်သတ်ဖြတ်ခဲ့ပြီးနောက် ကျေးရွာတွေမှာ စစ်ဘေး‌မရှောင်ဘဲ ကျန်ခဲ့တဲ့ ပြည်သူတွေလည်း ထပ်မံစစ်ဘေးရှောင် ထွက်ပြေးနေကြပြီလို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖြစ်စဉ်ပြီး အကုန်ကြောက်သွားကြတာ၊ရွာတန်းရှည် အုပ်စုက အကုန်ရှောင်နေကြတာပေါ့၊အရင်ကသုံးဆယ်ရာခိုင်နှုန်းလောက်ရှောင်တာဆိုရင် အခုက အကုန်လုံးရှောင်ပြီး ရွာထဲတစ်ယောက်မှ မကျန်တော့ဘူး၊အခုထိရှောင်နေကြတုန်းပဲ”

စစ်အုပ်စုစစ်ကြောင်းက ရွာတန်းရှည်ကျေးရွာက ပြည်သူနှစ်ဦးကို စက်မှု-၂ ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ရက်မှာ ဝက်ပုတ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ရွာတန်းရှည်ရွာဒေသခံ နှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ ဓားနဲ့မျက်နှာတခုလုံးကို လှီးဖြတ်သတ်ဖြတ် သွားတာဖြစ်ပါတယ်။

ဒေသခံနှစ်ဦး သတ်ဖြတ်ခံလိုက်ရပြီး နောက်မှာ စက်မှု-၂ အနီးတဝိုက်ကကျေးရွာတွေဖြစ်တဲ့ ရွာတန်းရှည်ကျေးရွာ၊ချောင်းနားတိုက်ကျေးရွာ၊ဇီးတောတိုက်ကျေးရွာ၊မိတ္ထီလာကျေးရွာ၊ဆယ်ပြားကျေးရွာ၊စိုပြင်ကျေးရွာ၊ဖလန်ကန်ကျေးရွာ နဲ့ မြေရင့်ကျေးရွာစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ဝက်ပုတ်ကျေးရွာကို စစ်အုပ်စုစစ်ကြောင်းရောက်ရှိချိန်မှာ ဝက်ပုတ်ကျေးရွာဘုန်းကြီး‌အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က အလောင်းတစ်လောင်းကို ကျေးရွာနေအိမ်ထဲမှာ မီးရှို့ထားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းမှာပါလာတဲ့ ပြည်သူ့စစ်မှုထမ်းဥ‌ပဒေကြောင့် စစ်မှုထမ်းနေရတဲ့ တပ်သားထက်မြက်အောင်လည်း တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ချတိုက်ခိုက်ခဲ့တဲ့ဗုံးကြောင့် သေဆုံးခဲ့ပြီး အမိန်ပြန်တမ်းစာရွက်ကို တော််လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းတဲ့အချိန်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်အုပ်စုစစ်ကြောင်းက ထိခိုက်ဒဏ်ရာရသူတွေကို စက်မှု-၂ ကို ထမ်းစင်တွေနဲ့ခေါ်ဆောင်းသွားပြီး စက်မှု-၂ မရောက်ခင်မှာပဲ အလောင်းတချို့ကို လည်း ပစ်ထားခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းက အထိနာသွားတာကြောင့် စက်မှု-၂ ကနေ စ နိုဝင်ဘာ ၁၄ ရက်နေ့ ဒီနေ့ အထိ စစ်ကြောင်းပြန်မထွက်လာဘဲ လေကြောင်းပစ်ကူတွေအဖြစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မနေ့ညက ပခုက္ကူတပ်မ ၁၀၁ ကနေ စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုက လေကြောင်းကနေ‌ဗုံးကြဲတိုက်ခိုက်တာ‌နဲ့ မြေပြင်စစ်ကြောင်းပါ ရှိနေတာကြောင့် ဒေသခံပြည်သူတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button