စစ်ကိုင်းသတင်း

မုံရွာမှာ စစ်အုပ်စုက တစ်နေ့တည်း အလုပ်သွားအလုပ်ပြန် လူငယ် ၁၃ ဦးကို ဖမ်းဆီး ပေါ်တာဆွဲ၊

ဘဦး/MFP၊ ဒီဇင်ဘာ – ၇

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရှိ ကမ်းနားလမ်းနဲ့ နံချွန်ဆိပ်ကမ်းမှာ ဒီဇင်ဘာ ၆ရက် အလုပ်သွားအလုပ်ပြန် လူငယ် ၁၃ ဦးကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ နေ့စဉ်လိုလို လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်တာ၊ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မနေ့က မနက် ၁၀နာရီကစလို့ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ် ကျေးရွာတွေကနေ မုံရွာမြို့ပေါ် အလုပ်လာလုပ်တဲ့ လူငယ်တွေကို မြစ်ကမ်းတလျှောက်ကနေ စောင့်ဆိုင်းကာ ပေါ်တာဆွဲ ဖမ်းခေါ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နံချွန်ဆိပ်နားတဝိုက်နဲ့ ကမ်းနားလမ်းကို ပျောက်ကျားပုံစံမျိုးဆွဲတာ၊ ၁၀ ယောက်ကတော့ ဘယ်က မသိဘူး၊ သုံးယောက်ကတော့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးဖက်ကမ်းကနေ မုံရွာကို အလုပ်လာလုပ်တဲ့ လူငယ်တွေ ဖြစ်တယ်”

မုံရွာမြို့အဝင်အထွက်ဂိတ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို နေ့စဉ် ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲနေသလို မုံရွာမြို့တွင်း ရပ်ကွက်နဲ့ လမ်းဆုံလမ်းမတွေမှာလည်း စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လှည့်ပတ်ကာ နေ့ရောညပါ ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲနေတာလို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ အနေနဲ့ ပြန်လည် လွတ်မြောက်ဖို့ စစ်အုပ်စုကို ကျပ်သိန်းဆယ်ချီ၊ ရာချီ ပေးကာ ရွေးထုတ်ရပြီး စစ်အုပ်စုက တောင်းသလောက်ငွေ မပေးနိုင်ပါက စစ်သားသစ် စုဆောင်းခံရကာ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆီ ပို့လွှတ်ခံရပြီး အသေခံ စစ်သားအဖြစ် အသုံးချခံရတာ ဖြစ်တယ်လို့လည်း ကိုယ်တိုင်ကြုံရသူ မုံရွာမြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့မှာသာမက မုံရွာ – မန္တလေးကားလမ်းပေါ်က၊ စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရားရိတ်နဲ့ မန္တလေးမြို့အဝင် စစ်ကိုင်းတံတား နှာပေါက်မှာလည်း စစ်အုပ်စုက နေ့စဉ် လူငယ်တွေကို ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲနေတယ်လို့ ကိုယ်တိုင်ကြုံနေရသူ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုက စစ်သားသစ် စတင်စုဆောင်းတဲ့ ၂၀၂၄ မတ်လကနေ ၂၀၂၅ ဇူလိုင်လအထိ တစ်နှစ်ကျော်အတွင်း နိုင်ငံတဝှမ်းက လူငယ်၊လူရွယ် ၇၀,၀၀၀ ခန့် ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းခဲ့ပြီး စစ်မြေပြင် ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဇူလိုင် ၂၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့ပေါ် အိမ်စီးကားတွေ သုံးကာ ပြည်သူကို ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲနေတဲ့ စစ်အုပ်စု/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button