သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၃ ခုနဲ့ ပြင်ဆင်ဖွဲ့စည်း၊

ပြင်ဆင်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေမှာ လူသစ်မပါဘဲ လူဟောင်းတွေသာ ဆက်လက်ပါဝင်နေ၊

MN/MFP ၊ ဒီဇင်ဘာ – ၈

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ကို ဝန်ကြီးဌာန ၁၃ ခုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီဇင်ဘာလ ၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်တဲ့အာဏာကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရ”ကို ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲမှာ အရင်က ဝန်ကြီးဌာနငါးခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန တို့ကို လျှော့ချလိုက်တာဖြစ်ပြီး အဲဒီထဲက အလုပ်သမားဝန်ကြီးဌာနကိုတော့ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်ရေးရဲ့ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာထောက်ထားရေး ဝန်ကြီးဌာန အောက်မှာ ပူးတွဲထည့်သွင်းလိုက်တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အထဲမှာ ဒေါက်တာဇော်ဝေစိုးကို အသစ်ထပ်မံဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ထားပြီး အရင်က တာဝန်ယူခဲ့တဲ့ ကျန်းမာရေးဝန်ကြီးနေရာကိုတော့ ဒေါက်တာရွှေပုံကို တာဝန်ပေးအပ်လိုက်တာ တွေ့ရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယ သမ္မတ(ယာယီသမ္မတ) ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ဒေါက်တာဇော်ဝေစိုး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဦးရည်မွန် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာလျန်မှုန်းဆာခေါင်း ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ ဂျာထွယ်ပန် ပညာရေးဝန်ကြီးဌာန၊ ဒေါက်တာရွှေပုံ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေါက်တာတူးခေါင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဦးအောင်မျိုးမင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဦးသိန်းဦး တရားရေးဝန်ကြီးဌာန၊ ဦးစိုးသူရထွန်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့အတူ ဒုတိယဝန်ကြီး ၁၂ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာ ဖွဲ့စည်းခဲ့တဲ့ NUG အစိုးရအဖွဲ့ဟောင်းတွေအထဲမှာ တာဝန်ယူခဲ့ဖူးသူတွေဖြစ်တဲ့ ဒေါ်နော်ဆူဆန်နာလှလှစိုး၊ မအိသဥှာမောင်၊ ဒေါက်တာဆာဆာ၊ ဒေါ်ခင်မမမျိုး၊ ဦးထင်လင်းအောင်နဲ့ဦးမိုးဇော်ဦးတို့ကိုတော့ တာဝန်ပေးအပ်တာမျိုး မတွေ့ရသလို ဝန်ကြီးဌာန ၁၇ ခုကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာ ဝန်ကြီးဌာန ငါးခုကို လျှော့ချပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အသစ်တစ်ခုထပ်တိုးကာ စုစုပေါင်း ဝန်ကြီးဌာန ၁၃ ခုနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့စာရင်းမှာ ဝန်ကြီးဌာနတွေမှယ လုပ်ကိုင်ဆောင်ရွက်မဲ့ လူအသစ်ပါဝင်မှုမရှိဘဲ ထိရောက်တဲ့ပြောင်းလဲမှု မလုပ်ခဲ့တာကြောင့် နိုင်ငံရေးလေ့လာသူတွေက ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button