စစ်ကိုင်းသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပေး ရေကြည်ဦးရွာဂိတ်ကို စစ်အုပ်စုပိတ်လိုက်တာကြောင့် ကားအစီးရေ ထောင်ချီပိတ်မိ

နန်းယု/MFP၊ဒီဇင်ဘာ – ၁၁

စစ်ကိုင်းတိုင်း၊ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်အစပ်က ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ ရေကြည်ဦးရွာအနီးမှာ ဒီဇင်ဘာလ ၈ရက်မှာ စစ်အုပ်စုက ဖြတ်သန်းခွင့်ပိတ်လိုက်တာကြောင့် ကားတွေ ထောင်နဲ့ချီပိတ်မိနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကပြောပါတယ်။

မြန်မာပြည်အထက်ပိုင်းရဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ရေကြည်ဦးရွာမှာ စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အထိုင်စခန်းချခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် အတက်အဆင်းကားတွေကို ဖြတ်သန်းခွင့်ပိတ်လိုက်တာ ဖြစ်ပြီး ကားအစီးရေ ထောင်နဲ့ချီပိတ်မိနေတယ်လို့ ဆိုပါတယ်။

” စစ်အုပ်စုဘက်က ပိတ်တာပါ ကျနော်‌တို့ တော်လှန် ရေးအဖွဲ့တွေဘက်က ဖွင့်ပေးပါတယ်။ ဒီနေ့ထိ စစ်အုပ်စုဘက်က ပိတ်ထားတယ်။ စကမဘက်က ဘာကြောင့် ပိတ်တာလဲဆိုတာတော့ အတိ အကျ မ‌သိရသေးပါဘူး။ ကျနော့်အထင် သူတို့ကို တော် လှန်ရေးအင်အားစုဘက်က လာရောက်တိုက်ခိုက်မှာ စိုးရိမ်လို့ ပြည်သူကို ဒိုင်းကာ သဘောထားတယ်လို့ ယူဆရပါတယ်”လို့ ကန့်ဘလူပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ ကားတွေအထဲမှာ ခရီးသည်တင်ယာဉ်တွေ စက်သုံးဆီနဲ့ကုန်တင်ယာဉ်တွေပါဝင်ပြီး လူပေါင်းတစ်ထောင်ကျော်လောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကားလမ်းပိတ်တဲ့ ရက်ရှည်လာတာကြောင့် ကားတွေနောက်ကြောင်း ပြန်လှည့်လို့မရသလို ကားပေါ်ပါ ခရီးသည်တွေလည်း စားရေးသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာပါ အခက်အခဲကြုံနေရသလို လမ်းမပေါ်မှာ ဖြစ်သလိုညအိပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းတလျှောက်မှာ ရှိတဲ့ ခင်ဦးမြို့နယ်အစပ်၊ ကန့်ဘလူမြို့နယ် ဝင်ပေါက်ကနေ ကျွန်းလှမြို့နယ် မရောက်ခင် စံပါယ်နံ့သာကြား မိုင် ၃၀ ခန့်ရှိတဲ့ လမ်းကြောကို စစ်အုပ်စုက စိုးမိုးထိန်းချုပ်လိုက်တာကြောင့် ကန့်ဘလူမြို့နယ်က ရွှေဘို-မြစ်ကြီးနား လမ်းကြောတစ်ခုလုံးနီးပါးကို ဩဂုတ်လမှာ စိုးမိုးထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button