ဆောင်းပါး

ရွေးကောက်ပွဲ မဲမပေးတဲ့သူ ဖမ်းလို့ရသလား

ရေးသူ – ဖိုးချို (MFP)၊ အတွေးအမြင်ဆောင်းပါး၊

အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲမှာ မဲမပေးရင် ဘာဖြစ်မှာလဲ၊ အဖမ်းခံရမှာလား ဆိုတဲ့ စကားက ပြည်သူအချင်းချင်းကြား တိုးတိုးတိတ်တိတ် အမေးများနေတဲ့ မေးခွန်းပါ။ ရွေးကောက်ပွဲ မဲမပေးတာက ပြစ်မှုမြောက်သလား၊ မဲမပေးဘဲ နေခွင့်ရှိသလားဆိုတာ သင်ရော ဘယ်လို နားလည်ထားပါသလဲ။

စစ်အုပ်စု လက်ကိုင်ထား ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (တော်လှန်ရေး အင်အားစုတွေက ဖျက်သိမ်းပြီး) ပြဌာန်းချက်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာတော့ ရွေးကောက်ပွဲကို မဲမပေးတာက ပြစ်မှုမမြောက်၊ ဖမ်းလို့ မရပါဘူး။

၂၀၀၈ အခြေခံဉပ‌ဒေ အခန်း(၉)၊ ရွေးကောက်တင်‌မြောက်ခြင်း၊ ပုဒ်မ ၃၉၁။ (က) မှာ “ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်၌ အသက်(၁၈)နှစ် ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဉပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့် ရှိသည်”လို့ပဲ ပြဌာန်းထားပြီး မဲပေးရမယ်၊ ဒါမှမဟုတ် မဖြစ်မနေ မဲပေးရမယ်ဆိုတဲ့ ပြဌာန်းချက်မျိုး ထည့်သွင်းထားတာ မရှိပါဘူး။

ရွေးကောက်ပွဲမှာ မဲပေးတာ၊ မပေးတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ (၂၀၁၀)နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ(၂၀၁၀) တို့မှာလည်း တိတိကျကျ ပြဌာန်းထားပါတယ်။

“ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ‌ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းမှ နှုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွက် မဲပေးနိုင်သော အခွင့်အရေး၊ မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုသည်” လို့ အဲဒီ လွှတ်တော်ရွေးကောက်ပွဲ ဉပဒေ နှစ်ရပ်စလုံးရဲ့ အခန်း(၁) အမည်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ပုဒ်မ ၂။ (ဎ) မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မဲမပေးလို့ ဆိုပြီး ဖမ်းဆီးအရေးယူတာမျိုးကို ဘယ်သူမှ လုပ်လို့ မရပါဘူး။ ကိုယ်တိုင် မဟုတ်ဘဲ တခြားသူတစ်‌ယောက်ကို မဲပေးခိုင်းတာ၊ မဲမပေးဖို့ တိုက်တွန်းနှိုးဆော် ခြိမ်း‌ခြောက်တာမျိုးကသာ ဉပဒေအရ အရေးယူခံရနိုင်တာ ဖြစ်ပါတယ်။

ဒီဥပဒေ ပြဌာန်းချက်တွေအရ ရွေးကောက်ပွဲ မဲမပေးတာဟာ ပြစ်မှုမဟုတ်ဘဲ ရွေးကောက်ပွဲကို မဲမေးပါ၊ မပေးပါနဲ့လို့ ခြိမ်းခြောက်ဖိအားပေး ခိုင်းစေတာကသာ ပြစ်မှုဖြစ်ပါတယ်။

စစ်အုပ်စုက လက်ကိုင်ထား ကျင့်သုံးမယ်လို့ ဆိုထားတဲ့ ပြည်သူ့လွှတ်‌တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၁) ပုဒ်မ ၅၈(င) အရ “ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို   လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးသော်‌လည်းကောင်း၊ ဆန္ဒမဲပေးခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်” မယ် ဆိုရင် ခြိမ်းခြောက်သူ အပြင် အားပေးကူညီသူကိုပါ တစ်နှစ်ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိ အာဏာသိမ်းကာလမှာ အထက်ပါ ပြောခဲ့တဲ့ ဥပဒေတွေက အသက်ဝင်ရဲ့လားလို့ မေးလာခဲ့ရင်တော့ စစ်အုပ်စုက အဲ့ဒီ ဥပဒေတွေအရ လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်နေတာမို့ အသက်ဝင်ပါတယ်။

ဒီနေရာမှာ ထောက်ပြစရာရှိတာက “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” ဆိုတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကမှ စစ်အုပ်စု ထုတ်ပြန်လိုက်တဲ့ “ရွေး/ကာ” ဥပဒေပါ။ အဲ့ဒီ ဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်လို့ လိုသလို အဓိပ္ပာယ်ဖွင့်ပြီး စစ်အုပ်စုက ဖမ်းဆီးထောင်ချတာမျိုး လုပ်နိုင်ပေမယ့် အခြေခံဥပဒေ ပြဌာန်းချက်ကို ကျော်လွန်ပြီး မဲမပေးတာကြောင့်တော့ ဖမ်းဆီးထောင်ချလို့ မရနိုင်ပါဘူး။

ပြောလို့သာ ပြောရတာပါ။ စစ်အုပ်စုက လုပ်မဲ့ ရွေးကောက်ပွဲကို ဘယ်နေ့ လုပ်မယ်၊ ဘယ်လိုတွေ လုပ်မယ်ဆိုတာ မြို့၊ရွာ ရပ်ကွက်ထဲနေ ပြည်သူတွေက သိတောင်မသိကြသလို စိတ်ဝင်စားမှုလည်း မရှိကြပါဘူး။

ပြည်သူက စိတ်ဝင်စားမှု မရှိတာကို သိနေတဲ့ စစ်အုပ်စုကတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးဖို့ ခြိမ်းခြောက်ဖိအားပေးတဲ့ လုပ်ရပ်တွေ နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်။

ဥပဒေအရ ဘယ်လိုပဲ ပြဌာန်းထားပေမဲ့ စစ်အုပ်စုဟာ သူတို့ မဲရဖို့အတွက် မဲဆန္ဒရှင်ပြည်သူကို ခြိမ်းခြောက်ဖိအားပေးတာ၊ အကြပ်ကိုင်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်အုပ်စု လက်အောက်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြတဲ့ Non CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့ စစ်အုပ်စုက ခြိမ်းခြောက်အကြပ်ကိုင်ပြီး မဲမပေးဘူးဆိုရင် CDM အဖြစ် သတ်မှတ် အရေးယူကာ နယ်ဘက်ဒေသတွေဆီ ပြောင်းရွှေ့မယ်လို့ ဌာနတွင်း ခြိမ်းခြောက် ဖိအားပေးတယ်လို့ ဝန်ထမ်းတချို့က ပြောပါတယ်။

အဲ့ဒီလို မဲပေးဖို့ ခြိမ်းခြောက်တဲ့စာကို ဌာနတွင်း လျှို့ဝှက်အဖြစ် ထုတ်ပြန်ထားတာဖြစ်ပြီး စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် မျိုးအောင် က ခိုင်းစေညွှန်ကြားတာလို့ ဆိုပါတယ်။

အဲ့ဒီ ဝန်ကြီးချုပ်ဆိုသူက ဝန်ထမ်းတွေကို ရွေးကောက်ပွဲ မဲစာရင်းပါဖို့၊ မဲပေးဖို့ နှုတ်မိန့်နဲ့ ခိုင်းစေ ညွှန်ကြားတာတွေကို သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းအကြီးအကဲတွေက ရုံးတွင်းလျို့ဝှက် အနေနဲ့ ရွေးကောက်ပွဲကာလ မတိုင်ခင် နိုဝင်ဘာကတည်းက ဌာနတွင်းဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာလည်း စစ်အုပ်စု လက်နက်ကိုင်နဲ့ စစ်အုပ်စု လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေက မဲစာရင်း စစ်တယ်လို့ အကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး ရွေးကောက်ပွဲမှာ မဲထည့်ဖို့နဲ့ မဲမထည့်ရင် ပေါ်တာဆွဲ စစ်မှုထမ်းထည့်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။

မန္တလေးမြို့ပေါ်မှာကိုပဲ အောင်မြေသာစံမြို့နယ်ထဲက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်မှာ စစ်အုပ်စုခန့် ရပ်ကွက်ရာအိမ်မှူးနဲ့ အပေါင်းအပါတွေက ရပ်ကွက်ထဲရှိ အိမ်ထောင်စုစာရင်း အမည်ပေါက်သူတွေ အနေနဲ့ ဒီဇင်ဘာ ၂၈ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံကို မဲလာပေးဖို့၊ မဲစာရင်း နံပတ်မသိ၊ မဲလာမပေးရင် ဖမ်းပြီး ငွေဒဏ်နဲ့အတူ ထောင်ပါ ချမယ်လို့ လိုက်လံ ခြိမ်းခြောက်နေတယ်လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ တစ်ခုဖြစ်တဲ့ VoMdy က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးဖို့ ခြိမ်းခြောက်ခိုင်းစေသူတွေထဲမှာ အောက်ခြေ ရပ်၊ကျေးအဆင့်တင် မဟုတ်ဘဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ ကိုယ်တိုင်လည်း ပါဝင်ပါတယ်။

ပြည်သူတွေက အကြောက်တရားကြောင့် မဲပေးဖို့၊ မဲမပေးဖို့ ဒွိဟဖြစ်နေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် နှစ်ယောက်က တစ်ယောက်တစ်ပေါက် ပြောဆိုကာ မဲပေးဖို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲပေးခြင်း၊ မပေးခြင်း က မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒသာဖြစ်တယ်လို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြောင်း ဒီဇင်ဘာ ၁၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

စစ်ခေါင်းဆောင် စိုးဝင်း ကတော့ လူငယ်တွေနဲ့ ပြည်သူတွေကို ရွေးကောက်ပွဲ မဲသွားပေးဖို့ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်က မြစ်ကြီးနားမြို့မှာ လုပ်တဲ တွေ့ဆုံပွဲတွေမှာ အမိန့်ပေးခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

စိုးဝင်းရဲ့ မြစ်ကြီးနား ခရီးစဉ်အပြီးမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်အုပ်စု လက်အောက်ခံ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို အစည်းအဝေးခေါ်ကာ ရုံးတွင်းညွှန်ကြားချက်စာတွေနဲ့ ရွေးကောက်ပွဲ မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက် အကြပ်ကိုင်မှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါပဲ။

စစ်ခေါင်းဆောင် နှစ်ယောက် က မဲပေးဖို့၊မပေးဖို့ ပြောတဲ့ကိစ္စမှာ ပြောပုံ၊ဆိုပုံ ကွဲလွဲပေမယ့်လည်း စစ်တပ်နဲ့ နီးစပ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဖြစ်မနေ မဲထည့်ဖို့ ပြောဆိုခဲ့တာပါ။ ဒါဟာ စစ်ယူနီဖေါင်းချွတ် ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ ခြိမ်းခြောက် အမိန့်ပေးတာနဲ့ အတူတူပါပဲ။

ရွေးကောက်ပွဲမှာ မဲသွားထည့်မယ်၊ မထည့်ဘူး ဆိုတာက ပြည်သူတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ ရွေးချယ်ခွင့် ဖြစ်ပါတယ်။ မဲမပေးသူကို ဖမ်းမယ်၊ အရေးယူ မယ်ခြိမ်းခြောက်တာက နိုင်ငံသား အခွင့်အရေးကို လစ်လျှုရှု့ကာ စစ်အုပ်စုက သူတို့ စိတ်ကြိုက်ပြင်ထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာပါပဲ။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖြန့်ဝေခွင့် အပါအဝင် ၂၀၀၈ အခြေခံ ဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေကို ရုပ်သိမ်းထားပေမဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့မှ မဖြစ်မနေ မဲပေးရမယ်ဆိုတာမျိုး ဥပဒေနဲ့ ကိုင်ပေါက်ကာ အသုံးချ လာတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ စံနှုန်းအရ ရွေးကောက်ပွဲမှာ မဲပေးတဲ့ ရာခိုင်နှုန်းများလေလေ၊ တရားဝင်မှုမြင့်လေလေ ဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စုကလည်း သူတို့ လုပ်တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဘယ်လောက် ရာခိုင်နှုန်းက မဲပေးတယ်ဆိုတာမျိုး နိုင်ငံတကာကို ကြွားဝါးဖို့နဲ့ သူတို့ကို လူထုက ထောက်ခံမဲပေးကြောင်း ပြသနိုင်ဖို့ ဆင်ကြံကြံကာ အခုလို သေနတ်နဲ့ထောက်ပြီး ရွေးကောက်ပွဲ မဲရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ရေးအရ ဆုံးရှုံးပြီး နယ်မြေစိုးမိုးနိုင်မှု မရှိတာကြောင့် စစ်အုပ်စု အနေနဲ့ သူတို့ ဂွင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပနိုင်တာတော့ မရှိပါဘူး။

တနိုင်ငံလုံးအတိုင်းအတာအရ မဲဆန္ဒနယ် မြို့နယ် ၃၃၀ ရှိတဲ့အနက် စစ်အုပ်စု အနေနဲ့ ၂၆၅ မြို့နယ်သာ ရွေးကောက်ပွဲ လုပ်နိုင်‌မှာ ဖြစ်ပြီး အဲ့ဒီ မြို့နယ် ၂၆၀ ကျော်မှာလည်း လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းပြည့်အောင်ပင် မဲပုံးထောင်နိုင်မယ့် အခြေအနေ မရှိပါဘူး။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို တစ်နေ့တည်း၊ တပြိုင်တည်း မလုပ်နိုင်ဘဲ အပိုင်းသုံးပိုင်း ခွဲကာ တစ်လကြာ အချိန်ယူ လုပ်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်မှာ အပိုင်း (၁) အဖြစ် ၁၀၂ မြို့နယ်၊ ၂၀၂၆  ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း (၂) အဖြစ် မြို့နယ် ၁၀၀ နဲ့ ဇန်နဝါရီ ၂၅ ရက်မှာ အပိုင်း(၃) အဖြစ် ၆၃ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံရေးအရ အသက်ရှုချောင် ထွက်ပေါက်ရဖို့ အကွက်ကျကျ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိုနိင်ဘူး နိုင်ငံတကာကအသိုင်းအဝိုင်းက ဝေဖန်ပါတယ်။ စစ်အုပ်စုကတော့ ရွေးကောက်ပွဲကို တရုတ်၊ ရုရှား အားကိုးနဲ့ မဖြစ်မနေ လုပ်နေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲနဲ ပတ်သက်ပြီး “မြန်မာနိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ အခင်းအကျင်းတွေ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ရွေးကောက်ပွဲဟာ အဖြေရဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ပြဿနာရဲ့ အစိတ်အပိုင်း ဖြစ်သွားနိုင်တယ်” လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကို နိုင်ငံတကာက မထောက်ခံတာ၊ အသိအမှတ်မပြုတာနဲ့ ပတ်သက်လို့ စစ်အုပ်စု ပြန်ကြားရေး တာဝန်ခံ ဇော်မင်းထွန်း ကတော့ ဒီဇင်ဘာ ၁၄ ရက် က ရန်ကုန်မှာ ပြုလုပ်တဲ့ ကျားဖျန့် သတင်းစာရှင်းလင်းပွဲမှာ အခုလို အထေ့အငေါ့ စကားဆိုပါတယ်။

“မြန်မာနိုင်ငံမှာ အစိုးရပေးဖို့လုပ်တာ၊ အင်တာနေရှင်နယ်မှာ အစိုးရပေးဖို့ လုပ်တာမဟုတ်ဘူး၊ မြန်မာလူထု မဲပေးဖို့ပဲ အရေးကြီးတယ်၊ နိုင်ငံတကာက ကျေနပ်တာ၊ မကျေနပ်တာ အရေးမဟုတ်ဘူး”

ဇော်မင်းထွန်းပြောသလိုပါပဲ ဘယ်သူကျေနပ်နပ်၊ မကျေနပ်နပ် သူတို့ လုပ်မဲ့ ရွေးကောက်ပွဲကတော့ အထမြောက် အောင်မြင်ဖို့ ရှိနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေရဲ့ အားနည်းချက်ကြောင့် မဲပုံးထောင်နိုင်ပြီး လူတစ်ယောက်က မဲပေးရင်ပဲ အဲ့ဒီ ရွေးကောက်ပွဲက အောင်မြင်တဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။

အဲ့ဒီ ဥပဒေရဲ့ အားနည်းချက်ကို ကိုင်ပြီးတော့ပဲ ရွေးကောက်ပွဲမှာ လူဘယ်လောက်က မဲပေးရမယ်ဆိုတာ မရှိတဲ့အတွက် ရတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်ခေါ်ကာ အစိုးရအဖွဲ့ဖွဲ့မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်မှာ လုပ်တဲ့ စစ်အုပ်စု အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဘယ်လိုပဲ အကွက်ချစီစဉ်ထားပေမယ့် ပြည်ပရောက်မြန်မာတွေကတော့ စစ်အုပ်စု ရွေးကောက်ပွဲကို No ဆိုတဲ့ အဖြေပေးလိုက်ကြပါပြီ။

ကမ္ဘာ့နိုင်ငံ ၅၀ မှာ ရှိတဲ့ စစ်အုပ်စု လက်အောက်ခံ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနဲ့ ကောင်စစ်ဝန် ရုံးတွေမှာ မဲရုံးတွေ ဖွင့်လှစ်ပြီး ဒီဇင်ဘာ ၆ရက်နဲ့ ၇ရက်တွေအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်ဆန္ဒမဲ ကောက်ခံခဲ့ရာ ကြိုတင်မဲပေးခဲ့သူ ၅၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ မဲပေးသူ ၅၀၀၀ ဝန်းကျင်မှာ အများစုက စစ်အုပ်စု လက်အောက်မှာ လုပ်ကိုင်နေတဲ့ သံရုံး၊ စစ်သံရုံး၊ ကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံး ဝန်ထမ်းနဲ့ မိသားစုတွေ ဖြစ်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ခြောက်သန်းကျော် ရှိတဲ့အနက် စစ်အုပ်စု ရွေးကောက်ပွဲအတွက် ၂၄၉ မဲ သာ ရရှိခဲ့တာပါ။

ပြည်ပရောက် မြန်မာတွေကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိကြောင်း ကမ္ဘာကို သတင်းစကား ပါးလိုက်ပါပြီ။

ရွေးကောက်ပွဲမှာ မဲပေးခြင်း ၊ မပေးခြင်း ဆိုတာက ပြည်သူတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးပါ။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်တယ်လို့ ယုံကြည်ရင်၊ အနာဂတ်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ ယုံကြည်ရင် လူတွေ မဲရုံကို ရောက်လာမှာပါ။

မြန်မာနိင်ငံက မြို့နယ်တချို့မှာတော့ မနက်ဖန်ဆိုရင်ပဲ စစ်အုပ်စု ရွေးကောက်ပွဲ မဲရုံတွေ စဖွင့်ပါတော့မယ်။ သင်ရော မဲပေးမှာလား၊ မပေးဘူးလား။

ပုံစာ – မန္တလေးမြို့ရှိ အလုပ်ရုံတစ်ခုမှာ နိုဝင်ဘာလအတွင်းက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အဖွဲ့က ရွေးကောက်ပွဲအတွက် မဲဆွယ်နေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button