စစ်ကိုင်းသတင်း

ရွေးကောက်ပွဲကျင်းပနေချိန် ဘုတလင်မြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်၊

MN/MFP ၊ ဒီဇင်ဘာ – ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုအထိုင်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘုတလင်မြို့ပေါ်မှာရှိတဲ့ စစ်အုပ်စု ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အထက်တန်းကျောင်းစတဲ့ နေရာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက မြေပြင်စစ်ကူစစ်ကြောင်းအပါဝင် Y-12 ဘက်စုံသုံးလေယာဉ်၊ စက်တပ်လေထီး ပါရာမိုတာနဲ့ ဂျိုင်ရိုကော်ပတာ စတဲ့ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲပစ်ကူပေးခဲ့တာကြောင့် နှစ်ဘက်အကျအဆုံး ရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“ဘုတလင်တိုက်ပွဲက ရဲစခန်း၊ ထွေအုပ်၊ အထက အကုန်လုံးကို တပြိုင်နက် ဝင်ရောက်စီးနင်းတာ။ အကုန်လုံးကို ကျွန်တော်တို့ဘက်က ယာယီစိုးမိုးနိုင်ခဲ့တာပေါ့။ သူတိုဘက် လေကြောင်းကတော့ ပါရာမိုတာနဲ့ Y-12 နဲ့ တိုက်ခိုက်တာတွေ လုပ်တယ်။ ဂျိုင်ရိုကော်ပတာနဲ့ ကြဲလို့ PDF သုံးယောက် ကျတယ်။ မြို့သိမ်းတိုက်ပွဲမှာက သုံးယောက်ကျတယ်။ စစ်ကောင်စီဘက်ကတော့ ထနောင်းကိုရွာဘက်ကို မြေပြင်စစ်ကြောင်းလာတာက ၁၅ ယောက်လောက် သေတယ်”

တိုက်ပွဲအခြေအနေနဲ့အသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပေးမယ်သွားမယ်လို့ သူကဆိုပါတယ်။

မနေ့က ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ မနက် ၅ နာရီကနေ နေ့လယ်၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က စက်တပ်လေထီးပါရာမိုတာနဲ့ ရှစ်ကြိမ်၊ ဂျိုင်ရိုကော်ပတာနဲ့ ခြောက်ကြိမ်၊ Y-12 ဘက်စုံသုံးလေယာဉ်နဲ့ ရှစ်ကြိမ် စုစုပေါင်း ၂၂ ကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တစ်ဆက်ထဲမှာပဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့အတွင်းက အရပ်သားတွေနေထိုင်နေတဲ့ နေအိမ်တွေနဲ့အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူတချို့ ထိမှန်ဒဏ်ရာရခဲ့တာတွေလည်း ရှိနေပါတယ်။

ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ မြေပြင်စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ သေဆုံးထိခိုက်များတာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့လဲ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button