စစ်ကိုင်းသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဘုတလင်မြို့ကို စစ်အုပ်စုတပ် အဝင်အထွက်ပိတ်ထားတာကြောင့် မြို့ခံတွေပိတ်မိ၊တိုက်ပွဲအတွင်း စစ်အုပ်စု ၁၅ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေး ရဲဘော် ခြောက်ဦးကျဆုံး၊

MN/MFP ၊ ဒီဇင်ဘာ – ၃၁

အတုအယောင် ရွေးကောက်ပွဲပြုလုပ်နေတဲ့ ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့ပေါ်က စစ်အုပ်စု ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတဲ့နေရာအပါဝင် အထိုင်စခန်း လေးခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေးရဲဘော် ခြောက်ဦးကျဆုံးခဲ့ပြီး မြို့ကိုယာယီထိန်းချုပ်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဘုတလင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ရက်ကြာ ယာယီထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်အုပ်စု မြေပြင်စစ်ကူနဲ့ လေကြောင်းကဗုံးကြဲတာ ခဲယမ်းလိုအပ်ချက်ရှိလာတာတွေကြောင့် ပြန်လည်ဆုတ်ခွာထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဘုတလင်မြို့ပေါ်မှာရှိနေတဲ့ စစ်အုပ်စုတပ်တွေနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပူးပေါင်းပြီး မြို့အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ဘုတလင်မြို့ကိုပါ စစ်အုပ်စုက အဝင်အထွက်ပိတ်ဆို့ထားတာကြောင့် မြို့ခံပြည်သူတွေ ပိတ်မိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြို့ပြင်မှာ သိပ်မရှိတော့ပါဘူး။ အခု မြို့ထဲမှာရှိတဲ့ စစ်ကြောင်းနဲ့ မြို့ပြင်မှာရှိတဲ့ စစ်ကြောင်းပေါင်းပြီးတော့ မြို့အရှေ့ဘက်က သပြေပင်ရွာဘက်ကို စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲအတွင်းမှာ မြို့ထဲက ပြည်သူအချို့လည်း ထိခိုက်သေဆုံးတယ်လို့တော့ ကြားရတယ်။ အရေအတွက်တော့ မသိရသေးဘူး။ အခုလည်း စကစဘက်က မြို့ထဲက ပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘူး။ မြို့အဝင်အထွက် ပိတ်ထားတော့ မြို့ထဲမှာက ပြည်သူတွေ ဒီနေ့ထိ ပိတ်မိနေတာ။ စစ်ကြောင်းအတွင်းမှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေလည်းရှိသေးတယ်”

လက်ရှိမှာ စစ်အုပ်စုက ဘုတလင်မြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဒေသခံအချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာရှိပေမဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် မုံရွာ-ဘုတလင် လမ်းဘေးဝဲယာနဲ့ ဘုတလင်မြို့အနီးက သပြေပင်၊ ရွှေတောင်၊ သမန်းတော၊ ရွာရှည်(အရှေ့၊အနောက်)၊ နေပူကုန်း၊ လွှဲတဲ၊ ကျီးပင်ချောင်၊ ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ မှန်တော၊ ကံသစ်ရွာမ၊ ကံသစ်(အရှေ့၊အနောက်)၊ ထနောင်းကုန်း၊ ဇီးတော(အရှေ့၊အနောက်) စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ မြေပြင်စစ်ကူပို့ရာမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပို့ဆို့ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်အုပ်စုက စက်တပ်လေထီးပါရာမိုတာနဲ့ ရှစ်ကြိမ်၊ ဂျိုင်ရိုကော်ပတာနဲ့ ခြောက်ကြိမ်၊ Y-12 ဘက်စုံသုံးလေယာဉ်နဲ့ ရှစ်ကြိမ် စုစုပေါင်း ၂၂ ကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေ ပြောဆိုထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက မြေပြင်စစ်ကူအပါဝင် လေကြောင်းက အဆက်မပြတ် ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ကြားကနေ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်အုပ်စု စခန်းတွေကို တစ်ရက်ကြာ ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ လေကြောင်းက အဆက်မပြတ်ဗုံးကြဲတာနဲ့ ခဲယမ်းလိုအပ်ချက်တွေ ရှိနေတာကြောင့် လက်ရှိမှာ မြို့ပြင်ကနေ ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းက ဒီကနေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ဘုတလင်မြို့သိမ်း တိုက်ပွဲအတွင်းမှာ PDF ရဲဘော် သုံးဦးနဲ့ စစ်ကူလာတဲ့ မြေပြင်စစ်ကြောင်းကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ရာမှာ ရဲဘော် သုံးဦး စုစုပေါင်း ရဲဘော်ခြောက်ဦး ကျဆုံးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဘုတလင်မြို့သိမ်းတိုက်ပွဲအတွင်းမှာ မုံရွာခရိုင် ကွပ်ကဲရေးမှူး အပါဝင် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ Burma Army(B.A) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖနဲ့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့တွေ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button