စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဆားလင်းကြီးနယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ဆရာဝန်တစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံး၊

သုထက်/MFP၊ ဇန်နဝါရီ – ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မတောင့်တရွာ တိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် ဒီကနေ့ မွန်းလွဲ ၂နာရီခွဲအချိန် အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပရာ (Gyrocopter) နဲ့ ဗုံးကြဲ သတ်ဖြတ်တာကြောင့် ဆရာဝန် တစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး နေရာတင် ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မုံရွာမြို့ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဂျိုင်အိုကော်ပရာနဲ့ တိုက်နယ်ဆေးရုံကို အကြောင်းမဲ့ လာရောက် ဗုံးကြဲသတ်ဖြတ်တာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ဆေးရုံအတွင်းရှိနေတဲ့ ဆရာဝန်နဲ့ ဆေးရုံထမင်းချက်အကူ အမျိုးသားနှစ်ဦးတို့ သေဆုံးတာလို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“ဆေးရုံကို ချမယ် မထင်ဘူး။ ပေါက်နယ် သွားမယ်ထင်တာ။ နမခက လာတာက ဂျိုင်အို သုံးစီး၊ နှစ်စီးက ပေါက်နယ်သွားပြီး တစ်စီးက ဆေးရုံကို ချသွားတာ”

စစ်အုပ်စုက ဗုံးကြဲသတ်လို့ သေဆုံးသူ ဆရာဝန်ဟာ အသက်၄၀ ဝန်းကျင်အရွယ် ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါး ကုသမှု ပေးနေတဲ့ ဆရာဝန်ဖြစ်ကာ ဒေသတွင်း လူချစ်လူခင်ပေါများသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဆေးရုံကို အဓိကပစ်မှတ်ထားပြီး ၁၂၀ မမ လက်နက်ကြီးနှစ်လုံး ကြဲချခဲ့ရာ ဆေးရုံးအတွင်း စားဖိုဆောင်အနီး တစ်လုံး၊ ဓာတ်ခွဲခန်းအနီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ နမခ ကနေ တက်လာတဲ့ ဂျိုင်အိုကော်ပရာ၊ ပါရာမော်တာတွေနဲ့ အဲ့ဒီ ဆေးရုံကို ဖြတ်ကာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့၊ရွာတွေကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၄ရက် မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်း ဆားလင်းကြီးမြို့နယ်ကို ဖြတ်ကာ ဂျိုင်အိုကော်ပရာ သုံးစီးနဲ့ ပါရာမော်တာ ငါးစီးနဲ့ မကွေးတိုင်းက မြို့၊ရွာတွေကို သွားရောက် ဗုံးကြဲခဲ့တယ်လို့ ဆားလင်းကြီးနယ်ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဆားလင်းကြီးနယ် အပါအဝင် နိုင်ငံတဝန်းရှိ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေနဲ့ အများပြည်သူ စုဝေးလေ့ရှိတဲ့ နေရာတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ ကလေးသူငယ် ၃၀ ကျော် အပါအဝင် အရပ်သား ပြည်သူ ၁၃၀ ဦး သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ကာ အရပ်သား ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။

ဆားလင်ကြီးမြို့နယ် မတောင့်တတိုက်နယ်ဆေးရုံကို ပြီးခဲ့တဲ့ နှစ်အတွင်းက တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button