ဆောင်းပါး

ငလျင်ကြောင့် အမောဆို့သွားတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ

ဂျီဂျီ/MFP၊ ဆောင်းပါး

အလုပ်ရုံတည်ဆောက်လိုက်လို့ ငွေမော၊ လူမော ဖြစ်ခဲ့ရပြီး အမောမပြေခင်မှာဘဲ နောက်ထပ် အမောဆို့စရာ အဖြစ်အပျက်နဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ကိုသက်(အမည်လွှဲ) က ပြောပါတယ်။

အကြောင်းရင်းကတော့ မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ပြင်းအား ၇ ဒဿမ ၇ ရစ်ခ်တာစကေး အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ကိုသက်ရဲ့ အလုပ်ရုံသစ် ပြိုပျက်ခဲ့ရတာပါ။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း – MSME လုပ်ငန်းရှင် ကိုသက်ဟာ စီးပွားရေးလောကမှာ ဆယ်စုနှစ်တစ်ခုအကြာ ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့နောက် နေရာငှားပြီး အလုပ်ရုံတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ သူ့ရဲ့အလုပ်ရုံကနေ နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ကာ ထပ်မံပြီး အဆင့်မြှင့်တင် တိုးချဲ့ဖို့ စက်ပစ္စည်းတွေ အသစ်ဝယ်ထားပြီးဖြစ်သလို ကုန်ပစ္စည်းအသစ်တွေ ထပ်မံ ထုတ်လုပ်ဖို့ကိုလည်း ရည်ရွယ်ထားခဲ့တာပါ။

“ဝန်ထမ်းတွေ ထမင်းစားနားချိန်ဖြစ်တော့ ဝန်ထမ်းတွေက (အသက်ဘေးအန္တရာယ်) လွတ်တယ်။ စက်ရုံကတော့ အကုန်လုံးဆုံးရှုံးသွားတာ”လို့ ငလျင်ဘေး ကြုံခဲ့ရတဲ့ အခြေအနေကို ကိုသက်က ပြန်ပြောပြပါတယ်။

အနှစ် (၁၀၀) ဝန်းကျင်မှာ မကြုံစဖူးဆိုးရွားလှတဲ့ ငလျင်ဆိုးကြောင့် မြန်မာနိုင်ငံဟာ ပုံမှန်ခံစားဖူးနေကျ ရေနဲ့လေ  သဘာဝဘေးဒဏ်ထက် ပိုပြီးဆိုးဝါးလွန်းလှတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ တွေ့ကြုံ ရင်ဆိုင် ခဲ့ရပါတယ်။ ငလျင်‌က အိုးအိမ်အဆောက်အအုံတွေကို ဖျက်ဆီးရုံမက လည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ ရပ်တန့်စေခဲ့တာပါ။

စစ်အုပ်စုရဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီး ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထုတ်လုပ်မှုကဏ္ဍဖြစ်တဲ့ လယ်ယာသီးနှံ၊ မွေးမြူရေး၊ စက်ရုံ၊ အလုပ်ရုံနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကျပ်သန်းပေါင်း ၈၂၃,၄၂၂ ပျက်စီးဆုံးရှုံးတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အဦးတွေ ဆုံးရှုံးတာဖြစ်တဲ့အတွက် စီးပွားရေးရဲ့ ကုန်ထုတ်ကွင်းဆက် တလျှောက် ပြတ်တောက်မှုတွေဟာ ကြီးမားခဲ့သလို တိုက်ရိုက် ငလျင်ဘေးဒဏ် ထိခိုက်မှု မရှိပေမယ့် တခြားသွယ်ဝိုက်ပြီးတော့ ထိခိုက်တဲ့ ဒေသတွေမှာလည်း စီးပွားရေးနဲ့ပတ်သက်လို့ ပြန်လည်ပြီးတော့ ကုစားဖို့ လိုအပ်တဲ့အခြေအနေကို တွေ့ရှိရပါတယ်” လို့ စစ်အုပ်စုက စီစဉ်တဲ့ ငလျင်ဘေးအလွန် မြန်မာ့ စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ် ဆွေးနွေးပွဲမှာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဌ ဦးအေးဝင်းက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြောင့်  တိုင်းနဲ့ပြည်နယ် (၁၀) ခုမှာ ပျက်စီးဆုံးရှုံးခဲ့ရတာြဖစ်ပါတယ်။ စီးပွားရေးအရ အချက်အချာကျတဲ့ နေရာမှာ တည်ရှိသလို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်ထုတ်လုပ်မှုနယ်မြေ ဖြစ်တဲ့ မန္တလေးတိုင်းက ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ မန္တလေးတိုင်းမှာမှ ကျေးရွာတွေမှာ ပျက်စီးဆုံးရှုံးမှု နည်းပါးပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ပိုမိုထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတိုင်းလိုလို အနည်းနဲ့အများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ စက်ရုံ၊ အလုပ်ရုံရဲ့ အဆောက်အဦး၊ ရုံးခန်းနဲ့ ဈေးဆိုင်ခန်းတွေ ပြိုကျပျက်စီးခဲ့တာကြောင့် ကုန်သည်၊ ပွဲစား၊ စက်ပိုင် လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ MSME (အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း)တွေ ရပ်ဆိုင်းခဲ့ရတယ်လို့ စီးပွားရေး အသင်းအဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မန္တလေးတိုင်းမှာဆိုရင် အလတ်စားအဆင့် ဘိလပ်မြေ စက်ရုံနဲ့ သံမဏိစက်ရုံလို စက်ရုံအကြီးစားတွေ၊ လက်မှုအနုပညာ လုပ်ငန်းတွေ ဖြစ်တဲ့ ရွှေဆိုင်း၊ ရွှေချည်ထိုး၊ ကြေးသွန်း၊ စက်ရက်ကန်း၊ လက်ရက်ကန်းနဲ့ ဖိနပ်လုပ်ငန်းတွေအပြင် စားသောက်ကုန်လုပ်ငန်းတွေလည်း ရှိတာပါ။ မန္တလေးမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က MSME (အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း) တွေ ဖြစ်တယ်လို့ မန္တလေးတိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း – MRCCI က ဆိုပါတယ်။

MSME ဆိုတာ Micro, Small and Medium Enterpise (အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း) ဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကို ဝန်ထမ်းဉီးရေ၊ မတည်ရင်းနှီးငွေ တွေအလိုက် လက်လီ၊ လက်ကား၊ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းဆိုပြီး ခွဲခြား သတ်မှတ်ထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ လုပ်ငန်းရှင်ဆိုတာက စစ်အုပ်စုနဲ့ နေပြည်တော်အသိုင်းအဝိုင်းမှာပဲ ကပ်နေတဲ့ နာမည်ခံ လုပ်ငန်းရှင်တွေက တစ်အုပ်စု၊ နိုင်ငံခြားကိုပဲ တင်ပို့ရောင်းချတဲ့ လုပ်ငန်းရှင်တွေက တစ်အုပ်စုနဲ့ ဈေးကွက်မှာ နေရာရော နာမည်ပါ ရရှိအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ လုပ်ငန်းရှင်တွေက တစ်အုပ်စုဆိုပြီး စီးပွားရေးလောကမှာ အုပ်စုသုံးစု ကွဲနေတာဖြစ်တယ်လို့ MSME လုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲ့ဒီထဲကမှ  တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ လုပ်ငန်းရှင်နဲ့ ဒီနေ့ရောင်းရတဲ့ ဝင်ငွေဟာ မနက်ဖန်အတွက် အရင်းဖြစ်တယ်ဆိုတဲ့ လုပ်ငန်းရှင်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

လုပ်ငန်းရပ်ဆိုင်းမှုနဲ့အတူ မန္တလေးကနေ အထက်မြန်မာပြည်ရော အောက်မြန်မာပြည်ကိုပါ ပို့ဆောင်နေတဲ့ ထုတ်ကုန်နဲ့ စက်မှုလုပ်ငန်းပစ္စည်းတွေ စတဲ့ ကုန်ပစ္စည်းထောက်ပံ့မှု ကွင်းဆက်တွေပါ ရပ်တန့်သွားရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

စစ်အုပ်စုလက်အောက်ခံ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရဲ့ SME Department မှာ မှတ်ပုံတင်ထားတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းပေါင်း ၄၉,၀၀၀ ကျော်ရှိတာ ဖြစ်ပြီး မန္တလေးတိုင်းမှာ ဆိုရင်တော့ ၈,၂၀၀ နီးပါးရှိတယ်လို့ အဲ့ဒီဌာနရဲ့စာရင်းတွေမှာ ဖော်ပြပါတယ်။

ငလျင်ကြောင့် စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ် ထိခိုက်ပျက်စီးရတာ ဖြစ်ပေမယ့် MSME လုပ်ငန်းတွေ ကတော့ နာလန်ထူနိုင်ဖို့ ပိုပြီးအားစိုက်ကာ ကြိုးစားရမှာ ဖြစ်တယ်လို့ စစ်အုပ်စုကစီစဉ်တဲ့ ငလျင်ဘေးအလွန် မြန်မာ့ စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပြောကြပါတယ်။

MSME လုပ်ငန်း အများစုဟာ လုပ်ငန်းကို ရှိနေပြီးသား ကိုယ်ပိုင်ငွေကြေးနဲ့သာ လည်ပတ်တာ၊ ငွေကြေးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းတာ၊ အာမခံထားရှိမှု အားနည်းတာတွေကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ဒီလုပ်ငန်းတွေအကုန်လုံးကို ရင်းနှီးမြှုပ်နှံထားမှုက သူတို့ရဲ့ ကိုယ်ပိုင်ဝင်ငွေတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့ အခုတစ်ကြိမ် ဆုံးရှုံးသွားရင် နောက်တစ်ကြိမ် နာလန်ပြန်ထူဖို့အတွက်က အခက်အခဲတွေ ရှိကြတယ်” လို့ UMFCCI အလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်လွင်က စစ်အုပ်စု စီစဉ်တဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

ရပ်တန့်သွားတဲ့လုပ်ငန်းတွေထဲက ၂၅ ရာခိုင်နှုန်းခန့်ဟာ သင်္ကြန်အပြီး ဧပြီလ၊ နောက်ဆုံးအပတ်မှာ ပြန်လည် လည်ပတ်နိုင်ကြပါတယ်။ ၅၀ ရာခိုင်နှုန်းခန့်ကတော့ မေလမှာ ပြန်လည်လည်ပတ်နိုင်တယ်လို့ MRCCI က စစ်အုပ်စုကို တင်ပြထားပါတယ်။

MRCCI အသင်းဝင် ဒေါ်အေးအေးမြင့်ကတော့ ငလျင်လှုပ်ပြီး နှစ်လကြာတဲ့အထိ သူ့ရဲ့လုပ်ငန်းပြန်လည် မလည်ပတ်နိုင်တဲ့အကြောင်း ၂၀၂၅ ခုနှစ်၊ မေလကုန်ပိုင်း စစ်အုပ်စုက ပြုလုပ်ပေးတဲ့ပွဲမှာ အခုလို ရင်ဖွင့်ပါတယ်။

“တကယ် သနားစရာကောင်းတဲ့သူတွေပါရှင်။ သူဌေးသင်္ဘောမှောက်တာ ဘာမှမဖြစ်ပေမယ့် ကျွန်မတို့ MSME လုပ်ငန်းရှင်တွေ ခွက်ပျောက်သွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ လုပ်ငန်း ပြန်မစနိုင်ပါဘူးရှင်”

MSME လုပ်ငန်းရှင်တစ်ဉီးဖြစ်တဲ့ ကိုသက်ကတော့ နီးစပ်ရာမှာ ငွေရှာ၊ တခြားမြို့မှာ နေရာအငှားရှာပြီး စက်ပစ္စည်း second hand တွေကို ဝယ်ကာ လမ်းတဝက်မှာ ရောက်နေပြီဖြစ်တဲ့ ကုန်ကြမ်းတွေနဲ့ ငလျင်အပြီး ရက်ပိုင်းအတွင်းမှာပဲ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ခဲ့ပါတယ်။ ကြိုးစား တည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းလေး ရှင်သန်နေဖို့နဲ့ ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့ဆိုတာကို အဓိက ထားပြီး  ရုန်းထခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ငန်း ပြန်လည် လည်ပတ်နိုင်တယ်ဆိုပေမယ့် မူလအခြေအနေအတိုင်း ပြန်ဖြစ်ဖို့ဆိုရင်တော့ လိုအပ်တာတွေ ရှိနေပါသေးတယ်။ အဆောက်အဦး တည်ဆောက်ပြီးသား မြေနေရာကို ငှားရမ်းဖို့၊ အဲ့ဒီ အဆောက်အဦးက ငလျင်ဒဏ် ခံနိုင်ရည် ရှိ၊ မရှိ စစ်ဆေးဖို့၊ မြေနေရာအလွတ်ကို ငှားပြီး အဆောက်အဦး တည်ဆောက်မယ်ဆိုရင်လည်း ဆောက်လုပ်ရေးပစ္စည်းနဲ့ လုပ်သားအင်အား အခြေအနေ၊ နောက်ဆက်တွဲ ငလျင်ငယ်တွေရဲ့ အခြေအနေနဲ့ ရင်းနှီးမြှုပ်နှံရမယ့် ငွေကြေးအခြေအနေလို့ ဆိုပါတယ်။

နောက်ပြီး ကိုသက်တို့လို ထုတ်ကုန် ထုတ်လုပ်တဲ့ MSME စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခက်အခဲ တစ်ခုကတော့ ကုန်ကြမ်း အလွယ်တကူ ဝယ်ယူရရှိရေးပါ။ ဈေးကွက်မှာ ကုန်ကြမ်း ပြတ်လပ်တာ၊ လုပ်ငန်းရှင်ကိုယ်တိုင် ပြည်ပက သွင်းရင်လည်း permit (ခွင့်ပြုမိန့်) ရဖို့ အချိန် ကြာမြင့်တာ၊ ခွင့်ပြုမိန့် ရပြီးပါကလည်း သယ်ယူရတဲ့အချိန် ကြာမြင့်တာ၊ သယ်ယူနိုင်တဲ့ လမ်းကြောင်းတွေက မတူညီကြတာ ဆိုတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကြောင့် ကုန်ကြမ်းရဲ့ ဈေးနှုန်းတွေကို ကြပ်မတ်ဖို့၊ ပြည်တွင်းဈေးကွက်မှာ မရှိတဲ့ ကုန်ကြမ်းတွေကို အလွယ်တကူ သယ်ယူခွင့် ရရှိဖို့အတွက် စစ်အုပ်စုအနေနဲ့ ဖြေလျှော့တာ၊ ကြပ်မတ်တာတွေ လုပ်ဆောင်ပေးစေလိုတယ်လို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက စစ်အုပ်စုကို တင်ပြတောင်းဆိုကြပါတယ်။

“တကယ့်လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ တိုင်းဒေသကြီး အစိုးရ (စစ်အုပ်စု)ရဲ့ ထောက်ခံချက်နဲ့ ဖြတ်ပေးနိုင်မယ်ဆိုရင် easy of doing business(စီးပွားရေးကို အခက်အခဲမရှိ လုပ်နိုင်ခြင်း) ကို အထောက်အကူ ပြုနိုင်လိမ့်မယ်”လို့ MRCCI ဥက္ကဌ ဦးတင်လတ်က စစ်အုပ်စုကို တင်ပြပါတယ်။

လက်ရှိမှာတော့ အဲ့ဒီအခက်အခဲတွေ မပြေလည်သေးတာကြောင့် လိုအပ်တဲ့ ကုန်ကြမ်းတန်ဖိုးဟာ လေးဆခန့် ပိုမိုကုန်ကျနေရသလို ပြည်ပကနေ ဝယ်ပြီး သယ်ယူဖို့အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရဆဲ ဖြစ်တယ်လို့ UMFCCI စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း စစ်အုပ်စုကို တင်ပြပါတယ်။

စစ်အုပ်စုဘက်က စီးပွားရေးသမားတွေ တင်ပြတောင်းဆိုတာကို ဖြေလျော့၊ လိုက်လျောပေးတာမျိုး မရှိပေမယ့် နိုင်ငံ့ကျောရိုးဖြစ်တဲ့  SMEs တွေ ငလျင်ဘေးအလွန် စီးပွားပြန်လည် ထူ‌ထောင်နိုင်ဖို့ဆိုပြီး နိုင်ငံအနှံ့မှာ ဈေးရောင်းပွဲတွေ လိုက် လုပ်နေပါတယ်။

မန္တလေးတိုင်းမှာလည်း ငလျင်လှုပ်ခတ်ပြီး ခြောက်လအကြာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ပထမအကြိမ်အနေနဲ့ စစ်အုပ်စုက စျေးရောင်းပွဲ လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီဈေးရောင်းပွဲမှာ MSME လုပ်ငန်းတွေက ခင်းကျင်းရောင်းချကြသလို SMEs လုပ်ငန်းတွေအတွက် လိုင်စင်ကို one stop service နဲ့လုပ်ပေးတာ၊ ခင်းကျင်းရောင်းချတဲ့ဆိုင်တွေထဲက တချို့ကို ဆုပေးတာတွေ လုပ်ခဲ့တယ်လို့ MRCCI ဥက္ကဌ ဦးတင်လတ်က စစ်အုပ်စုပိုင် သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

“ငလျင်အလွန် ဈေးရောင်းပွဲတော် လုပ်နေကြတာပဲ။ လက်လှမ်းမီရာပေါ့။ တကယ်ငလျင်ထိတဲ့သူတွေ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ငလျင်ထိတဲ့ လုပ်ငန်းကလည်း ပြန်ထောင်နိုင်တဲ့ လုပ်ငန်းရှိသလို မထောင်နိုင်တဲ့ သူတွေလည်း ရှိပါတယ်”လို့ မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဉီးက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ငလျင်ဘေးအလွန် စီးပွားပြန်လည်ထူထောင်ဖို့အတွက် လိုအပ်တာတွေကို ဆွေးနွေးအဖြေရှာဖို့ ပွဲအခမ်းအနားတွေ စီစဉ်ပေးပေမယ့် စစ်ခေါင်းဆောင်တွေက တကယ် စိတ်မဝင်စားဘဲ အပေါ်ယံအနေနဲ့ ပါးစပ်ထဲရှိရာပြောပြီး စိတ်ထင်ရာ လုပ်တာသာဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်က ဝေဖန်ပါတယ်။

ငလျင်ဘေးသင့် လုပ်ငန်းတွေအနေနဲ့ ပြန်လည်ထူထောင်နိုင်ဖို့ဆိုရင် ငွေကြေးအရင်းအနှီး လိုအပ်ကြတာ ဖြစ်ပြီး start up (လုပ်ငန်းစတင်လုပ်ကာစ) တွေကတော့ အစကနေ ပြန်စရမယ့် အခြေအနေရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ငလျင်ဘေးကနေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် စစ်အုပ်စုက ထုတ်ပေးတဲ့ ချေးငွေတွေကို လက်လှမ်းမီဖို့ဆိုရင် စစ်အုပ်စု လက်အောက်ခံ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက‌ ထုတ်ပေးတဲ့ SMEs လိုင်စင်ရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နိုင်ငံအချို့က ပေးတဲ့ Grant (ထောက်ပံ့ငွေ) ကို ရဖို့ဆိုရင်လည်း စစ်အုပ်စု ဌာနဆိုင်ရာ လက်အောက်ခံ မဟုတ်တဲ့ အသင်းအဖွဲ့မျိုးစုံရဲ့ SME တွေနဲ့လည်း ချိတ်ဆက်ထားဖို့ လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ငလျင်ဘေးကြောင့် အလုပ်ရုံတစ်ခုလုံး ထိခိုက်ပျက်စီးသွားတဲ့အတွက် အစကနေ ပြန်စရမယ့် ကိုသက် တစ်ယောက် ထောက်ပံ့ငွေ အနည်းငယ်ပဲဖြစ်ဖြစ် ရလိုရငြား ဆုံးရှုံးမှုစာရင်းတွေကို ပြုစုပြီး အဖွဲ့အစည်း ပေါင်းစုံကို လျှောက်လွှာတင်ခဲ့ပါတယ်။ စုံစမ်းကြည့်တဲ့အချိန်မှာ စစ်အုပ်စုကပေးတဲ့ ချေးငွေကို အသင်းဝင်တွေက ရရှိသွားတယ်လို့ သတင်းကြားသလို NGO တွေက ပေးတဲ့ ထောက်ပံ့ငွေကိုတော့ ဘယ်လုပ်ငန်းကို ပေးတယ်ဆိုတာ မသိရသလို ဘယ်လို အကြောင်းပြန်ကြားစာမှတောင် မရခဲ့ဘူးလို့ ဆိုပါတယ်။

ရတဲ့နည်းနဲ့ ဖြစ်အောင်လုပ်ငန်းလည်ပတ်နေတဲ့ ကိုသက်ကတော့ MFP ကို အခုလို ရင်ဖွင့်ပါတယ်။

“အခုထိအောင်ကို ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့မှ မရဘူး။ ကိုယ့်ဘာသာကိုယ် ရုန်းထလာရတာ”

ငလျင်ပြီးစ မန္တလေးစျေးချိုတော် ဝန်းကျင်ကို တွေ့ရစဉ်/Photo – စိုးမိုးနိုင်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button