ဝက်လက် သစ်ဆိမ့်ရွာကို စစ်အုပ်စုက တစ်မနက်တည်း ဗုံး ၅၀ ကျော် ကြဲချ၊
ဝက်လက်နဲ့ စဉ့်ကူးအစပ် မြစ်အတွင်းရှိ ရေယာဉ်တွေကိုလည်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေ၊

ဝက်လက်နဲ့ စဉ့်ကူးအစပ် မြစ်အတွင်းရှိ ရေယာဉ်တွေကိုလည်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေ၊
နန်းယု / MFP၊ ဇန်နဝါရီ – ၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာ အပါအဝင် ဧရာဝတီမြစ်ရိုး တလျှောက်ကို ဒီမနက်ပိုင်း စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ရာ အိုးအိမ်တွေ မီးလောင်ပေါက်ကွဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကစလို့ ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ကို နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေသလို ကျေးရွာတွေအပေါ် နေ့စဉ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ၈ရက် ဒီမနက်ပိုင်း ဝက်လက်နယ် အရှေ့ခြမ်း၊ သစ်ဆိမ့်ရွာအနီးမှာ ပစ်ခတ်သံတွေ ကြားရ ပြီးနောက် စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ ၁၀ကြိမ်ကျော်၊ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချခဲ့တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဗုံးတွေက သစ်ဆိပ်ရွာထဲ ကျပြီး မီးလောင်နေတယ်လို့ ကြားတယ် “
ဒီမနက်ပိုင်း စစ်အုပ်စုက သစ်ဆိမ့်ရွာပေါ် အကြိမ်ကြိမ် ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး ရွာထဲ မီးလောင်နေတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။
“အခုလေးတင်ပဲ ဗုံးကြဲသွားတာပါ၊ လေယာဉ်က တံတားဦးလေဆိပ်ဘက်ကို ဆင်းသွားနေဆဲ ဖြစ်ပါတယ်”
ဝက်လက်နယ်ထဲ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုထဲက ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း၊ ရေဂမိုးရွာနဲ့ ရွာတောင်ဘက် မြေတင်ဘုန်းကြီး ကျောင်းအနီး တပ်စွဲနေရာယူထားတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုဟာ ဇန်နဝါရီ ၇ရက်က ရွာသစ်ရွာဘက်ကို စီးနင်း ဝင်ရောက်ရာက ဒီမနက်ပိုင်း ပစ်ခတ်သံတွေ ကြားရကာ အခုလို သစ်ဆိမ့်ရွာ ဗုံးကြဲခံရတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း သစ်ဆိမ့်ရွာကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေ၊ MI-35 ရဟတ်ယာဉ်တွေနဲ့ သုံးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ရဟန်းသံဃာနဲ့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဝက်လက်နဲ့ စဉ့်ကူးနယ်အစပ် ဧရာဝတီမြစ်အတွင်းရှိ ရေယာဉ်တွေကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးပတ်ကြဲနေပြီး ဇန်နဝါရီ ၆ရက် ညနေပိုင်းက စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း၊ သဲအင်းနဲ့ ကြက်တူရွေးရွာကို စီးနင်းလုယက်တဲ့ စစ်အုပ်စုက မြစ်ထဲ ကျောက်ဆူးချရပ်နားထားတဲ့ သံခွန် ရေယာဉ်ပေါ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရီးသွားပြည်သူ အသက် ၃၀အရွယ် အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ရှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလအတွင်းကလည်း စဉ့်ကူးနဲ့ မတ္တရာနယ်၊ ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်တွေကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲ၊ မြစ်ကမ်းကနေ ပစ်ခတ်ရာ အသက်၅၀ကျော်အရွယ် အမျိုးသမီးကြီး အပါအဝင် ခရီးသွားပြည်သူ အနည်းဆုံးနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စုက လိုက်လံ ဗုံးကြဲ၊ ပစ်ခတ် သတ်ဖြတ်နေတာ ဖြစ်ပြီး မတ္တရာနဲ့ စဉ့်ကူးနယ်ရှိ မြစ်ကူးဆိပ်နဲ့ ကားလမ်းမတွေကို ပိတ်ဆို့ထားသလို ဝက်လက်နယ်အတွင်းရှိ မြစ်ကူးဆိပ်နဲ့ ကားလမ်းမကြီးတွေကို ပိတ်ဆို့နိုင်ဖို့လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရွာသစ်၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိမ်းမကား၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင်၊ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ လှေပို့ဆိပ်၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



