မန္တလေးသတင်း

မန္တလေးမှာ ရွေးကောက်ပွဲ ပထမပိုင်း အဆင်မပြေမှုတွေရှိလို့ သင်တန်းတက်ထားတဲ့ Non-CDM ပညာရေး ဝန်ထမ်းတွေ မဖြစ်မနေ ဝင်ကူဖို့ စစ်အုပ်စု ခိုင်းစေ၊

ဖိုးချို/MFP၊ ဇန်နဝါရီ – ၈

မန္တလေးတိုင်း မြို့နယ်တချို့မှာ အာဏာသိမ်း စစ်အုပ်စုက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွင်း မဲရေတွက်မှုနဲ့ မဲပေးစက် အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် သင်တန်းတက်ထားတဲ့ Non CDM ပညာရေး ဝန်ထမ်းတွေ အားလုံး မဲရုံတွေမှာ မဖြစ်မနေ ဝင်ရောက်ကူညီဖို့ စစ်အုပ်စုက စာထုတ် ခိုင်းစေထားတယ်လို့ ပညာရေးဝန်ထမ်းတွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေ အပါအဝင် မန္တလေးတိုင်း ရှစ်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေ အပါအဝင် နောက်ထပ် မန္တလေးတိုင်း ကိုးမြို့နယ်မှာ လာမယ့် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။

မန္တလေးတိုင်းအတွင်း စစ်အုပ်စုက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ရှိ မဲရုံတချို့မှာ မဲရေတွက်ချိန် ပြဿနာတချို့ရှိခဲ့တာကြောင့် ရွေးကောက်ပွဲ အပိုင်း(၂)လုပ်ချိန် မဲရုံစက်ကိုင်သင်တန်း တက်‌ထားတဲ့ Non CDM ပညာရေး ဝန်ထမ်းတွေ အားလုံးက ကိုယ့်မြို့နယ် မဟုတ်ပေမယ့်လည်း မဲရုံတွေမှာ ဝင်ကူညီ လုပ်ကိုင်ဖို့ စစ်အုပ်စုက ခိုင်းစေတာလို့ Non CDM ပညာရေးဝန်ထမ်း မိသားစုဝင်တစ်ဦးက MFP ကို ပြောပါတယ်။

“တချို့မဲရုံတွေမှာ မဲရုံပိတ်ပြီးလို့ မဲပေးစက် ဆန္ဒမဲ အရေအတွက်ကို အတည်မပြုရသေးခင် စက်ကိုင်က Data (အချက်အလက်)ကို Clear (ဖျက်ပစ်)လိုက်တော့ မဲပုံးဖွင့်ပြီး မဲစာရွက်တွေ တစ်ရွက်ချင်း ပြန်ရေတွက်ရတဲ့ ပြဿနာတွေ ရှိခဲ့တယ်လို့လည်း သိထားရတယ်၊ ဒါကြောင့် ထင်တယ် အခု ကိုယ့်မြို့နယ်က ရွေးကောက်ပွဲ အပိုင်း(၂) မပါ‌တော့ပေမယ့် တခြားမြို့နယ်ကို သွားကူပေးရမယ် ဆိုတာမျိုးတွေ ဖြစ်လာတာ၊ မဲရုံမှုးတွေတော့ မပါဘူး”

ကိုယ်တာဝန်ကျတဲ့ မြို့နယ်မဟုတ်ဘဲ တခြားမြို့နယ်တွေက မဲရုံတွေအထိ သွားရောက် လုပ်ကိုင်ပေးရမယ့်အပေါ်  စိတ်ပျက်မိတယ်လို့ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ရဲ့ ရွေးကောက်ပွဲအတွက် ပြည်တွင်းထုတ် အီလက်ထရွန်နစ် မဲပေးစက်- MEVM (Myanmar Electronic Voting Machine) ကို စတင် အသုံးပြုတယ်လို့ ကြေညာထားပြီး အဲ့ဒီ မဲပေးစက်ကို အသုံးပြုဖို့ Non CDM ပညာရေးဝန်ထမ်းတွေကို သင်တန်းပေးထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မဲပေးစက်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်သူ ဝန်ထမ်းတွေ ကိုယ်တိုင်က အသေအချာ မသိသလို မဲပေးသူရဲ့ အချက်အလက်တွေ ဘယ်လောက်အထိ လုံခြုံမှု ရှိမယ်ဆိုတာလည်း မသိနိုင်ဘူးလို့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို သုံးပိုင်းခွဲ လုပ်မယ့်လို့ ကြေညာထားပြီး ဒီဇင်ဘာ ၂၈ရက်က အပိုင်း(၁)အဖြစ် နိုင်ငံတဝန်းက ၁၀၂  မြို့နယ်၊ ဇန်နဝါရီ ၁၁ရက်မှာ အပိုင်း(၂)အဖြစ် မြို့နယ် ၁၀၀ နဲ့ ဇန်နဝါရီ ၂၅ရက်မှာ အပိုင်း(၃)အဖြစ် ၆၃မြို့နယ်မှာ လုပ်မယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် လုပ်ခဲ့တဲ့ ၁၀၂ မြို့နယ်မှာ မဲပေးခွင့်ရှိသူရဲ့ ၅၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ ဒါပေမယ့် စစ်အုပ်စု အနေနဲ့ မဲဆန္ဒနယ်မြေတစ်ခုလုံး ရာနှုန်းပြည့် လွှမ်းခြုံတဲ့ ရွေးကောက်ပွဲ အဖြစ် မလုပ်နိုင်ခဲ့ဘဲ တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ နယ်မြေဟာ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လွှမ်းခြုံပါတယ်။

ရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် မန္တလေးတိုင်းထဲ လုပ်မယ့် မြို့နယ် ကိုးမြို့နယ်ဟာ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ ဝမ်းတွင်း၊ သာစည်နဲ့ မတ္တရာတို့ ဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ နေပြည်တော်မှာ စစ်အုပ်စု လုပ်တဲ့ ရွေးကောက်ပွဲ မဲပေးနေသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button