ဝက်လက်နယ် အရှေ့ခြမ်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ခုနှစ်ဦး ကျဆုံး၊
စစ်အုပ်စု ၁၅ ယောက်ထက်မနည်း သေဟုဆို၊

စစ်အုပ်စု ၁၅ ယောက်ထက်မနည်း သေဟုဆို၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ကမ်းဖြူကျေးရွာအနီး၊ ရှိန်းမကား – ကျောက်မြောင်း ကားလမ်းမှာ ဇန်နဝါရီ ၆ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ခုနှစ်ဦး ကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
ဝက်လက်နယ် ရှိန်းမကားရွာ စခန်းထဲက ထွက်လာပြီး ကမ်းဖြူရွာအနီး ရောက်လာတဲ့ စစ်အုပ်စုကို ဇန်နဝါရီ ၆ ရက် မနက် ၇ နာရီဝန်းကျင်အချိန် မတ္တရာမြို့နယ် ပကဖနဲ့ ရွှေဘိုခရိုင် တပ်ရင်း(၁၈) တို့ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ခုနှစ်ဦး ကျဆုံးကာ လေးဦး ဒဏ်ရာရပြီး စစ်အုပ်စု ဘက်ကလည်း ၁၅ ယောက်ထက်မနည်း သေတယ်လို့ မတ္တရာမြို့နယ် ပကဖ က ဖော်ပြပါတယ်။
“ရှိန်းမကားခွေးခြံမှ ထွက်လာကာ ကမ်းဖြူကျေးရွာသို့ ရောက်ရှိနေပြီး ပြည်သူအမျိုးသမီး ကိုးဦးအား မုဒိမ်းကျင့်၍ တားဆေးထိုးကာ ပြန်လွှတ်လိုက်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား မတ္တရာမြို့နယ် ပကဖနှင့် ရွှေဘိုခရိုင် တပ်ရင်း(၁၈) တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ပါသည်။ ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက် မုဒိမ်းကောင် စစ်ကောင်စီတပ်သား(၁၅)ဦးထက်မနည်း သေဆုံးခဲ့ပြီး မိမိတို့ မတ္တရာမြို့နယ် ပကဖမှလည်း ရဲဘော် ခုနှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်”
အဲ့ဒီ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ သူတို့ဘက်က အသေအပျောက် မရှိဘဲ PDF အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ရက် မနက်ပိုင်းက ရှိန်းမကားစခန်းအနီး၊ ရှိန်းမကား - ကျောက်မြောင်းလမ်းမှာ PDF အင်အား ၅၀ လောက်က စတင် တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပြီး PDF အလောင်း သုံးလောင်းနဲ့ သေနတ် ကိုးလက် သိမ်းဆည်း ရရှိကာ စစ်အုပ်စုဘက်က နှစ်ယောက် ဒဏ်ရာရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကစလို့ ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ကို နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ကျေးရွာတွေကိုလည်း နေ့စဉ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ် မင်းကွန်းဘက်က လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စု တစ်ဖွဲ့နဲ့ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှီ ခြေလျင်တပ်ရင်း (ခလရ) ၁၂ က လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုတစ်ဖွဲ့နဲ့ ဝက်လက်နယ် အရှေ့ခြမ်းနဲ့ အရှေ့မြောက်ခြမ်းကို စစ်အုပ်စုက နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မြောင်းကနေ လာတဲ့ စစ်အုပ်စုဟာ ရှိန်းမကားရွာကတဆင့် ဇန်နဝါရီ ၁ရက်ကနေ ၃ရက်အတွင်း ဝက်လက်နယ်အရှေ့ခြမ်း ရွာသစ်ရွာထဲ ယာယီ စခန်းချကာ ရွာသစ်၊ အင်ဒေါင်းနဲ့ မင်းရွာတောင် စတဲ့ ကျေးရွာတွေက ဆယ်နဲ့ချီတဲ့ ဒေသခံပြည်သူတွေကို ဓားစာခံလူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းမိထားသူတွေထဲက အမျိုးသမီး ငါးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၃ရက် ညနေပိုင်းမှာ ရွာသစ်ရွာထဲက နေအိမ်လေးလုံး အပါအဝင် မီးဖိုချောင်နဲ့ နွားစာတဲတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အဓမ္မပြုကျင့်ထားတဲ့ အမျိုးသမီးတွေကို သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ပေးခဲ့ပြီး ကမ်းဖြူရွာဘက် ဆက်လက် စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ရွာသစ်ရွာထဲ ဖမ်းမိထားတဲ့ ပြည်သူ အမျိုးသား ခြောက်ဦး အပါအဝင် ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ ဆက်လက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်ထဲ အထက်ပါအတိုင်း အိမ်မီးရှို့၊ လူသတ်၊ အဓမ္မပြုကျင့်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ လက်အောက်ခံ စစ်အုပ်စုနဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်က စစ်အုပ်စုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာ ခံရပြီး မြေပြင်မှာ အထိနာ အသေများတိုင်း လေကြောင်းပစ်ကူခေါ်ကာ မြို့၊ရွာတွေအပေါ် ဗုံးပတ်ကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဝက်လက်နယ် အရှေ့ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက ၁၄ ကြိမ် ဗုံးကြဲလို့ ရဟန်းသံဃာ၊ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ၂၆ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရွာသစ်၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိမ်းမကား၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင်၊ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ လှေပို့ဆိပ်၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဝက်လက်နယ်နဲ့ ထိစပ်နေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားသလို ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကိုလည်း လိုက်လံ ဗုံးကြဲသတ်ဖြတ်နေပြီး ဝက်လက်နယ်အတွင်း နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဝက်လက်တိုက်ပွဲမှာ ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ ဆုံးရှုံးတဲ့ လက်နက်တွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



