ဆောင်းပါးမကွေး

“စစ်လက်နက်ကပြောသောသတင်းစကား” မကွေးတိုင်း၏ကပစဖြတ်တောက်ရေးဆော်ဩချက်

စစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၄) ခု လျှပ်စစ်ပြတ်တောက်နေပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကပစစက်ရုံများကို ဖြတ်တောက်ရေး မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ က ဆော်ဩနေပါတယ်။

အီသာရမ် /MFP၊ ဇန်နဝါရီ – ၁၀

နှစ်သစ်ပထမပတ်အတွင်းမှာပဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတစ်ဝန်းကို နှုတ်ခွန်းဆက်နေပါတယ်။ဇန်နဝါရီလ (၇) ရက်နေ့က ချောင်းဦးမြို့နယ်မှာ ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၀၀ ဗုံးသီးကြဲချရာ ကံကောင်းလို့ မပေါက်ကွဲခဲ့ဘဲလူသေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးသီးရဲ့ ထုတ်လုပ်ရက်စွဲက နှစ်ပတ်ခန့်ပဲ ရှိသေးတဲ့ စက်ရုံထုတ် အသစ်စက်စက်ဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက “ကပစ” တွေ အလုပ်များနေပြီလို့ ယူဆစရာ ရှိလာပါတယ်။

“ကျွန်တော်တို့ဘက်တွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ထားပါတော့ ၂၀၂၅ ခုနှစ်လပိုင်းမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့ထောက်ပံ့တဲ့ လေကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲပြီးလို့ ကျည်ဆန်ခွံတွေပဲ ကြည့်လိုက်၊ ၂၀၂၅ ခုနှစ်လပိုင်းကျည်တွေနဲ့ဆိုတော့ ကျွန်တော်တို့သုံးသပ်မိတာက ဒီကောင်တွေမှာလည်း နှင်းကြမ်းထုတ်နေရတဲ့ ပုံစံမျိုးပေါ့ လက်နက်ခဲယမ်းတွေကို။ သူတို့ရဲ့ ထုတ်လုပ်မှုကိုရပ်တန့်နိုင်ရင် သူတို့ရဲ့ Firing Power (ပစ်ခတ်မှုအား) လျော့ကျလာမယ်” လို့ မကွေးဒေသ က တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်းMFP ကို ပြောပါတယ်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီအခြေအနေမှာ ကပစ စက်ရုံတွေကို ဖြတ်တောက်ရေးအင်တိုက်အားတိုက် လုပ်ဆောင်ဖို့ သူက ယခုလို ဆော်ဩပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်၊ ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ် တပ်ဖွဲ့တွေဟာ ၎င်းတို့နယ်မြေတွေမှာရှိတဲ့ ကပစစက်ရုံ လေးရုံရဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီးနောက် ဒီစက်ရုံတွေမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ဘူးလို့ MFP ကို ပြောပါတယ်။ ၂၀၂၅ဒီဇင်ဘာ ၂၈ ခုနှစ်မှာ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါသေးတယ်။ 

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ဒေသတွင်းက ဒီလက်နက်စက်ရုံတွေကိုတိုက်ခိုက်ဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့ ဖြတ်တောက်ရေး နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၄ ဧပြီလနဲ့ ဇူလိုင်လတွေမှာကပစ (၂၄) နဲ့ (၂၁) တို့ကို အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မကွေးတိုင်းအတွင်းက ကပစ ဓာတ်အားပေးတိုင်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။

လက်ရှိမှာ မကွေးတိုင်းအတွင်းက နာမည်ကျော် ကပစ (၂၁)၊ (၂၂) အပြင် နာမည်ကျော် ကပစ ဖြစ်တဲ့ (၂၄) နဲ့အတူ (၂၅) ကိုလျှပ်စစ်မီး ဖြတ်တောက်ထားနိုင်တာကြောင့် သုံးနှစ်အတွင်း အထိရောက်ဆုံး တိုက်ခိုက်မှုလို့ ယူဆနိုင်ပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တစ်ခုတွင် စစ်ဆေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ပုံဟောင်း)

“လေ့လာမှုသလောက်ဆိုရင် သူတို့ရဲ့ လက်နက်ခဲယမ်းတွေက ပြည်တွင်းက ကပစတွေကို အားကိုးနေရတာက ၈၀ ရာခိုင်နှုန်း၊၉၀ ရာခိုင်နှုန်းလောက် ရှိတယ်ပေါ့လေ။ ဆိုတော့ သူတို့ရဲ့ ကပစရုံတွေ၊ တပ်မတော်အကြီးစားစက်ရုံတွေကို ထုတ်လုပ်မှုရပ်တန့်နိုင်အောင် လုပ်တယ်ဆိုရင် သူတို့အတွက် တော်တော်လေး ထိခိုက်သွားမှာပါ” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်တွေ အဓိကထုတ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၅ ရုံ ရှိတဲ့အနက် မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ စက်ရုံ ၁၅ ရုံ တည်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် (EROs) တွေနဲ့ ဝေးကွာတဲ့ မြန်မာပြည်အလယ်ပိုင်းက လူသူမနီးတဲ့ လျှိုမြောင်တွေထဲမှာ ကပစတွေဟာ စစ်တပ်လုံခြုံရေးအပြည့်နဲ့ ဝန်ထမ်းရာနဲ့ချီ၊ တချို့စက်ရုံတွေမှာ ထောင်နဲ့ချီပြီး လည်ပတ်လေ့ရှိပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ မြိုင်မြို့နယ် ပကဖက ပေါက်မြို့နယ်မှာရှိတဲ့ ကပစ-(၂၄) ကို အဓိက ပေးပို့နေတဲ့လျှပ်စစ်ဓာတ်အားလိုင်း မီးတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ပခုက္ကူခရိုင်တပ်ရင်း အမှတ်-၄၊ ၁၁ နဲ့ ၁၉ တပ်ရင်းတွေက ဆိပ်ဖြူမြို့နယ် ကပစ (၂၂) ကို ပေးပို့နေတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲခဲ့ပါတယ်။

ပေါက်မြို့နယ်က ကပစ (၂၄) ဟာ တာတိုပစ်လက်နက်ကြီး အစိတ်အပိုင်းတွေကို ထုတ်လုပ်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ယခင်က ဒီစက်ရုံဟာ အလူမီနီယံကုန်ကြမ်း ထုတ်လုပ်ရေးလုပ်ကိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှာ မှတ်တမ်းတင်ထားတဲ့ စက်ရုံပါ။ ၂၀၁၄ ခုနှစ်က ယူနတီဂျာနယ်က ကပစ (၂၄) ဟာ လျှို့ဝှက် ဓာတုလက်နက်စက်ရုံဖြစ်ကြောင်း စုံစမ်းရေးသားခဲ့ရာမှာ သတင်းအဖွဲ့ကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့တာကြောင့် နာမည်ကျော်ခဲ့တဲ့ လက်နက်စက်ရုံလည်း ဖြစ်ပါတယ်။

ဆိပ်ဖြူမြို့နယ် ကပစ (၂၂) ဟာ ရိုင်ဖယ်နှင့် လက်နက်ငယ်များ အဓိကထုတ်လုပ်တဲ့ စက်ရုံဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ လေယာဉ်တွေက ကြဲချတဲ့ ဗုံးသီးတွေကို အဓိက ထုတ်လုပ်နေတာဖြစ်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်းကလည်း ဆောမြို့နယ် လောင်းရှည်ဒေသက ကပစ-၂၅ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေနဲ့ ဆိပ်ဖြူနယ် ကပစ-၂၁ ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေကို ဖြတ်တောက်ထားကြပါတယ်။

ကပစ (၂၁) ဟာ ဆိပ်ဖြူမြို့နယ်အတွင်းမှာရှိပြီး လေယာဉ်ဗုံးများ ထုတ်လုပ်ကြောင်း Myanmar Now သတင်းဌာနကရေးသားထားပါတယ်။ ကပစ (၂၅) ကတော့ လက်နက်ငယ် အစိတ်အပိုင်းတွေ ထုတ်လုပ်နေပြီး ကြီးမားတဲ့ လည်ပတ်မှုမရှိသေးကြောင်း ပြည်တွင်းသတင်းတွေက ဆိုထားပါတယ်။

စစ်အုပ်စုရဲ့ ၂၀၂၅ အတွင်း လေကြောင်းအသုံးပြု ဗုံးကြဲချတာတွေမှာ ဗုံးသီးအသစ်တွေကို ချက်ချင်း အသုံးပြုနေရတာဖြစ်တာကြောင့် လျှပ်စစ်ဖြတ်တောက်နိုင်ပါက ဗုံးသီးထုတ်လုပ်မှု အင်အားလျော့သွားနိုင်တယ်လို့ ဆရာကျောင်းက ပြောပါတယ်။

ယမန်နှစ်အစောပိုင်း တိုက်ပွဲတွေမှာ စစ်အုပ်စုက စစ်သားတစ်ယောက်အတွက် ဝေစုကျည် ၇၀၀ ခန့်ပေးပြီး ရှေ့တန်းထွက်ခိုင်းတဲ့ အလေ့ရှိပေမဲ့ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်သားတွေကို ကျည် ၂၀၀ ခန့်ပဲ ပေးပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ခဲယမ်းလိုအပ်ချက်ရှိပါက လေကြောင်းကနေ လေထီးနဲ့ ပြန်လည်ထောက်ပို့တာမျိုးတွေ လုပ်ဆောင်လာတယ်လို့ဆရာကျောင်းက ပြောပါတယ်။

နိုင်ငံအနှံ့က စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေနဲ့ နီးစပ်ရာဒေသမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ဖြတ်တောက်ရေး လုပ်ဆောင်ကြဖို့ သူက ဆိုပါတယ်။  ကပစ စက်ရုံတွေဟာ မကွေးတိုင်းပြီးရင် ပဲခူးတိုင်းအတွင်းမှာ ၇ ခုနဲ့ ဒုတိယ အများဆုံးတည်ရှိပါတယ်။ 

စက်ရုံတွေဟာ  လျှပ်စစ်မီးသာမကဘဲ၊ ရေနဲ့ တခြား ထောက်ပံ့ရေးဖြတ်တောက်မှုတွေကိုလည်း ဆရာကျောင်းက အကြံပေးပါတယ်။

မကွေးတိုင်းအတွင်း ကပစ တစ်ခုသို့ သွယ်တန်းထားသည့် လျှပ်စစ်တိုင်တစ်ခုကို ဖောက်ခွဲအပြီး၊ ဓာတ်ပုံ/ ဒေသခံတော်လှန်ရေးအဖွဲ့

CDM ဗိုလ်ကြီးဟောင်း ဇင်ယော်က ရေနဲ့ လျှပ်စစ်ဖြတ်တောက်တာဟာ ကုန်ကျစရိတ်နည်းပြီး ထိရောက်တဲ့ “သွေးမထွက်၊ ငွေမကုန်တဲ့” စစ်ဆင်ရေးလို့ သူက သုံးနှုန်းပါတယ်။ ဒါ့အပြင် ချိုးဖြတ်ခံရတဲ့ လျှပ်စစ်တိုင်တွေကို လာရောက်ပြင်ဆင်တဲ့ စစ်အုပ်စုတပ်တွေကိုလည်း တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်း တိုက်ခိုက်နိုင်တယ်လို့ MFP ကို ပြောပါတယ်။

လက်နက်ငယ်တစ်ခုကိုင်တွယ်ကြည့်ရှု့နေသော စစ်ခေါင်းဆောင် (ပုံဟောင်း)

“တာဝါတိုင်တွေ လှဲတာအပြင် ပြီးရင် ရေလိုင်းဆိုတာ ရှိတယ်။ ဒေသခံတွေ အသိဆုံးပဲ။ ကပစစက်ရုံတွေ အများဆုံးကရေထွက်ကောင်းရင်ကောင်း၊ မကောင်းရင် ဆည်တွေကနေ ရေက သွယ်ရတာ။ ရေလိုင်းဆိုတဲ့ သဘောကလည်း အဖြောင့်ပဲဆွဲတာဆိုတော့ မီးလိုင်းက လူမြင်တယ်၊ အခက်အခဲများတယ်ဆိုရင်လည်း ရေလိုင်းတွေကို ဖြတ်ရင်လည်း ရတယ်” လို့ သူကဆိုပါတယ်။

“ရေပဲဖြတ်ဖြတ်၊ မီးပဲဖြတ်ဖြတ်။ တချို့ ကပစတွေမှာဆို အပြင်ဘက်က ရေတွင်းတွေကနေ သူတို့ ကပစထဲကို ရေသွင်းတာ ရှိတယ်။ ဒါတွေလည်း ကျွန်တော်တို့က အကုန်ခွဲပစ်မှာပဲ” လို့ မကွေးတိုင်း တော်လှန်ရေးတပ်ဖွဲ့က ဆရာကျောင်းကအားတက်သရော ဆိုပါတယ်။

ဒါပေမဲ့လည်း ယုန်ထောင်ကြောင်မိမဖြစ်ဖို့၊ မြို့ရွာတွေထဲသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ မထိမိဖို့ “တစ်ချက်တော့ ကြည့်ပေါ့နော်။ ကပစကို သွားတဲ့ မီးလိုင်း လုံးဝသီးသန့်ဖြစ်ဖို့ လိုတယ်။ အဲ့ကြားတွေထဲ ဝင်ပြီးခွဲနိုင်ဖို့တော့ လိုတယ်” လို့ သူက ပြောပါတယ်။




Related Articles

Back to top button