ချောင်းဦးမြို့ပေါ် ရွေးကောက်ပွဲ လုပ်နေချိန် ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်း လက်နက်ကြီး ထုခံရ၊
ဆီတစ်ဗူး ကျပ် ၃၀၀၀ နဲ့ စျေးလျော့ရောင်းပြီး မဲလာပေးဖို့ စည်းရုံးခဲ့၊
စစ်အုပ်စုကလည်း ချောင်းဦးနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲ၊ လက်နက်ကြီး ထုနေ၊
ဆီတစ်ဗူး ကျပ် ၃၀၀၀ နဲ့ စျေးလျော့ရောင်းပြီး မဲလာပေးဖို့ စည်းရုံးခဲ့၊
သုထက်/MFP၊ ဇန်နဝါရီ – ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေချိန် စစ်အုပ်စု အခြေပြုရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနရုံး (ထွေအုပ်ရုံး)နဲ့ မြို့မ ရဲစခန်းတွေ လက်နက်ကြီး ပစ်ခတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၁၁ရက် ဒီကနေ့ ချောင်းဦးမြို့ပေါ် စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေချိန် မနက် ၈နာရီခွဲကျော်အချိန်မှာ ထွေအုပ်ရုံးနဲ့ ရဲစခန်း လက်နက်ကြီး ပစ်ခတ်ခံရတာဖြစ်ပြီး စစ်အုပ်စုကလည်း မြို့ပြင် ကျေးရွာတွေဘက် ပြန်လည် ရမ်းကားပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးအသံက ရှစ်ချက်လောက် ကြားရတယ်။ ပေါက်ကွဲသံကြားရတယ်၊ ထိခိုက်မှု ရှိမရှိတော့ မသိရဘူး။ ခွေးတွေဘက်ကလည်း ပြန်ထုတယ်။ အခု စခတွေဘက်က ပါရာမော်တာ (Paramotor – စက်တပ်လေထီး) ချနေပြီ ချောင်းဦးနယ်ကို” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ၁၁နာရီကျော်အချိန်မှာ စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဂျိုင်အိုကော်ပရာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နဲ့လည်း ချောင်းဦးနယ် တောင်ဘက်ပိုင်း ကျေးရွာတွေကို ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံ မြေပြင်ကင်းထောက်အဖွဲ့ ချောင်းဉီး ပကဖ သတင်း ရန်ရှင်းက ဖော်ပြပါတယ်။
ချောင်းဦးမြို့ပေါ်မှာ စစ်အုပ်စုက မဲရုံသုံးရုံထားရှိကာ ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး မဲရုံတွေဟာ ရွှေဂူဘုရားဝန်းအတွင်းရှိ နဂါးနီဗိမ္မာန်၊ ရွှေဂူဘရားပွဲတော် ကျင်းပချိန်မှာ အသုံးပြုတဲ့ ဇာတ်ရုံနဲ့ ချောင်းဦးမြို့ ရဲလှေရပ်ကွက်မှာရှိတဲ့ အမှတ်၇ အလက ကျောင်းတွေမှာ မဲရုံတွေ လုပ်ထားတာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ မဲလာပေးဖို့ စစ်အုပ်စုက စားသုံးဆီတွေကို စျေးလျော့ရောင်းကာ စည်းရုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ချောင်းဦးမှာ ရှိတဲ့ စစ်သားတွေဟာ ဇန်နဝါရီ ၁၀ရက် မနက်ပိုင်းမှာ ထွေအုပ်ရုံးရှေ့ကနေ စားဆီတစ်ဗူး ၃၀၀၀ (ကျပ်)နဲ့ ရောင်းပြီး ၁၁ရက်နေ့မှာ မဲလာပေးဖို့ စည်းရုံးခဲ့တယ်”
ချောင်းဦးမြို့ပေါ် ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေကြောင့် မဲပေးလာတဲ့ ပြည်သူအရေအတွက်ကို မခန့်မှန်းနိုင်သေးဘဲ မြို့ခံအများစုကတော့ အိမ်ထဲမှာပဲ နေကြတယ်လို့ ဆိုပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်ကလည်း ချောင်းဦးမြို့ထဲကနေ အနီးဝန်းကျင် ကျေးရွာတွေဘက် စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်တာ၊ နမခတက် ပါရာမော်တာ၊ ဂျိုင်အိုကော်ပရာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေ ရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်မှာ မြို့ပေါ် ရပ်ကွက် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၆ခု၊ လူဦးရေ စုစုပေါင်း ၁၀၅,၉၅၅ ဦး ရှိပြီး မြို့ပြလူဦးရေ ၂၀ ဒဿမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။
ချောင်းဦးမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် ခြောက်ရပ်ကွက်မှာသာ ရွေးကောက်ပွဲ လုပ်နိုင်ပြီး ကျေးရွာအုပ်စုပေါင်း ၂၆ အုပ်စုလုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စု၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိပေမယ့် ချောင်းဦးမြို့မှာ လုပ်တဲ့ ရွေးကောက်ပွဲ မဲပေးသူတွေ စည်ကားတယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ချောင်းဦးမြို့ပေါ် စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးသူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



