ဘုတလင်မှာ မြို့ပေါ် သုံးရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၄ ခုရှိပြီး မြို့ပေါ်မှာသာ ရွေးကောက်ပွဲ လုပ်နိုင်၊
သုထက်/MFP၊ ဇန်နဝါရီ – ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ရှိ မဲရုံမှာ မဲပေးသူတွေ စည်ကားတယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ဘုတလင်မြို့ပေါ် အာဏာသိမ်း စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲမှာ မဲလာပေးသူတိုင်းကို ဆန်၊ ဆီနဲ့ ခေါက်ဆွဲခြောက်တွေ ပေးဝေနေတာကြောင့် မဲလာပေးသူတွေ ကြိတ်ကြိတ်တိုးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဘုတလင်တမြို့နယ်လုံးမှာ စစ်အုပ်စုက မဲရုံတစ်ရုံတည်းသာ ထားရှိပြီး အဲ့ဒီ မဲရုံကို မဲလာပေးသူတိုင်းကို ဆန် သုံးပြီ၊ ဆီတစ်ဗူးနဲ့ ခေါက်ဆွဲခြောက် တစ်ထုပ် ပေးဝေနေတာလို့ ဆိုပါတယ်။
အဲ့ဒီ မဲရုံကိုကြီးကြပ်တဲ့ စစ်အုပ်စုက မဲပေးလာသူတွေကို ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် ပေးမှာဖြစ်ပြီး အကြိမ်ကြိမ် အခါခါ မဲလာပေးလျင်လည်း ဆန်၊ဆီ၊ ခေါက်ဆွဲခြောက်တွေ ထပ်ပေးမယ်လို့ ပြောကြားတဲ့ အတွက် ပြည်သူတွေ မဲပေးဖို့ တန်းစီနေကြတာလို့ ဆိုပါတယ်။
“ဗန္ဓုလမြင်းစီးကြေးရုပ်လမ်းဆုံကနေ မဲရုံအထိ လူတွေ ကြိတ်ကြိတ်တိုးနေတယ်။ တချို့က မိသားစုလိုက် ဆန် ငါးအိတ် ရသူ၊ ခုနှစ်အိတ် ရသူတွေ ရှိတယ်” လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဘုတလင်မြို့မှာ ခုံမင်းကြီး၊ ဗန္ဓုလနဲ့ မြဝတီရပ်ကွက်ဆိုတဲ့ မြို့ပေါ် သုံးရပ်ကွက်ရှိရာ မြဝတီရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးရှိရာ OSS (One Stop Service) ရုံးမှာ မဲရုံဖွင့်လှစ်ထားတာ ဖြစ်ပြီး တမြို့လုံးက ပြည်သူတွေ အဲ့ဒီ မဲရုံကို သွားရောက် မေးပေးကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်မှာ ဘုတလင်မြို့မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ဘုတလင်နယ်ထဲ လေကြောင်းဗုံးကြဲတာ၊ စစ်ကြောင်းထိုးတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဘုတလင်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။
လက်ရှိမှာ ဘုတလင်မြို့ပေါ်က စစ်ဘေးရှောင်ပြည်သူ အများစု ဘုတလင်မြို့ပေါ် ပြန်လည် ဝင်ရောက် နေထိုင်နေကြပြီ ဖြစ်ကာ မဲမပေးလိုသူတွေကသာ ဆက်လက် စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ် ရပ်ကွက်နေသူတွေ အိမ်ပြန်ခွင့်မရပေမယ့် ကျေးရွာတွေကို စစ်အုပ်စုက ဆက်လက်စစ်ကြောင်းထိုး၊ ဗုံးကြဲ၊ သတ်ဖြတ်နေဆဲမို့ ကျေးရွာတွေက ပြည်သူတွေကတော့ အိမ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
ဘုတလင်မြို့မှာ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အပြည့်အဝ မလည်ပတ်နိုင်တာ နှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်ပေမယ့် ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် ယခုဇန်နဝါရီ လဆန်းမှာ စစ်အုပ်စုက Non CDM တွေကို မုံရွာမြို့ကနေ ပြန်ခေါ်လာပြီးနောက် မြို့ကို ပိတ်ဆို့ကာ မဲပေးစက်ကိုင်တွယ်နည်း သင်တန်းပေး၊ မဲရုံဖွင့်ကာ ရွေးကောက်ပွဲကို ယခုလို ဖုတ်ပူမီးတိုက် ထလုပ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဘုတလင်မြို့ပေါ် မဲပုံးထောင်နိုင်ပြီးနောက် ဇန်နဝါရီ ၈ ရက်က စတင်ပြီး ဘုတလင်မြို့ပေါ်ရှိ နေအိမ်တွေကို တအိမ်တက်ဆင်း ဝင်ရောက်ကာ မဲပေးဖို့ လိုက်ပြောတယ်လို့ မြို့ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“မဲပေးလာဖို့ စစ်သား ခြောက်ယောက်လောက် သေနတ်တွေနဲ့ လာစည်းရုံးတယ်။ မဲပေးလာရင် ဆန်နဲ့ ဆီ ပေးမယ်လို့ ပြောသွားတယ်”
ဘုတလင်မြို့နယ်မှာ မြို့ပေါ် ရပ်ကွက် သုံးရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စု ရှိတာ ဖြစ်ပြီး အဲ့ဒီ ၅၄ အုပ်စုစလုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားပါတယ်။
ဘုတလင်မြို့နယ်မှာ လူဦးရေ စုစုပေါင်း ၁၂၃,၅၃၉ ဦးရှိပြီး မြို့ပြလူဦးရေ ၄ ဒဿမ ၂ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၁၄ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ရွေးကောက်ပွဲ အပိုင်း ၂အဖြစ် ဘုတလင်မြို့နယ် အပါအဝင် ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ရေဦးမြို့နယ်၊ စုစုပေါင်း ၁၁ မြို့နယ်မှာ လုပ်နေတာ ဖြစ်ပါတယ်။
ဘုတလင်မြို့ပေါ် မဲရုံမှာ မဲပေးနေသူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



