စစ်ကိုင်းသတင်း

တရုတ်ပိုင် ယန်စီကုမ္မဏီ လုံခြုံရေး စစ်အုပ်စုက စီးနင်း ပစ်ခတ်လို့ ကြေးနီစက်ရုံ CDM ဝန်ထမ်းတစ်ဦး သေဆုံး၊

တရုတ်ကုမ္ပဏီက လျော်ကြေးပေးတာ မရှိသေး၊

သုထက်/MFP၊ ဇန်နဝါရီ – ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာယန်စီကုမ္ပဏီကို လုံခြုံရေးယူ ဂိတ်စောင့်ပေးနေတဲ့ စစ်အုပ်စုက မနေ့က ညနေပိုင်း ဝါးတန်းကျေးရွာကို စီးနင်းပစ်ခတ်ခဲ့ရာ ရွာခံပြည်သူ အမျိုးသားတစ်ဦးကို သေဆုံးပြီး နေအိမ်လည်း ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၁၁ရက် မနေ့က ညနေ ၄နာရီကျော်အချိန် တရုတ်ပိုင် မြန်မာယန်စီ ကြေးနီကုမ္ပဏီဝင်းထဲက ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ စက်ရုံရဲ့ လမ်းတဖက်ခြမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းကျေးရွာကို စီးနင်းကာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဝါးတန်းကျေးရွာကို စီးနင်းပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းထဲနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးက ရွာတောင်ပိုင်းရှီ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပျက်စီးသလို အိမ်ထဲရှိ အမျိုးသားတစ်ဦး သေဆုံးတာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။

“ဘုန်းကြီးကျောင်းထဲ တပ်စွဲတဲ့အချိန် (လက်နက်ကြီး) ထုတာ။ လက်နက်ကြီးစ မှန်ပြီး လက်ပြတ်သွားတယ်၊ အသက်လည်း သေတယ်” လို့ ရွာခံတစ်ဦးက MFP ကို ပြောပါတယ်။

သေဆုံးသူ ဝါးတန်းရွာခံ အမျိုးသားဟာ အသက် ၄၅နှစ်အရွယ် ကိုသန်းဇော် ဖြစ်ပြီး တရုတ်ပိုင် ယန်စီကုမ္ပဏီမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ CDM ပြုလုပ်ထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ မိသားစုတွေဟာ အချိန်မီ စစ်ဘေးရှောင် ထွက်ပြေးနိုင်ခဲ့ပေမယ့် သေဆုံးသူကတော့ ကျန်းမာရေး သိပ်မကောင်းတာကြောင့် ချက်ချင်းမပြေးသေးဘဲ အခြေအနေ ကြည့်ပြီးမှ လိုက်လာမယ်လို့ ပြောဆိုကာ နေအိမ်မှာပဲ ကျန်ရစ်ချိန် ယခုလို တရုတ်စက်ရုံဂိတ်အစောင့် စစ်အုပ်စု လက်ချက်နဲ့ သေဆုံးရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ပိုင် ယန်စီကုမ္ပဏီကတော့ စက်ရုံလုံခြုံရေး စစ်အုပ်စု လက်ချက်နဲ့ CDM ဝန်ထမ်း သေဆုံးရတဲ့အပေါ် တစုံတရာ ဆက်သွယ်ဖြေရှင်းဆောင်ရွက်တာမျိုး မရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၁၁ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ တရုတ်ပိုင် ယန်စီကုမ္ပဏီ ကြေးနီစက်ရုံဝင်းထဲ လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် စက်ရုံလုံခြုံရေး စစ်အုပ်စုက အခုလို စက်ရုံနဲ့အနီးဆုံးရွာကို စီးနင်းကာ ရမ်းကားပစ်ခတ် လူသတ်ပြတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့ စံပယ်တောင်တွေကို ဖြိုကာ တရုတ်ပိုင် မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတွေက ကြေးနီတူးနေတာ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် တရုတ်နဲ့ စစ်အုပ်စု ပေါင်းကာ ဒေသတွင်း အဓမ္မမြေယာသိမ်းယူပြီး စက်ရုံဧရိယာ ချဲ့ထွင်တာ၊ လမ်းဖောက်တာ၊ စက်ရုံလုံခြုံရေး အကြောင်းပြပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မေလကလည်း ယန်စီကုမ္ပဏီ လုံခြုံရေး စစ်အုပ်စုဟာ ဝါးတန်းကျေးရွာကို စီးနင်းလုယက်ပြီး နေအိမ်ခြောက်လုံးကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

မနေ့က ညနေပိုင်း ဝါးတန်းကျေးရွာကို စီးနင်းတဲ့ စစ်အုပ်စုဟာ ကျေးရွာအတွင်း ထင်တိုင်းကျဲ ရမ်းကားပစ်ခတ်ပြီးနောက် ညနေ ၆နာရီကျော်အချိန်မှာ တရုတ်ပိုင် ယန်စီကုမ္မဏီအတွင်း ပြန်လည် ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

တရုတ်ပိုင် ယန်စီကုမ္မဏီ လုံခြုံရေး စစ်အုပ်စုက ပစ်ခတ်လို့ သေဆုံးသူနဲ့ ပျက်စီးတဲ့ အိမ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button