သတင်း

တအာင်းတော်လှန်ရေးနေ့ စစ်အင်အား ၁၅၀၀ ကျော်နဲ့ TNLA စစ်ရေးပြ ချီတက် (Photo News)

PSLO/PSLA လက်နက်ဖြုတ်သိမ်းခံရတဲ့ နေရာမှာပဲ သမိုင်းဝင် အခမ်းအနား ကျင်းပနိုင်ခဲ့လို့ TNLA ဖော်ပြ၊

PSLO/PSLA လက်နက်ဖြုတ်သိမ်းခံရတဲ့ နေရာမှာပဲ သမိုင်းဝင် အခမ်းအနား ကျင်းပနိုင်ခဲ့လို့ TNLA ဖော်ပြ၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၃

၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ဇန်နဝါရီ ၁၂ရက်က တအာင်းဒေသ၊ မန်တုံမြို့မှာ ကျင်းပခဲ့ရာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA က စစ်အင်အား ၁၅၀၀ ကျော်နဲ့ စစ်ရေးပြချီတက်ခဲ့တယ်လို့ TNLA က သတင်း ထုတ်ပြန်ပါတယ်။

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်း၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ အပါအဝင် PSLF/TNLA အရာရှိ၊ အရာခံတွေ၊ ရဲဘော်ရဲမေတေါနဲ့ ထောင်ချီတဲ့ ဒေသခံပြည်သူတွေ တက်ရောက်တယ်လို့ ဆိုပါတယ်။

“အခမ်းအနားအတွင်း PSLF/TNLA မှ စစ်သည်တော် အင်အား (၁၅၀၀) ကျော်ဖြင့် စစ်ကြောင်း (၁၅) ကြောင်း ခွဲကာ စစ်ရေးပြ ချီတက်ပြသခဲ့ပြီး ဂုဏ်ပြုစစ်ကြောင်းအဖြစ်(၁) တားခွန်အေးစစ်ကြောင်း(၂) တားခွန်သောင်းစစ်ကြောင်း(၃) တားဂေါင်းဂျားစစ်ကြောင်း(၄) တားအပန်းစစ်ကြောင်း(၅) တားမူဆယ်စစ်ကြောင်း(၆) တားရောဘတ်စစ်ကြောင်းတို့မှ စစ်ရေးပြ သရုပ်ဖော်ပြသခဲ့ကြသည်။ ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲကာလအတွင်း အသက်ပေးလှူ ခဲ့ကြသည့် TNLA တပ်မဟာမှူးများဖြစ်သည့် တားရောဘတ်၊ တားညီလတ်နှင့် တားညီဆမ်တို့အား သူရဘွဲ့ဆုများ ချီးမြှင့်ခဲ့ပြီး အားကစား ဘောလုံးပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်” လို့ TNLA က ထုတ်ပြန်ပါတယ်။

တအာင်းတော်လှန်ရေးနေ့ TNLA ရဲ့ စစ်ရေးပြချီတက်ပွဲမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက် ရရှိထားတဲ့ လေယာဥ်ပစ်လက်နက်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာအမြောက်နဲ့ ဆင်တွေကိုပါ အသုံးပြု ချီတက် ပြသခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းအမျိုးသားတော်လှန်ရေးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး (PNF) ကနေ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၀၅ မန်တုံမြို့ အားကစားဘောလုံးကွင်းမှာ PSLO/PSLA အဖွဲ့ကို စစ်အုပ်စုက လက်နက်ဖြုတ်သိမ်းခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယခု ၆၃ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို အဲ့ဒီ လက်နက်ဖြုတ်သိမ်းခံရတဲ့  မန်တုံမြို့ အားကစားဘောလုံးကွင်း၊ ယခင်သမိုင်းဝင် နေရာတစ်ခုတည်းမှာပဲ PSLF/TNLA က ကျင်းပနိုင်ခဲ့ပြီး တအာင်းအမျိုးသားတစ်ရပ်လုံးအတွက် ဂုဏ်ယူဖွယ်၊ သမိုင်းဝင် အခမ်းအနားဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button