ဝက်လက်နယ် မြစ်ရိုးရှိ ရေကမိုးရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့နေ၊
စစ်အုပ်စုက နှစ်ဖွဲ့ခွဲ ရွာစဉ်ပတ်မွှေကာ မီးရှို့၊ ဓားစာခံဖမ်း၊ အဓမ္မကျင့်၊ ရန်ပြုနေလို့ ဝက်လက်နယ် အရှေ့ခြမ်း ကျေးရွာတွေ ထွက်ပြေးနေရ၊

စစ်အုပ်စုက နှစ်ဖွဲ့ခွဲ ရွာစဉ်ပတ်မွှေကာ မီးရှို့၊ ဓားစာခံဖမ်း၊ အဓမ္မကျင့်၊ ရန်ပြုနေလို့ ဝက်လက်နယ် အရှေ့ခြမ်း ကျေးရွာတွေ ထွက်ပြေးနေရ၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းနဘူးရှိ ရေကမိုးကျေးရွာကို စစ်အုပ်စုက မနေ့ကတည်းက စီးနင်းလုယက်နေပြီး ဒီကနေ့ ညနေပိုင်းမှာ ရွာကို မီးတင်ရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ရွှေဘိုနယ်၊ ကျောက်မြောင်းမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ) ၁၂ ကနေ လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး ဇန်နဝါရီ ၁၃ရက် ဒီကနေ့ ညနေ ၅နာရီလောက်က စလို့ ရေကမိုးရွာကို မီးရှို့တာဖြစ်ပြီး ရွာထဲကနေ မီးခိုတွေ တက်နေတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။
“အခု ဝက်လက်နယ်မြို့နယ် အရှေ့မြောက်ခြမ်း ရေကမိုးရွာကို မီးရှို့နေပါတယ်။ အဲ့ဒီ ခွေးကြောင်းက ကျောက်မြောင်း ခလရ ၁၂ က လာပြီး ထုံးလိုရွာထဲ အထိုင်ချထားတာ။ အခု ရှို့နေတာဆိုတော့ ဘာမှ ထပ်မသိရသေးဘူး”
အဲ့ဒီ စစ်အုပ်စုဟာ ဇန်နဝါရီ ၁၂ရက် မနေ့က မနက်ပိုင်း ထုံးဘိုနဲ့ရှားကွဲရွာကတဆင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ရေကမိုးရွာကို စီးနင်းကြပြီးနောက် ဒီကနေ့ ညနေပိုင်းမှာ ရွာကို မီးတင်ရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးအတွက် ဒီဇင်ဘာလကစလို့ ကျောက်မြောင်းကနေ လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စု တစ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် မင်းကွန်းဘက်ကလာတဲ့ အင်အား ၁၅၀ ခန့်ပါ တစ်ဖွဲ့နဲ့ နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ကျေးရွာတွေကို စီးနင်းကာ လူသတ်တာ၊ လုယက်မီးရှို့တာ၊ ဒေသခံတွေက ဓားစာခံဖမ်းပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မင်းကွန်းဘက်က လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ ရှိန်းမကားရွာကတဆင့် ဇန်နဝါရီ ၁ရက်ကနေ ၃ရက်အတွင်း ဝက်လက်နယ်အရှေ့ခြမ်း ရွာသစ်ရွာထဲ ယာယီ စခန်းချကာ ရွာသစ်၊ အင်ဒေါင်းနဲ့ မင်းရွာတောင် စတဲ့ ကျေးရွာတွေက ဆယ်နဲ့ချီတဲ့ ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခဲ့ပြီးနောက် အဲ့ဒီ ဖမ်းမိသူတွေထဲက အမျိုးသမီး ငါးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၃ရက် ညနေပိုင်းမှာ ရွာသစ်ရွာထဲက နေအိမ်လေးလုံး အပါအဝင် မီးဖိုချောင်နဲ့ နွားစာတဲတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အဓမ္မပြုကျင့်ထားတဲ့ အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ ဆက်လက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ယမန်နေ့က ရှိန်းမကားရွာထဲ ပြန်ဝင်သွားပြီး ဒေသခံပြည်သူ အမျိုးသားတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဆက်လက် ဖမ်းခေါ်သွားကာ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
“ဓားစာခံ ဖမ်းထားတဲ့ ယောက်င်္ကျားလေး ခုနှစ်ဦးကို ပြန်မလွှတ်သေးဘူး။ ရှိန်းမကားခွေးခြံထဲ ခေါ်သွားတာ” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ဝက်လက်နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို ဗုံးပတ်ကြဲနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဝက်လက်နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက ၁၄ ကြိမ် ဗုံးကြဲရာ ရဟန်းသံဃာ၊ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ၂၆ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရေကမိုး၊ ထုံးဘို၊ ရှားကွဲ၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ ရွာသစ်၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိမ်းမကား၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင်၊ လှေပို့ဆိပ် စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဝက်လက်နယ်နဲ့ ထိစပ်နေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားသလို ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကိုလည်း လိုက်လံ ဗုံးကြဲသတ်ဖြတ်နေပြီး ဝက်လက်နယ်အတွင်း နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။


ဝက်လက်နယ် စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရေကမိုးရွာကို စစ်အုပ်စုက မီးရှို့နေစဉ်/Photo – Wetlet Informational Network
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



