စစ်ကိုင်းသတင်း

ကျွန်းလှနယ်ကို စစ်အုပ်စုက ဂျက်ဖိုက်တာလေးစီးနဲ့ တစ်ရက်ထဲ ၁၃ ကြိမ် ဗုံးကြဲ၊

နွေဦး/MFP၊ ဇန်နဝါရီ -၁၄

စစ်ကိုင်းတိုင်း၊ ကျွန်းလှနယ်အနောက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီလ ၁၄ရက် ဒီနေ့တစ်ရက်ထဲမှာပဲ စစ်အုပ်စုတပ်က လေကြောင်းကနေ ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျွန်းလှနယ်အနောက်ခြမ်းက တစ်နေရာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာသုံးစီးနဲ့ နေ့လယ် ၁၂ နာရီကနေ ၃ နာရီအထိ ကိုးကြိမ်ဗုံးကြဲခဲ့သလို ညနေ ၃ နာရီ ၄၇ မိနစ်ကနေ ၃နာရီ ၅၁ မိနစ်အထိ ဂျက်ဖိုက်တာတစ်စီးနဲ့ လေးကြိမ်ဆက်တိုက် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိပေမဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ အဲဒီအခြေအနေကိုသိတဲ့ ကန့်ဘလူနယ်ခံတစ်ဦးက ပြောပါတယ်။

“ လေးစီးရှိပြီဗျ လာပစ်တာ၊ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့လည်း အတိအကျတော့ မသိဘူး။ ပေါင်သုံးရာဗုံးတွေ ကြဲခဲ့တာလို့ ပြောပါတယ်”

အာဏာသိမ်းပြီးနောက် စစ်အုပ်စုတပ်ဟာ စစ်ကိုင်းနဲ့မကွေးအပါအဝင် စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို ဖုန်းနဲ့ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အခြေအနေအသေးစိတ်ကိုတော့ MFPအနေနဲ့ အတိအကျ မသိရသေးပါဘူး။

မြေပြင်စစ်ရေးသတင်းတွေကို စုစည်းဖော်ပြနေတဲ့ ကျွန်ူလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကတော့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ MFPကို ပြောပါတယ်။

“ထိခိုက်သေဆုံးတာတော့ အတိအကျ မသိရသေးပါဘူး။ လုံခြုံရေးအရ ရွာနာမည်တွေလည်း မသိရသေးဘူး။ စစ်ရေးလည်းမရှိပါဘူး ဒီအတိုင်းပစ်တာပါ”

လတ်တလောမှာတော့ ကျွန်လှနယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲဖြစ်ပွားနေတာမရှိတာကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ဦးတည်ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တစ်လအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက ခင်ဦး၊ ရွှေဘို ၊ဝက်လက် ၊ကောလင်း ၊မော်လိုက် ၊စစ်ကိုင်း ၊ချောင်ဦး ၊ကန့်ဘလူ ၊ကျွန်းလှ ၊ဘုတလင်စတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုတပ်ရဲ့နေ့စဉ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရခဲ့တယ်လို့ Women for justice – wj က ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျွန်းလှနယ်က ကျေးရွာတွေကို စစ်အုပ်စုတပ် မီးရှီု့ဖျက်ဆီးခဲ့ပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button