စစ်ကိုင်းသတင်း

အရာတော်နယ်ကို စစ်အုပ်စု လေးရက်ဆက်တိုက်ဗုံးကြဲ အရပ်သားလေးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ၊

ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂၀

စစ်ကိုင်းတိုင်း၊ အရာတော်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းအတွင်းက ကျေးရွာတွေကို ဇန်နဝါရီလ ၁၇ ရက်ကနေ ၂၀ ရက်အထိ လေးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်က အရာတော်နယ်တောင်ပိုင်း ကံရင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းအနီးကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်မှာတော့ အရာတော်နယ်မြောက်ခြမ်းက ကျေးရွာတစ်ရွာကို ဂျိုင်ရိုကော်ပတာနဲ့လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတာကလွဲရင် အရပ်သားထိခိုက်သေဆုံးတာမျိုး မရှိဘဲ ဇန်နဝါရီလ ၁၉ ရက် လေကြောင်းတိုက်ခိုက်မှုမှာတော့ အရပ်သားတစ်ဦး သေဆုံးကာ ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အရာတော်မြောက်ပိုင်းက ကျေးရွာတစ်ရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးတွေ ကြဲချခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။

“ထိခိုက်ကတော့ လောလောဆယ်မရှိပါဘူး။ နေအိမ်တွေတော့ ပျက်စီးတာရှိပါတယ်။ ဗုံးက တော်တော်ဝေးဝေးကို ကျသွားလို့ သက်သာသွားတာပါ။ မနေ့က ဖြစ်စဉ်မှာတော့ တစ်ဦးသေဆုံးပြီး ခြောက်ဦးလောက် ဒဏ်ရာရတယ်”

အရာတော်မြို့နယ်ကို အခုရက်ပိုင်းအတွင်းမှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို ဆက်တိုက်နားစွင့်နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ အရာတော်မြို့နယ်ကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲကာ ပြည်သူတွေကို အကြောက်တရားပေးနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

MFPရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလတ်တွေအရ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ဇန်နဝါရီလ ၁၉ ရက် တစ်ရက်ထဲမှာပဲ လေကြောင်းဗုံးကြဲခံရတာကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ – အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အရာတော်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်တာကို မြင်တွေ့ရစဉ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button