MN/MFP ၊ ဇန်နဝါရီ – ၂၀
စစ်ကိုင်တိုင်း၊ မုံရွာခရိုင် ချောင်းဦးမြို့ပေါ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပပြီး တစ်ပတ်အကြာ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးနဲ့ ရုံးအကူတစ်ဦးအပါဝင် လေးဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ MFP က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်မှန်ကန်ကြောင်း ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“အဲဒီဖြစ်စဉ်က မှန်ပါတယ်ဗျ။ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတယ်ဆိုတာကို ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါဗျ။ ချောင်းဦးမြို့ပေါ်ဆိုတာက ရန်သူ(စစ်အုပ်စု)စိုးမိုးထားတဲ့ နေရာပါ။ အဲဒီမြို့ပေါ်ကို ဝင်ရောက်ဖို့ဆိုတာကလည်း ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ခက်ခက်ခဲခဲနဲ့ ဝင်ရတဲ့နေရာပါ။ အဲဒီတော့ မြို့ပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာမဟုတ်ဘူး။ ရွေးကောက်ပွဲကာလတွေတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြို့ပေါ်ကို တက်ပြီးတော့ လှုပ်ရှားခဲ့တာတွေတော့ရှိပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ဝင်ဆွဲသွားတာ ဖြစ်နိုင်ချေများတယ်။ ရန်သူ့ဘက်ကလည်း တခါတလေ ဖမ်းတာဆီးတာတွေရှိတယ်။ ကျွန်တော်တို့လည်း လောလောဆယ်မှာတော့ စုံစမ်းဆဲပါဗျ”လို့ ချောင်းဦးနယ် တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုကိုထောက်ခံအားပေးနေတဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အသက် ၆၉ နှစ်အရွယ် ဦးတင်လှရွှေကို ဇန်နဝါရီ ၁၅ ရက် ညနေ လေးနာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ချောင်းဦးတောင်ရပ်ကွက်ကို ခြေလျင်ထွက်လာချိန် ရွှေပြည်စိန်ဦးဘုရားအနီးအရောက်မှာ PDF တွေက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးအကူဝန်ထမ်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဒေါ်အေးချမ်းမိုးနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၀ အရွယ် ဦးအောင်သက်ကို၊ အဒေါ်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဒေါ်ဝင်းတို့ သုံးဦးကိုတော့ ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီဝန်းကျင်မှာ PDF လေးဦးက မော်တော်ယာဉ်နဲ့ နေအိမ်အတွင်းကို ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ချောင်းဦးမြို့ပေါ်မှာ ဇန်နဝါရီ ၁၁ ရက်က စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီလို ရွေးကောက်ပွဲကျင်းပပြီး တစ်ပတ်အတွင်းမှာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နဲ့ ရုံးအကူဝန်ထမ်းဖြစ်သူနဲ့ မိသားစုတွေကို လက်နက်ကိုင်အဖွဲ့တွေက လာရောက်ဖမ်းဆီးသွားခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအရ အကျပ်အတည်းဆိုက်နေတဲ့ စစ်အုပ်စုတပ်ဟာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာကို ဝင်ဆန့်ဖို့ကြိုးစားနေတာကြောင့် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်သူတွေကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ့်အကြောင်းကို လက်နက်ကိုင်အင်အားစုတွေက အသီးသီးထုတ်ဖော်ပြောဆိုထားကြပါတယ်။
ဓာတ်ပုံ – စစ်အုပ်စု၊ ဇန်နဝါရီ ၁၁ ရက်က ချောင်းဦးမြို့ပေါ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



