စစ်ကိုင်းသတင်း

ဝက်လက်နယ်မှာတစ်လနီးပါးအကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်က ရွာသစ်ရွာကို မီးရှို့နေ၊စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်ဘေး ရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရ၊

MN/MFP ၊ ဇန်နဝါရီ – ၂၀

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့မြောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို တစ်လနီးပါးကြာ စီးနင်းလုယက်မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုတွေဟာ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှာ ရွာသစ်ကျေးရွာထဲက နေအိမ်တွေကို ဖောက်ထွင်းလုယက်ပြီး နှစ်ကြိမ်ခွဲ မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဝက်လက်နယ်မှာ စစ်အုပ်စု စစ်ကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဝက်လက်နယ် အရှေ့မြောက်ခြမ်းမှာ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်း၊ အရှေ့တောင်ခြမ်း ရှိန်းမကားရွာ စစ်အုပ်စု အထိုင်စခန်းက ဇန်နဝါရီလ ၁၉ရက်က ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းတို့ဟာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ စီးနင်းလုယက် မီးရှို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝက်လက်နယ် အရှေ့ခြမ်းမှာရှိနေတဲ့ နောက်ထပ် အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းကတော့ ကမ်းဖြူရွာဘက်မှာ ရောက်ရှိနေတယ်လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဝက်လက်နယ် အရှေ့မြောက်ခြမ်း ရှားကွဲ(ရွာ)နဲ့ ထုံးဘိုမှာရှိနေတဲ့ စခ စစ်ကြောင်းက ဒီကနေ့ နေ့လယ် သုံးနာရီ ဝန်းကျင်လောက်က ရွာသစ်ရွာကို မီးရှို့တယ်။ မီးရှို့နေတဲ့ စစ်ကြောင်းက အဲဒီရွာမှာပဲ ရှိနေသေးတယ်။ မီးလောင်သွားတဲ့ အိမ်ခြေအရေတွက်ကိုတော့ မသိရသေးဘူးဗျ။ နောက်ထပ် ဝက်လက်နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ စစ်ကြောင်းကတော့ ရှိန်းမကား(ရွာ)အထိုင် စခန်းကထွက်လာပြီးတော့ မနေ့က အင်ဒေါင်းရွာကို ဝင်ပြီးတော့ ဒီနေ့ ၂၀ ရက်နေ့မှာတော့ ကမ်းဖြူရွာကို ဝင်နေတယ်။ သူတို့ စစ်ကြောင်းဝင်လာတဲ့ တလျှောက်လုံး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ပစ်တယ်။ အရှေ့ဘက် စဉ့်ကူးဘက်ခြမ်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်။ ဒေသခံ အထိခိုက်တော့ မရှိဘူး”

ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၂၄ ရက်က ဝက်လက်မြို့နယ်နဲ့ထိစပ်နေတဲ့ ရွှေဘိုနယ် ကျောက်မြောင်းမြို့ရှိ စစ်အုပ်စု အမှတ် – ၁၂ ခြေမြန်တပ်ရင်းက အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းထွက်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်မှာ ဝက်လက်နယ်အရှေ့မြောက်ခြမ်းက ထုံးဘိုရွာကို ဝင်ရောက်စီးနင်းအထိုင်ချပြီး အနီးဝန်းကျင်က ကျေးရွာတွေကို ဒီကနေ့ထိ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အလားတူ ဝက်လက်မြို့နယ်အရှေ့ခြမ်း စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းထဲက ကျွန်းရွာတွေကိုလည်း စစ်အုပ်စုက စီးနင်းလုယက်မီးရှို့နေပြီး ဒီကနေ့ နေ့လယ်ပိုင်းက ပေါက်ကုန်းရွာထဲက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေနဲ့ အရှေ့တောင်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေကမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်ကြီး၊ ကူကြီး၊ ငါးပတ်ချောင်း၊ ရေလည်မော်၊ နတ်မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ မင်းရွာတောင်၊ ရှိန်းမကားရွာသစ်၊ အင်ဒေါင်း၊ ရွာသစ်၊ ငါးရယ် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရတာကြောင့် အအေးမိပြီး စားနပ်ရိက္ခာနဲ့ဆေးဝါး မလုံလောက်တာကြောင့်
သေဆုံးသူတွေ ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဝက်လက်နယ်ထဲက တပ်၊ သစ်ချိုကုန်း၊ ရွာတော်ကုန်းက သက်ကြီးရွယ်အို လေးဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့ရသလို အခုလ ဇန်နဝါရီ ၁၆ ရက် ညပိုင်းကလည်း မတ္တရာမြို့နယ်ဘက်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ အသက်ငါးလနဲ့ ခြောက်လအရွယ်ရှိ မွေးကင်းစ ကလေးငယ်နှစ်ဦး အအေးမိ သေဆုံးတာတွေလည်းရှိနေတာ ဖြစ်ပါတယ်။

ဝက်လက်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေက ပြီးခဲ့တဲလ ဒီဇင်ဘာ ၂၅ ရက်ကနေ အခုလ ဇန်နဝါရီထိ တစ်လအတွင်းမှာ ဒေသခံပြည်သူ အမျိုးသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီး လေးဦးကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်ခဲ့ပြီး ရွာသစ်၊ ရေကမိုး၊ မင်းရွာတောင် စတဲ့ ကျေးရွာတွေထဲက နေအိမ်တွေကို ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဝက်လက်နယ်က ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က စစ်အုပ်စုမီးရှို့ခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button