အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၁
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်မှာ ဇန်နဝါရီလ ၁၆ ရက်ကနေ ဒီနေ့အထိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး မြို့အရှေ့ပိုင်းကကျေးရွာတွေကို လေကြောင်းပစ်တာနဲ့ နေအိမ်တွေမီးရှို့နေတာကြောင့် တော်လှန်ရေး ရဲဘော် ၁၆ဦးနဲ့ပြည်သူနှစ်ဦး ကျဆုံးကာ ကျေးရွာဆယ်ရွာထက်မနည်းက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက ဝန်းသိုအထိုင်တပ်ကနေ ခန့်မှန်းအင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ချဥ်ပစ်ခုံကျေးရွာစျေးကို စစ်ကြောင်းထိုးစီးနင်းကာပြည်သူရာနဲ့ချီကို ဓားစာခံအဖြစ် နာရီပိုင်းအကြာဖမ်းဆီးပြီးနောက် တော်လှန်ရေးအင်းစုတွေနဲ့ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ချဥ်ပစ်ခုံရွာနီးက တောင်မော်ကျေးရွာကို ဝင်ရောက်တပ်စွဲနေထိုင်နေပြီး ဇန်နဝါရီလ ၁၈ ရက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ပေမဲ့ ဇန်နဝါရီလ ၁၉ ရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတဲ့ မြို့အရှေ့ပိုင်းက အလယ်ခုံရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် တော်လှန်ရေးရဲဘော်ကိုးဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ကျောက်တန်းလမ်းဆုံနဲ့ သုံးမိုင်ကျော်ဝေးတဲ့ ပဒုမ္မာကျေးရွာအနီးက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေ ယာယီစုပေါင်းနေထိုင်နေကြတဲ့ စခန်းအနီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၇၀၀ ဗုံးနှစ်လုံးအပြင် အသေခံဒရုန်းတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်ခုနစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးထိမှန် သေဆုံးခဲ့တယ်လို့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။
“ရဲဘော်တွေက လေကြောင်းတိုက်ခိုက်မှုမှာ ကျသွားတာဗျ၊ ရဲဘော်ခုနှစ်ဦး နေရာမှာတင်ကျသွားတယ်၊ အမျိုးသမီးနှစ်ဦးလည်း ဆုံးတယ်။ ထိခိုက်ဒဏ်ရာရသူတွေရှိပေမဲ့ ကြဲနေတဲ့ကြားထဲက လွတ်အောင်ပြေးကြရတော့ အတိအကျတော့ မသိဘူးဗျ၊ ထိတာတော့ထိတယ်။ ဒရုန်းနဲ့ကြဲနေတာက မနေ့ ၂၀ ရက်နေ့ နေ့လည် ၂ နာရီလောက်ကတည်းက တစ်နာရီခြားတစ်ခါ နှစ်နာရီခြားတစ်ခါလာကြဲနေတာဗျ၊ ဒီနေ့ ဒီအချိန်ထိပဲဗျ
လတ်တလောမှာ ဆက်သွယ်ရေး အခက်အခဲကြောင့် သေဆုံးသူတွေရဲ့နာမည်နဲ့ အသေးစိတ်အချက်အလတ်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
ဒါ့အပြင် ဝန်းသိုအခြေစိုက် ခမရ-၁၁၁၊ ၁၂၀ တို့ကနေလည်း အင်အား၂၀၀ နီးပါးပါတဲ့ စစ်ကြောင်းဟာ စစ်ကူပေးဖို့အတွက် ဇန်နဝါရီလ ၂၀ ရက်ကတည်းက ကောလင်းမြို့ကို ဦးတည်စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်အုပ်စုစစ်ကြောင်းထိုး နယ်မြေရှင်းလင်းနိုင်ဖို့အတွက် ဝန်းသိုအခြေစိုက် အထိုင်တပ်စခန်းတွေကနေ ဒရုန်းနဲ့လက်နက်ကြီး ဆက်တိုက်ပစ်ကူပေးနေသလို မြေပြင်စစ်ကြောင်းတွေကလည်း တိုက်ပွဲဆက်ဖြစ်နေတာကြောင့် နှစ်ဖက်အထိအခိုက်အကျအဆုံးတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လတ်တလောမှာတော့ နှစ်ဖက်တိုက်ပွဲဆက်ရှိနေတာကြောင့် ကောလင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာဆယ်ရွာထက်မနည်းက ဒေသခံတစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး စားရေးသောက်ရေးတွေ ခက်ခဲနေတယ်လို့ ပြောပါတယ်။
ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ကောလင်းကို ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကောလင်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု ၄၆အုပ်စုနဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီးလူဦးရေ ၁၄၅,၂၉၇ ဦး နေထိုင်ပါတယ်။
ဓာတ်ပုံ- ဒေသခံ။ ကောလင်းနယ်ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်က စစ်အုပ်စုပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



