မန္တလေးသတင်း

ငါန်းဇွန်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒေသခံတွေကို စစ်အုပ်စု စည်းရုံးရေးဆင်းနေ၊

MN/MFP ၊ ဇန်နဝါရီ – ၂၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာတွေကို ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာ စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူတွေကို စည်းရုံးရေးဆင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

တံတားဦးနယ်ဘက်ကနေ အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုတွေက ငါန်းဇွန်မြို့နယ်အရှေ့ဘက်က သနပ်စစ်ကျေးရွာအုပ်စုထဲက နဘဲပင်ကျေးရွာကို စီးနင်းဝင်ရောက်ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သားတွေကိုခေါ်ဆောင်ကာ ရွေးကောက်ပွဲစည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဒေသခံတွေ ဖမ်းဆီးခံရတယ်ဆိုတာက ပြန်လွတ်တယ်ဗျ။ အရင်ကလို ဖမ်းဆီးတာမျိုးမဟုတ်ဘူး။ အခု စစ်ကြောင်းက ရွေးကောက်ပွဲအတွက် စည်းရုံးရေးလာတဲ့ စစ်ကြောင်းဗျ။ ပြည်သူကို ဒုက္ခပေးတာမရှိသေးဘူး။ တံတားဦးနယ်ဘက်ကနေ စစ်ကြောင်းထိုးလာပြီးတော့ ပြည်သူတွေကို စည်းရုံးရေးဆင်းနေတာပေါ့။ ဘယ်လိုပုံစံမျိုး စည်းရုံးရေး ဆင်းနေတာလဲဆိုတော့ သူတို့လာလို့ တောထဲမှာရှောင်နေကြတဲ့ ပြည်သူတွေကိုတွေ့တယ်ဆိုရင် ခေါ်ပြီးတော့ ရွာထဲမှာပြန်နေခိုင်းတယ်။ ရွာထဲမှာပဲရှိနေကြတဲ့ ပြည်သူတွေဆိုရင် ကိုယ့်အိမ်မှာပဲ ကိုယ်နေခိုင်းပြီးတော့ သူတို့(စစ်အုပ်စု)နဲ့ အစည်းအဝေးလုပ်မယ်လို့ ပြောနေတာ။ အခု စစ်ကြောင်းက နဘဲပင်ရွာထဲမှာပဲ ရှိနေသေးတယ်။ ရွေးကောက်ပွဲအတွက် ပြည်သူတွေကို အဓိက စည်းရုံးရေးလာတဲ့ စစ်ကြောင်းပါ။ အခုလောလောဆယ်မှာ ပြည်သူတွေကို ဘာမှလုပ်တာတော့ မရှိသေးဘူး”

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းဟာ ငါန်းဇွန်နယ်အရှေ့ခြမ်းက သနပ်စစ်ကျေးရွာအုပ်စု နဘဲပင်ကျေးရွာထဲမှာပဲ အထိုင်ချထားတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

ငါန်းဇွန်နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူတွေကို ထွက်မပြေးကြဖို့နဲ့ ကျေးရွာတွေထဲမှာ နေထိုင်ကြဖို့ စည်းရုံးရေးဆင်းတာတွေ လုပ်ဆောင်နေပေမဲ့ ငါန်းဇွန်နယ်နဲ့ထိစပ်နေတဲ့ မြင်းခြံမြို့နယ်ထဲမှာတော့ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့တာတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ငါန်းဇွန်မြို့ပေါ်က ရပ်ကွက်ငါးခုမှာ အတုယောင်ရွေးကောက်ပွဲ အပိုင်း -၃ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ ငါန်းဇွန်မြို့ပေါ်က ပြည်သူတွေကို မဲလာထည့်ကြဖို့ အတွက် စစ်အုပ်စုက စည်းရုံးကာ ကြိုတင်မဲတွေကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၉၂၆၇၈ ဦးရှိကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။ လက်ရှိ စစ်အုပ်စုက ပြုလုပ်မယ့် အတုယောင် ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်ရာမှာတော့ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်မှာသာ ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီး ကျန်တဲ့ ကျေးရွာအုပ်စု ၄၄ ခုမှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

⁨ ⁨ငါန်းဇွန်မြို့ပေါ်မှာ ကြိုတင်မဲပေးနေကြသူတွေနဲ့ ပြည်သူတွေ မဲလာထည့်ကြဖို့ လက်ကမ်းစာစောင်ဝေပြီး စည်းရုံးရေးဆင်းနေတဲ့ စစ်အုပ်စုတွေကို တွေ့ရစဉ် (ဓာတ်ပုံ – စစ်အုပ်စု)⁩

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button