မကွေးသတင်း

မြိုင်နဲ့ပခုက္ကူနယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးကာ စစ်ရှောင်တဲတချို့ကို မီးရှို့ဖျက်ဆီး၊စစ်ကြောင်းတွေကြောင့် ဒေသခံသုံးထောင်ကျော်လည်း စစ်ဘေးရှောင် ထွက်ပြေးနေရ၊

အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၈

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူနယ်အစပ်က ရွာတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပခုက္ကူတပ်မ -၁၀၁ ကနေထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ‌ သုံးထောင်ကျော် စစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး စစ်ရှောင်တဲ ငါးလုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းဟာ ကမ္မမြို့ကတဆင့် တွင်းမကျေးရွာကို ဝင်ရောက်လာတာကြောင့် ကမ္မမြို့ပေါ်က ဒေသခံပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရပြီး မြို့ပေါ်နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် တွင်းမပျူစောထီးစခန်းကနေတဆင့် ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းကျေးရွာနဲ့ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး စစ်ဘေးရှောင်တဲ ငါးလုံးခန့်ကိုစစ်ကြောင်းက မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျေးရွာမီးရှို့တာတွေတော့ မရှိဘူး၊တွင်းမက စစ်ရှောင်တဲ လေးငါးလုံးလောက်မီးရှို့သွားတာတော့ သိရတယ်၊ဒါပေမယ့် စစ်ကြောင်းက အခုမနက်မှ တွင်းမပြန်သွားတာဆိုတော့ သေချာတော့ မသိရသေးဘူး”

စစ်အုပ်စုစစ်ကြောင်းကြောင့် သစ်ပုလွေကုန်းကျေးရွာ၊ သံဘိုကျေးရွာ၊ သာစည်ကျေးရွာနဲ့ တွင်းမကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေ စုစုပေါင်းဒေသခံပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဒီနေ့မနက်မှာတော့ တွင်းမပျုစောထီးစခန်းကို စစ်ကြောင်းပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကြောင်းဟာ ပခုက္ကူတပ်မ -၁၀၁ ကနေ ဇန်နဝါရီလ ၁၆ ရက်နေ့က ထွက်ခွာလာတာဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေနဲ့ စစ်ဘေးရှောင်တောတိုက်တွေကို အသင့်ယူဆောင်လာတဲ့ ဓာတ်ငွေ၊မီးကျည် စတာတွေနဲ့မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်ကလည်း ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဖလံအိုကျေးရွာအနီးက စစ်ဘေးရှောင်‌တဲတွေကို စစ်အုပ်စုစစ်ကြောင်း မီးရှို့ဖျက်ဆီးသွားတာကြောင့် ဒေသခံစစ်ဘေးရှောင်တွေ ထပ်မံစစ်ရှောင် ထွက်ပြေးနေကြရပါတယ်။

ဓာတ်ပုံ – အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်၊ စစ်ကြောင်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြိုင်ဒေသခံတွေကို မြင်တွေ့ရစဉ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button