အာဏာရှင်စနစ် ဆန့်ကျင်ပြီး ဒီမိုကရေးအရေးအတွက် ရပ်တည်တဲ့ ပြည်သူကို ကျေးဇူးတင်ကြောင်း လှည့်လည် သတင်းစကားပါး
ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၁
အာဏာသိမ်းကာလ ငါးနှစ်အတွင်း စစ်အုပ်စုရဲ့ နည်းမျိုးစုံသုံး ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကာ စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ပြည်သူလူထုကြီးကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင် ရပ်တည်ပေးကြပါရန် ပြည်သူလူထုထံ လှည့်လည် သတင်းစကားပါးတဲ့ အစီအစဉ်ကို ဘုတလင်မြို့နယ်သပိတ်အင်အားစုနဲ့ မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ဖေဖေါ်ဝါရီ ၁ရက် ဒီကနေ့ မနက်ပိုင်း ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းတယ်လို့ အကြောင်းပြကာ စစ်အုပ်စုက လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာ ဖေဖေါ်ဝါရီ၁ရက် ဒီကနေ့မှာ ငါးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို နည်းမျိုးစုံသုံးကာ ဖိနှိပ်နေပြီး ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ အရပ်သား ပြည်သူ ၈,၀၀၀ နီးပါး သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို လူ ၃၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖြစ်ကာ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၀၀,၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ပြီး ဒီမိုကရေးအရေးအတွက် အတူတကွ ရပ်တည်တဲ့ ပြည်သူကို ကျေးဇူးတင်ကြောင်း လှည့်လည် သတင်းစကားပါးနေတဲ့ ဘုတလင်နဲ့ မြောင်မြို့နယ် သပိတ်အဖွဲ့ဝင်တွေ/Photo – ဘုတလင်မြို့နယ် လူထုသပိတ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



