စစ်ကိုင်းသတင်း

မုံရွာနဲ့ ချောင်းဦးနယ်ထဲ စစ်အုပ်စု ဗုံးပတ်ကြဲ၊ လက်နက်ကြီး ထုလို့ စစ်ရှောင် မိသားစုတွေ အပါအဝင် ပြည်သူ လေးဦး သေဆုံး၊

စစ်အုပ်စုက ရွာမီးရှို့လို့ နေစရာအိမ်မရှိတော့ဘဲ ဘုန်းကြီးကျောင်းထဲ ခိုလှုံနေသူတွေကို ထပ်မံ ဗုံးကြဲတာ ဖြစ်၊

MN/MFP ၊ ဖေဖော်ဝါရီ – ၄

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေထဲရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးပတ်ကြဲ၊ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာကြောင့် စစ်ဘေးရှောင် မိသားစုတွေ အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် ဒီမနက် အစောပိုင်း မုံရွာမြို့တောင်ဘက်၊ သက္ကယ်ကျင်းကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူတွေ ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက စက်တပ်လေထီး (Paramotor)နဲ့ ဗုံးကြဲတာကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အသက် ၅၀ နဲ့ အသက် ၁၈ နှစ်အရွယ် သားအဖ နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ သက္ကယ်ကျင်းကျေးရွာကို ၂၀၂၄ မတ်လအတွင်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာကို စီးနင်းလုယက်ကာ ရွာခံပြည်သူ လေးဦးကို သတ်ဖြတ်ခဲ့သလို ရွာကို မီးတင်ရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။

စစ်အုပ်စုက လူသတ်၊ လုယက်၊ မီးရှို့ဖျက်ဆီးတာကြောင့် ရွာပျက်လုနီးဖြစ်နေပြီး ပြန်လည် ထူထောင်ရေး မလုပ်နိုင်သေးဘဲ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို စစ်အုပ်စုက ဒီမနက်ပိုင်း ထပ်မံ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၃ ရက် မနေ့က ညဦးပိုင်း ချောင်းဦးမြို့ပေါ်နေ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာကြောင့် ရှမ်းထူးရွာထဲ ကျရောက်ပေါက်ကွဲကာ ရွာခံ ပြည်သူ အသက် ၅၀ ကျော်အရွယ် ညီအစ်မ နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ချောင်းဦးနယ်ခံ တစ်ဦးက ပြောပါတယ်။

“မနေ့က ညပိုင်းမှာ ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ထုတာ။ လက်နက်ကြီးက ပြည်သူနေအိမ်ထဲကို ကွက်တိ ကျတာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီးတော့ အမျိုးသား တစ်ဦး ဒဏ်ရာရသွားခဲ့တယ်ဗျ။ ဒဏ်ရာရတဲ့သူကတော့ (ဒဏ်ရာပြင်း) များတယ်”

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ ထဲနေ စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့၊ လက်နက်ကြီးထု၊ လေကြောင်း ဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မုံရွာမြို့တောင်ဘက် သက္ကယ်ကျင်းကျေးရွာရှိ စစ်ဘေးသင့်ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်စဉ်/Photo – CJ၊ မုံရွာ ရပ်ကွက်ကင်းထောက်များ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button