
မှူးအိန်ဂျယ်လ်/MFP၊ ဖေဖော်ဝါရီ – ၇
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လွှဲပြောင်းလက်ခံ ရရှိထားတဲ့ အာဏာသိမ်း စစ်အုပ်စုက မြို့ကို ပိုမို ထိန်းချုပ်လာနိုင်ပြီး ဖေဖေါ်ဝါရီ ၁၄ရက်မှာ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေ ပြန်ဖွင့်ကာ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်မယ်လို့ သတင်းကြားကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
၂၀၂၄ ဇွန်လမှာ တအာင်းတပ်မတော် – TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပေမဲ့ တရုတ်ရဲ့ အကူအညီနဲ့ ၂၀၂၅ နိုဝင်ဘာမှာ စစ်အုပ်စုက မိုးကုတ်မြို့ကို TNLA လက်ထဲကနေ ပြန်လည် လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်ဆင်နေပြီး Non CDM တွေကို ပြန်လည် ခေါ်သွင်းထားပြီ ဖြစ်သလို လက်နက်ကိုင်တွေကိုလည်း အင်အား ဖြည့်တင်းကာ မြို့ပေါ်မှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့က စစ်ကြောင်းထိုးဖို့တော့ မဟုတ်ဘူး။ PDF တွေ မြို့ထဲ ဝင်လာနိုင်မယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် လုံခြုံရေးကို တင်းကြပ်ဖို့ လာတာပါ။ ၁၄ ရက်နေ့ကို အုပ်ချုပ်ရေး စချင်လို့ လုံခြုံရေးတိုးထားတာ”

မိုးကုတ်မြို့ကို လွှဲပြောင်းလက်ခံရရှိပြီးနောက် တစထက်တစ မြို့ကို ပိုမို အုပ်စီးမိလာတဲ့ စစ်အုပ်စုဟာ ယခုရက်ပိုင်း မြို့ပေါ်ရှိ နေအိမ်တွေကို ချိတ်ပိတ်တာတွေလည်း စတင် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်ရှိ “နေဝင်းနီ” လက်ဖက်ရည်ဆိုင်နဲ့ “လမင်းဝါ” အရက်ဆိုင်အိမ်ကို စစ်အုပ်စုက ဖောက်ထွင်းလုယက်ကာ တန်ဘိုးရှီ ပစ္စည်းတွေ သယ်ထုတ်ပြီးနောက် နေအိမ်တွေကို ချိတ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။
“နေဝင်းနီက ပကဖ ဘက်မှာ အကြီးဆုံးဆိုပြီး လူသိများတဲ့သူပါ။ လမင်းဝါကလည်း မင်းတံတား ရပ်ကွက်ကပဲ။ အိမ်တွေကို ချိတ်ပိတ်ပြီး ပစ္စည်းတွေကို သယ်သွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မိုးကုတ်မြို့ ဆေးရုံ၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ တပ်စွဲ နေရာယူထားပြီး မြို့လယ် ဘောလုံးကွင်းမှာ လက်နက်ကြီးတွေ တပ်ဆင်ထားကာ စစ်ရေးပြင်ဆင်မှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မိုးကုတ်မြို့အတွင်း နေအိမ်ချိပ်ပိတ်တာအပြင် ဖုန်းစစ်ဆေးတာ၊ မှတ်ပုံတင် စစ်ဆေးတာ တွေ ပြုလုပ်နေပြီး မြို့တွင်းသွားလာရင် အထောက်အထား စာရွက်တွေ ယူဆောင်သွားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ကနေ စစ်ဘေးရှောင်နေတဲ့ မြို့ခံတချို့ကိုလည်း စစ်အုပ်စုက မြို့ပေါ် ပြန်ခေါ်သွင်းနေလို့ နေရပ်ပြန်လာသူ များလာပြီး တချို့ကတော့ တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်တဲ့ သတင်းတွေကြောင့် စိုးရိမ်ပြီး မြို့ထဲ ပြန်မလာကြသေးဘူးလို့လည်း ဆိုပါတယ်။
မိုးကုတ်မြို့ကို ပြန်ရရေး တော်လှန်ရေးတပ်တွေက ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပြီး လက်ရှိအချိန်ထိ မိုးကုတ်မြို့မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို စစ်အုပ်စု ပြန်ရပြီးနောက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



