ကလေးနယ်တောင်ပိုင်း စစ်ဘေးရှောင် ၃၀၀၀ ကျော် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရ၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၁၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို စီးနင်း လုယက်ကာ လူသတ်၊ မီးရှို့နေလို့ အိမ်တွေပြာကျပြီး တောတောင်အတွင်း စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်သူ ၃၀၀၀ ကျော် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်ဘေးရှောင်နေထိုင်ရင်း သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရသူတွေဟာ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာက ဒေသခံ ၃၀၀၀ ကျော် ဖြစ်ပြီး မြစ်နဲ့ အလှမ်းဝေးကွာတာ၊ တောတောင်အတွင်း နေထိုင်ရတာကြောင့် သောက်သုံးရေ ပြတ်လပ်နေတာ ဖြစ်တယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။
“တောင်ကျချောင်းတွေက ခမ်းကုန်တော့တာ၊ မြစ်ဆိပ်က သွားမရတာ ကြာပြီ၊ စစ်တပ်ကြောက်လို့”
စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ ရွှံ့နွံပါတဲ့ ချောင်းငယ်အတွင်းက ရေကို သောက်သုံးနေကြရပြီးတော့ ကလေးငယ်တွေ ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်မှာစိုးရိမ်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်နှစ်တွေတုန်းကတော့ ကလေးတွေက ဝမ်းရောဂါတွေ ဖြစ်ကြတယ်။ အခုလည်း ဖြစ်မှာ စိုးရိမ်နေရတာ၊ ရေတွင်းတူးဖို့ကလည်း ပိုက်ဆံက မတတ်နိုင်ဘူး “
ကလေးနယ်တောင်ပိုင်း ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့လို့ ရွာလုံးကျွတ် ပြာကျပျက်စီးပြီး ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ နေစရာ အိမ်မရှိတော့ဘဲ တောတောင်အတွင်း စစ်ဘေးရှောင်ထွက်ပြေးနေရတာ လေးနှစ်ကျော် ကြာပြီ ဖြစ်ကာ စားသောက်နေထိုင်ရေး ခက်ခဲနေသလို လက်ရှိမှာ သောက်သုံးရေ ပြတ်လပ်မှုပါ ကြုံနေရတာလို့ ဆိုပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ရွာလုံးကျွတ်ပြာကျကာ တောထနေတဲ့ ကလေးနယ် ရေရှင်ကျေးရွာ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



