
ဖိုးချို/MFP၊ ဖေဖေါ်ဝါရီ – ၁၁
မန္တလေးမြို့ပေါ် ရပ်ကွက်တွေအနှံ့ လှည့်လည်ကာ အာဏာသိမ်း စစ်အုပ်စုက အရှိန်မြှင့်ပေါ်တာဆွဲ၊ အသေခံ စစ်သားသစ် စုဆောင်းနေပြီး ဇန်နဝါရီလဆန်းကနေ ဖေဖေါ်ဝါရီ ၁၀ရက်အထိ တစ်လကျော် အတွင်း လူ၄၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ မြို့ခံ မြေပြင်ကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။
အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးပါက ပေါ်တာဆွဲ လူသစ်စုတာတွေ မရှိနိုင်တော့ပြီမို့ မဲထည့်ကြဖို့ လိုက်လံ စည်းရုံးခဲ့တဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲကာလမှာလည်း ပေါ်တာဆွဲသလို ယခု ရွေးကောက်ပွဲ အပြီးမှာလည်း အရှိန်မြှင့် ပေါ်တာဆွဲနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီလဆန်းကနေ ဖေဖေါ်ဝါရီ ၁၀ရက်အထိ တစ်လကျော်အတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အသေခံ စစ်သားသစ်အဖြစ် စုဆောင်းခံရသူ ၃၈ ဦးအထိ ရှိတယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice Of Mandalay – VoMdy က ဖော်ပြပါတယ်။
VoMdy စာရင်းအရ စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ ဇန်နဝါရီလအတွင်း မန္တလေးမြို့ပေါ် ခြောက်မြို့နယ်မှာ လူ ၂၃ဦးသာ ပေါ်တာဆွဲ စစ်သားသစ် စုခဲ့ပြီး ယခု ဖေဖေါ်ဝါရီလ ၁၀ရက်တာအတွင်း ပေါ်တာဆွဲခံရသူ ၁၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။
အဲ့ဒီ ပေါ်တာဆွဲခံရသူ ၃၈ ဦးအနက် ပြည်ကြီးတံခွန်မြို့နယ်မှာ ၁၄ ဦး၊ မဟာအောင်မြေမြို့နယ်မှာ ၁၀ ဦး၊ အောင်မြေသာစံမြို့နယ်မှာ ခုနှစ်ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ ခြောက်ဦးနဲ့ အမရပူရမြို့နယ်မှာ တစ်ဦးတို့ ဖြစ်ပါတယ်။
မန္တလေးမြို့ပေါ် ရပ်ကွက်တွေထဲ စစ်အုပ်စုက နေ့ရော ညပါ ပေါ်တာဆွဲနေတာ ဖြစ်ပြီး အမှန်တကယ် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ကင်းထောက်အဖွဲ့တွေ ရရှိထားတဲ့ စာရင်းထက် အရေအတွက် ပိုများမယ်လို့ မန္တလေးမြိုခံတစ်ဦးက ပြောပါတယ်။
“မြေပြင်မှာတော့ ဒီထက်ပိုနိုင်တယ်၊ အချို့လူတွေကျ ပါသွားတာ မသိလိုက်ရတော့ သတင်း မရတာ မျိုးလည်း ရှိမှာပေါ့၊ အတုအယောင် ရွေးကောက်ပွဲပြီးတော့ တချို့မိတ်ဆွေတွေက စစ်မှုထမ်း ဉပဒေ မရှိ တော့ဘူး၊ သိမ်းသွားပြီ၊ mrtv မှာ ပါတယ်ဆိုပြီး ဒီရက်ပိုင်းမှာ သတင်းအမှားကို ယုံကြတဲ့ သူတွေလည်း ရှိလာတယ်”
အတုအယောင် ရွေးကောက်ပွဲကာလအတွင်းက ရွေးကောက်ပွဲ အောင်မြင်ပါက စစ်မှုထမ်း ဉပဒေ ကို ဖျက်သိမ်းမယ်လို့ စစ်အုပ်စုက သတင်းအမှား ဖြန့်ကာ ပြည်သူတွေကို ရွေးကောက်ပွဲ မဲထည့်ခိုင်းခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ငွေကြေးတတ်နိုင်လို့ ပြန်ရွေးထုတ်လိုပါက တစ်ဦးကို ကျပ်သိန်း ၈၀ ကနေ ၁၅၀ ကျော် အထိ ကုန်ကျတယ်လို့လည်း ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။
၂၀၂၄ မတ်လက စတင်ကာ စစ်အုပ်စုက နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ ရက်တိုသင်တန်းပေး၊ လက်နက် ထုတ်ပေးပြီးနောက် နိုင်ငံတဝန်းရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

အသေခံ စစ်သားအဖြစ် အသုံးချဖို့ ပေါ်တာဆွဲ စုဆောင်းထားတဲ့ လူငယ်လူရွယ်တွေကို စစ်အုပ်စုက ကြိုဆိုနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



