နန်းယု/MFP၊ ဖေဖော်ဝါရီ – ၁၂
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုရဲ့ စီးနင်းလုယက်၊ မီးရှို့၊ ဗုံးကြဲတာကို ခံခဲ့ရတဲ့ ကျေးရွာတွေထဲက ကျေးရွာနှစ်ရွာရှိ ပြည်သူတွေမှာ ယားနာရောဂါတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး ဆေးဝါးနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း အဲ့ဒီ စလင်းနယ် ကျေးရွာတွေကို စစ်အုပ်စုက မီးရှို့၊ ဗုံးကြဲလို့ အိုးအိမ်တွေ ပျက်စီးသလို ရေတွင်းရေကန်ကအစ ပျက်စီးကာ ရွာပျက်သွားပေမယ့် တောင်ပေါ်ဒေသတွေ ဖြစ်တာကြောင့် တခြားနေရာမရွှေ့ဘဲ ရွာပျက်ထဲမှာပဲ ဖြစ်သလို နေထိုင်ကြကာ ၂၀၂၄ က စလို့ ယားနာရောဂါတွေ ဖြစ်ပွားတာလို့ ဆိုပါတယ်။
လက်ရှိမှာ ယားနာရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ကျေးရွာနှစ်ရွာဟာ စစ်ရှောင်စခန်း မဟုတ်ဘဲ စစ်ဘေးသင့်ကျေးရွာတွေ ဖြစ်ပြီး မီးရှို့၊ ဗုံးကြဲခံရတဲ့ ရွာထဲမှာပဲ ဖြစ်သလို နေထိုင်ကြကာ ယားနာတွေက တစထက်တစ ပိုမို ဆိုးရွားကူးစက်လာတာလို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“၂၀၂၄ နှစ်စ ကတည်းက နည်းနည်း ဖြစ်ကြတာပါ၊ အခုကျတော့ တအားဆိုးလာပါတယ်”
ယားနာရောဂါဟာ ရွာခံတချို့မှာ နည်းနည်းချင်း စတင်တွေ့ရှိပြီး အစပိုင်းမှာ ပြင်းထန်မှု မရှိပေမယ့် ကုသမှု မလုံလောက်တာ၊ ရေရှားပါးတာနဲ့ သန့်ရှင်းရေး အခက်အခဲတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ အခြေအနေ ပိုမိုဆိုးရွားလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကျေးရွာနှစ်ရွာလုံးဟာ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့အပြင် တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချ တိုက်ခိုက်ခံရတာကြောင့် ရွာတစ်ရွာဟာ အိမ်ခြေ ၉၆ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်စခန်း မဟုတ်ပါဘူး၊ စစ်ဘေးသင့်ကျေးရွာတွေပါ။ တောင်ပေါ်က ရွာတစ်ရွာလုံး မီးရှို့ခံခဲ့ရတာပါ”
လက်ရှိမှာ ရေရှားပါးမှုက အဓိကပြဿနာ ဖြစ်နေပြီး တောင်ပေါ်က စမ်းရေတွေကို ပိုက်နဲ့သွယ်ကာ အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် တကိုယ်ရေသုံး ပစ္စည်းတွေကို မြို့ပြစျေးနှုန်းထက် နှစ်ဆနီးပါး ပေးဝယ်နေရတယ်လို့လည်း ဆိုပါတယ်။
အိုးအိမ်နဲ့ အိမ်သုံးပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံရသလို ကျေးရွာအတွင်း ရေတွင်းရေကန်ကအစ အခြေခံ အဆောက်အအုံတွေ ဖျက်ဆီးခံထားရတာကြောင့် ရပ်ရွာသန့်ရှင်းရေးနဲ့ တကိုယ်ရေ သန့်ရှင်းရေး အားနည်းလာပြီး ယားနာရောဂါ ပျံ့နှံ့မှု ပိုမြန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကလေးတွေကို သီးခြားခွဲထားဖို့ လိုအပ်ပေမယ့် စားသောက်နေထိုင်ရေး အခက်အခဲကြောင့် ရောဂါဖြစ်ပွားသူကို သီးခြားခွဲမထားနိုင်ဘဲ တခြားသူတွေပါ ကူးစက်နေတာလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးတွေကို ခွဲထားမယ်ဆိုရင် နေရာ၊ အစားအသောက်၊ စည်းကမ်းထိန်းသိမ်းရေးတွေ အကုန်လိုလာပါတယ်”
ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်ဒေသဖြစ်သလို စစ်ဘေးသင့်ဒေသဖြစ်တာ၊ ဆေးဝါးတွေ စျေးကြီးတာ၊ ဒေသတွင်း တိုက်ပွဲတွေကြောင့် ယားနာရောဂါကို တာဝန်ယူ ကုသပေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေလည်း မရောက်ရှိနိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ယားနာကုသရေး ဆေးဝါး၊ သန့်ရှင်းတဲ့ အဝတ်အထည်နဲ့ တကိုယ်ရေသုံးပစ္စည်း စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံနဲ့ စလင်း ပအဖ တာဝန်ရှိသူတို့က ပြောပါတယ်။
စလင်းမြို့နယ်အတွင်း မိုးခေါင်ရေရှားတဲ့ တခြား ကျေးရွာတွေမှာလည်း ယားနာ အပါအဝင် အရေပြားရောဂါ ဖြစ်ပွားမှု ရှိတယ်လို့ စလင်း ပအဖ တာဝန်ရှိသူက ပြောပါတယ်။
စလင်းမြို့နယ် စစ်ဘေးသင့် ကျေးရွာတွေမှာ ကလေးသူငယ်တွေ အပါအဝင် ဒေသခံတွေ ယားနာရောဂါ ဖြစ်ပွား/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



