စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဆားလင်းကြီးမှာ ဗုံးကြဲခံရလို့ PDF ၁၃ ဦး ကျဆုံး၊

စစ်အုပ်စုက အဲ့ဒီနေရာကို ဒီမနက်ပိုင်း ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲ၊

သုထက်၊ AA/MFP ၊ ဖေဖော်ဝါရီ – ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ဗုံးကြဲလို့ တော်လှန်ရေး ရဲဘော် ၁၃ ဦး ကျဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြည်ထောင်စုနေ့ မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ ဆားလင်းကြီးမြို့နယ် တနေရာမှာရှိတဲ့ PDF စခန်းပေါ်ကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်အိုကော်ပတာ သုံးစီးနဲ့ စစ်အုပ်စုက ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နေ့လည် ၁နာရီအချိန်မှာ ဂျိုင်အိုတစ်စီးနဲ့လာပြီး ဗုံးသီး နှစ်လုံးချ၊ အဆောက်အအုံပေါ် တည့်တည့်ကျ၊ မီးလောင်၊ အဓိကတော့ သတင်းမရတာ မဟုတ်ဘူး၊ မျော်လင့်မထားတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးဒဏ်ကြောင့် ရဲဘော် ၁၂ဦး ကျဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိပြီး ဒဏ်ရာရသူတွေကို ဆေးဝါးကုသဖို့ ကြိုးစားရင်း နောက်ထပ် ရဲဘော်တစ်ဦး ထပ်မံ ကျဆုံးတယ်လို့ ဆိုပါတယ်။

“စခန်းတစ်ခုပေါ်ကို ဂျိုင်အိုကော်ပတာ သုံးစီးနဲ့ ကြဲသွားတာပါ။ ..။ နေရာ အတိအကျနဲ့ လာကြဲသွားတာဆိုတော့ သတင်းပေးရှိနိုင်တာပေါ့။ ဆုံးရှုံးမှုကတော့ များတယ်လို့ ပြောတယ်”

ဗုံးကြခံရလို့ ကားနဲ့ဆိုင်ကယ်တွေလည်း ပျက်စီးပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ကျပ်သိန်း သောင်းနဲ့ချီ ရှိတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း အဲ့ဒီ ဗုံးကြဲခဲ့တဲ့ နေရာတဝိုက်ကို စစ်အုပ်စုက ဂျိုင်အိုကော်ပတာ သုံးစင်းနဲ့ ထပ်မံ လာရောက်ကာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ မနက် ၈ခွဲမှာ ဂျိုင်အို သုံးစီးနဲ့ အဲ့ဒီနားတဝိုက်ကို ထပ်ကြဲတာ။ အထိအခိုက်တော့ မရှိဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ယခင်ကလည်း ပထမအကြိမ် ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်နေသူတွေ၊ နာရေးလုပ်နေသူတွေကို ပစ်မှတ်ထားကာ ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲတာတွေ ကျူးလွန်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်ကလည်း ဆားလင်းကြီးနယ် မတောင့်တရွာ တိုက်နယ်ဆေးရုံကို စစ်အုပ်စုက ဂျိုင်အိုကော်ပရာတွေနဲ့ ဗုံးကြဲရာ ဒေသခံတွေကို ဆေးဝါးကုသပေးနေတဲ့ CDM ဆရာဝန် အပါအဝင် လူနာနဲ့ ဆေးရုံပရိဟိတ ချက်ဖိုသူကြီးတို့ စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး နောက်နေ့မှာ နာရေးလုပ်နေချိန် စစ်အုပ်စုက သုသာန်ကို ထပ်မံ ဗုံးကြဲခဲ့ပါသေးတယ်။

ဆားလင်းကြီးနယ်မှာ စစ်အုပ်စုက ဂျိုင်အိုကော်ပရာ သုံးစီးနဲ့ ဗုံးကြဲလို့ တော်လှန်ရေး ရဲဘော်တွေ ကျဆုံးကာ မီးလောင်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button