စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်းတိုင်းအတွင်း အခွန်ကောက်ဂိတ်တွေ ပိတ်သိမ်းဖို့ NUG ညွှန်ကြား၊

ရွှေဘိုခရိုင် ခြောက်မြို့နယ်မှာ ဂိတ် ၇၀ ကျော် ရှိပြီး ဂိတ်အများစု ပိတ်သိမ်း၊

အခွန်ကို စနစ်တကျ ကောက်မယ်လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန ထုတ်ပြန်၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂၃

စစ်ကိုင်းတိုင်းအတွင်း အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ တော်လှန်ရေး အင်အားစု‌တွေ ဖွင့်လှစ်ထားကြတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေး ရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် စတဲ့ ဂိတ်တွေ အားလုံးကို ပိတ်သိမ်းဖို့ NUG အစိုးရ က ညွှန်ကြားထားတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ (MOD)က ဖေဖော်ဝါရီ ၁၀ ရက် နေ့စွဲနဲ့ စာထုတ် ညွှန်ကြားထားတာ ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေ အတွင်း ဖွင့်လှစ်ထားကြတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေး ရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် စတဲ့ ဂိတ်တွေ အားလုံး ဖေဖေါ်ဝါရီ ၁၇ရက် နောက်ဆုံးထား ပိတ်သိမ်းရမယ်လို့ ဆိုပါတယ်။

အဲ့ဒီ ညွှန်ကြားချက်ထဲမှာ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ PDF တပ်ရင်း၊ Local PDF တပ်ဖွဲ့နဲ့ ပကဖ တွေ အနေနဲ့ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဂိတ်ဖွင့် ငွေကြေး ကောက်ခံတာ မလုပ်ဖို့၊ လက်နက်ခဲယမ်းအတွက် ရပ်ရွာ ပြည်သူလူထုထံက ခွဲတမ်းပစ် ရန်ဘုံငွေ ရှာဖွေတာ မလုပ်ဖို့ ပါရှိပြီး ညွှန်ကြားချက် မလိုက်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ PDF တပ်ရင်း၊ Local PDF တပ်ဖွဲ့နဲ့ ပကဖ တွေ အနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အဆင့်ဆင့် တောင်းခံ နိုင်တယ်လို့ NUG၊ MOD ရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ညွှန်ကြားထားတာကြောင့် အမှတ်(၁) ရွှေဘိုခရိုင် ဖြစ်တဲ့ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်နဲ့ အမှတ် (၂) ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်နဲ့ ခင်ဦးမြို့နယ်၊ စုစုပေါင်း ခြောက်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အခွန်ကောက်ဂိတ်၊ စုစုပေါင်း ၇၀ ကျော်ကို ပိတ်သိမ်းလိုက်ပြီလို့ အမှတ်၁ ရွှေဘိုခရိုင် စစ်ဌာန ကွပ်ကဲရေးအဖွဲ့၊ တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။

“တကယ်တော့ ဗဟိုက နဂိုကတည်းက ညွှန်ကြားထားပါတယ်။ သို့သော် တည်ဆောက်မှု လုပ်နေဆဲ ကာလ ဆိုတော့ ဗဟိုက အမိန့်က မြေပြင်အထိ သက်ရောက်မှု အားနည်းခဲ့တာပေါ့လေ။ အခု မြေပြင်က တော်လှန်ရေး အင်အားစုတွေ အားလုံး အရပ်ဖက်၊ စစ်ဖက် အကုန် ညှိနှိုင်းဆောင်ရွက်ကြတာပါ။ အချို့ကိုလည်း ဖိအားပေးရတာပေါ့လေ”

ဒီလို ညှိနိုင်းဆောင်ရွက်ရာမှာတော့ တော်လှန်ရေးအင်အားစုတွေ၊ မြေပြင်အုပ်ချုပ်ရေးအဖွဲ့တွေ စုပေါင်း တိုင်ပင် လုပ်ဆောင်ကြတာ ဖြစ်ပြီးတော့ တချို့ အဖွဲ့တွေကိုတော့ ဖိအားပေး ဆောင်ရွက်ရတာလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ဂိတ်ဖွင့်တယ်ဆိုတာက ကာကွယ်ရေးဖက်ကတင် မကဘူး။ ပအဖ ဖက်အခြမ်းကလည်း ပြည်ထောင်စု အခွန်နဲ့ လမ်းပြုပြင်ရေးအတွက် ဆိုပြီး ဖွင့်ထားကြတာတွေ ရှိတယ်။ ပအဖကိုတော့ ကျနော်တို့က အမိန့်ပေးခွင့် မရှိတော့ သွားရောက်ညှိနှိုင်းမှု လုပ်ရတယ်ပေါ့။ အခုတော့ ပအဖကလည်း သူတို့လည်း မြို့နယ်အဆင့်နဲ့ စနစ်တကျ ဆောင်ရွက်ဖို့ သဘောတူထားတာတွေ ရှိတယ်။ လက်ရှိအချိန်မှာတော့ ကာကွယ်ရေး ဂိတ်တွေ အားလုံးနီးပါးက ပိတ်ပြီးပါပြီ”

အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန နယ်မြေအတွင်း တစ်မြို့နယ်လျှင် ပျှမ်းမျှ ၂၅ ဂိတ်နှုန်းနဲ့ စုစုပေါင်း ၇၅ ဂိတ် ဖွင်လှစ်ထားပြီး အဲ့ဒီ အခွန်ဂိတ် အများစုဟာ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်၊ ခွင့်ပြုချက် မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ဖွင့်လှစ်ထားကြတာမို့ ဖေဖေါ်ဝါရီ ၁၇ရက် နောက်ဆုံးထား ပိတ်သိမ်းဖို့ ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးအဖွဲ့က ဒီကနေ့ ဖေဖေါ်ဝါရီ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

ရွှေဘိုခရိုင် စစ်ဌာန နယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအနက် မလိုအပ်တဲ့ ဂိတ်တွေကို ပိတ်သိမ်းခဲ့ပြီး လိုအပ်ချက်အရ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေကိုလည်း စနစ်တကျ ပေါင်းစည်းနိုင်ဖို့ ဆောင်ရွက် ခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်တွင် မြို့နယ်တစ်ခုချင်းစီအလိုက် ရှိသင့်သည့် အခွန်၊ စည်ပင်နှင့် ကာကွယ်ရေး ဂိတ်များအား သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ အရပ်ဘက်၊ စစ်ဘက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ သတ်မှတ်ထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည့် စနစ်များလည်း တည်ဆောက်ထားပြီး ဖြစ်သည်။  ပြည်သူလူထုနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် တော်လှန်ရေးတရပ် ဆင်နွှဲနေချိန်တွင် သတ်မှတ်အခွန် ခွဲတမ်းများကို တာဝန်သိစိတ်ဖြင့် ပေးဆောင်ကြရန်နှင့် စည်းကမ်း သတ်မှတ်ချက်များအား လိုက်နာပေးကြပါရန် ရိုကျိုး လေးစားစွာဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါသည်” လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးအဖွဲ့က ဖော်ပြပါတယ်။

အလားတူ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ရှိ တော်လှန်ရေး အင်အားစု စိုးမိုးနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေး ရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် စတဲ့ ဂိတ်တွေ အားလုံး ပိတ်သိမ်းဖို့ NUG၊ MOD က  ညွှန်ကြားထားပြီး လက်ရှိ မှာတော့ ခရီးသွားပြည်သူတွေ စစ်အုပ်စု အန္တရာယ်က လွတ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရှောင်ကွင်းလမ်း ဖောက်နေရတာကြောင့် ငွေကြေး ကောက်ခံနေရတာတွေ ရှိတယ်လို့ ဖောင်းပြင်မြို့နယ် တော်လှန်ရေး ရဲဘော် တစ်ဦးက MFP ကို ပြောပါတယ်။

“ချပေးတဲ့ ငွေနဲ့ မလောက်ဘူးလေ။ တပ်ရင်းမှူးတွေတိုင်း အကြွေးရှိတယ်။ အကြွေး လည်ပင်း နစ်နေတယ်။ မကောက်မဖြစ်လို့ ကောက်နေကြရတာပဲ “

စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို၊ စစ်ကိုင်း၊ ကလေးဝ၊ တမူး၊ ဟုမ္မလင်း၊ မုံရွာ စတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုက ဖွင့်ထားတဲ့ ငွေညှစ်ဂိတ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေ၊ ဂိတ်ပေါင်း ထောင်ချီ ရှိပြီးတော့ ကားတိုင်း အခွန်ပေးဆောင်ရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

အဲ့ဒီ စစ်ဆေးရေးဂိတ်တွေထဲမှာတော့ မုံရွာ -မန္တလေး လမ်းပေါ်ရှိ ဂိတ်တွေက ငွေတောင်း အကြမ်းဆုံး ဖြစ်ပြီးတော့ စစ်အုပ်စုကိုရော တော်လှန်ရေး အင်အားစုတွေကိုပါ နှစ်ဖက်စလုံးကို ပေးဆောင်ရတာ ဖြစ်တယ်လို့ မုံရွာ -မန္တလေး -ကလေး သွားလာနေသူ ကုန်တင်ယာဉ် လုပ်ငန်းရှင်တစ်ဦးက MFP ကို ပြောပါတယ်။

“ဘီးလိမ့်တာနဲ့ ပေးရတာ၊၊ နှစ်ဖက်စလုံးပဲ။ တစ်ဂိတ်ကို သုံးသိန်း ပေးရတာလည်း ရှိတယ်။ တစ်သိန်း ပေးရတာလည်း ရှိတယ်။ ဆယ့်နှစ်ဘီး(ကား)ဆို ပိုကောက်တယ်။ ကားသေးဆို စျေးက တစ်မျိုး။ ပြီးခဲ့တဲ့ နှစ်က အသွားဆို တစ်ခေါက် သိန်း ၅၀ ကုန်တယ်။ အခုက သိန်း ၈၀ ကျော် ကုန်တယ် ကားကြီးက”

လက်ရှိမှာ ကလေးဝ၊ မုံရွာ၊ မြင်းမူ၊ အရာတော် စတဲ့ မြို့နယ်တွေမှာတော့ တော်လှန်ရေး အင်အားစုတွေက ‌ဂိတ်စခန်းဖွင့် ငွေကောက်တာ ရှိပြီးတော့ ပိတ်သိမ်းတာ မရှိသေးဘူးလို့လည်း ခရီးသွားတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ သက်ဆိုင်ရာ ဒေသတွင်း ဖွင့်လှစ်ထားတဲ့ အခွန်ကောက်ဂိတ်တွေကို  ပိတ်သိမ်းဖို့ စည်းဝေးတိုင်ပင်ကြတာ ရှိပြီးတော့  ဘယ်နေ့ ဆောင်ရွက်မယ် ဆိုတာ သေသေချာချာ မသိရသေးဘူးလို့ ရွှေဘိုနယ်ခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်”

“ကာကွယ်ရေးသမားတိုင်း၊ အဖွဲ့အစည်းတိုင်းက ‌‌‌ငွေကောက်ခံနေတာတော့ မဟုတ်ဘူး၊ ကာကွယ်ရေး သမားတွေ နာမည်ခံထားတဲ့အတွက် ကိုယ်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ အကုန်လုံးကတော့ ရောပြီး ပြောဆိုခံရတာပဲ၊ ဘာပဲလုပ်နေ လုပ်နေ ကောင်းတာဆို ရောက်ချင်မှရောက်တာ။ ဒါကြောင့် အားလုံး တိုင်ပင်ကြတာ ရှိပါတယ်။ စစ်ကိုင်းတိုင်းက ထိန်းချုပ်နယ်မြေ များတယ်။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်အောင် အဖက်ဖက်က လိုက်လျောမှုတွေ ရှိခဲ့တယ်၊ ဒီနယ်မြေလေးတွေ ရဖို့ရာအတွက်၊ စစ်ကောင်စီ နယ်မြေတွေ ဖြစ်မသွားအောင်၊ ပျူရွာတွေ ဖြစ်မသွားအောင်။ အခုကတော့ ဒါတွေ ပြန်ထိန်းချုပ်လိုက်တဲ့ သဘောနဲ့ ဂိတ်တွေ ပြန်ပိတ်ကြတာပါ “

ရွှေဘိုနယ်မှာ မတန်တဆ အခွန်ကောက်တာတွေ မလုပ်ဖို့နဲ့ ဂိတ်တွေကို စနစ်တကျ ဖွင့်လှစ်ကောက်ခံဖို့ ပြီးခဲ့တဲ့ လတွေအတွင်းက ခရီးသွားပြည်သူတွေက ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ဝက်လက်နယ်မှာ အခွန်ငွေ လျော့ကောက်ဖို့ ၂၀၂၅ နှစ်လယ်ပိုင်းက ဒေသခံတွေ ဆန္ဒပြနေစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button