တကောင်းမြို့ ဦးတည်တဲ့ စစ်အုပ်စု ပေါက်တပင်ရွာကို သိမ်းယူကာ ရှေ့တိုးလာနိုင်၊
နည်းပညာမြင့် ဒရုန်းတွေ အများအပြား အသုံးပြုလို့ တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးနေရ၊

တကောင်း – မိုးကုတ် – မိုးမိတ် ကားလမ်း ပိတ်၊ ပြည်သူတွေ ထွက်ပြေးနေရ၊
ထင်လင်း/MFP၊ ဖေဖေါ်ဝါရီ – ၂၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးကနေ တကောင်းမြို့ဘက်ကို ဦးတည်ကာ စစ်ရှုံး နယ်မြေတွေ ပြန်ရရေး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၂ရက်မှာ ပေါက်တပင်ကျေးရွာကို ပြန်လည် သိမ်းယူနိုင်သွားပြီး ရှေ့ကို နှစ်မိုင်ခန့် ထပ်တိုးလာနိုင်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၆ရက်က စတင်ကာ တွင်းငယ်ရွာအနီးရှိ တတက ၁၃ ခေါ် အမှတ် ၁၃ စစ် တန်းမြှင့် လေ့ကျင့်ရေးကျောင်းကနေ တကောင်းမြို့ဘက် ဦးတည်ကာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ရက်သတ္တနှစ်ပတ်ကျော်အတွင်း ရှားတော၊ ရွှေကျွန်းပင်နဲ့ ပေါက်တပင် ကျေးရွာတွေကို သိမ်းယူနိုင်ကာ ရှစ်မိုင်ကျော် ရှေ့တိုးလာနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ AI (Artificial Intelligence – ဉာဏ်ရည်တု) နည်းပညာသုံး ဒရုန်းတွေလို့ ယူဆရတဲ့ ပစ်မှတ်ကို ထိမှန်အောင် တိုက်ခိုက်နိုင်တဲ့ နည်းပညာမြင့် ဒရုန်းတွေ အမြောက်အများ အသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းကလည်း လူအင်အား အမြောက်အများ သုံးပြီး ထိုးစစ်ဆင် လာတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးနေရတယ်လို့လည်း တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
“AI နည်းပညာသုံးတဲ့ ဒရုန်းတွေနဲ့ ချနေတာ၊ ခွေးတွေလည်း အကျများသလို ကိုယ့်ကလေးတွေလည်း အတော် ထိကြတယ်” လို့ တော်လှန်ရေး အင်အားစုဝင် တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၁၄ရက်မှာ တွင်းငယ်ရွာရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ရှားတောကျေးရွာ၊ ဖေဖော်ဝါရီ ၂၁ရက်မှာ နောက်ထပ် လေးမိုင်ခန့် ရှေ့တိုးနိုင်ကာ ရွှေကျွန်းပင်ကျေးရွာနဲ့ ဖေဖေါ်ဝါရီ ၂၂ရက်မှာ နောက်ထပ် နှစ်မိုင် ရှေ့တိုးနိုင်ကာ ပေါက်တပင်ကျေးရွာကို သိမ်းယူနိုင်တာလို့ ဆိုပါတယ်။

လတ်တလော စစ်အုပ်စု သိမ်းယူသွားတဲ့ ပေါက်တပင်ကျေးရွာဟာ အိမ်ခြေ ထောင်ချီရှိတဲ့ ရွာကြီး ဖြစ်ပြီး စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်မီယခင်နေ့တွေ ကတည်းက ပေါက်တပင်ရွာပတ်လည် ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲနေလို့ ဒေသခံ ပြည်သူတွေ အားလုံး ဘေးလွတ်မယ်ထင်တဲ့နေရာတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ရက်က ပေါက်တပင်ကျေးရွာ အရှေ့ဘက်၊ မန္တလေး-ဗန်းမော် ဗျူဟာလမ်းမပေါ်ကို စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တကောင်းမြို့ဘက်ကနေ စျေးရောင်းဖို့ သွားလာနေတဲ့ ဆိုင်ကယ်နဲ့ စျေးသည်တချို့ သေဆုံး ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဒရုန်းနဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် ပေါက်တပင်ကျေးရွာရဲ့ မြောက်ဘက်ရှိ သီးကုန်း၊ ဝါးရုံကုန်း၊ ရွှေစကာ၊ ကြာညှပ် စတဲ့ ကျေးရွာနေ ပြည်သူတွေလည်း စစ်ဘေးတိမ်းရှောင် ထွက်ပြေး နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ပေါက်တပင်ကျေးရွာကို သိမ်းယူသွားတာကြောင့် အဲ့ဒီကျေးရွာရဲ့ အရှေ့ဘက်ရှိ တကောင်း-မိုးမိတ်-မိုးကုတ် ကားလမ်းကြောလည်း ပိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

တကောင်းမြို့ကို ၂၀၂၄ ဩဂုတ်လမှာ တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံး လက်ကျန်မြို့ ဖြစ်ပါတယ်။ တကောင်းမြို့အနီး တရုတ်ပိုင် နီကယ်စက်ရုံ တည်ရှိသလို တကောင်းမြို့ဟာ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်၊ ကချင်ပြည်တွေနဲ့ နီးစပ်တဲ့၊ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ မြို့လည်း ဖြစ်ပါတယ်။
တွင်းငယ်ရွာနဲ့ တကောင်းမြို့ကြား မိုင် ၃၀ ဝန်းကျင် ကွာဝေးပြီး လက်ရှိမှာ စစ်အုပ်စုက ရှစ်မိုင်ကျော် ခရီးပေါက်လာပြီဖြစ်ကာ တကောင်းမြို့ဘက် ဆက်လက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
တကောင်းမြို့ကို စစ်အုပ်စု ပြန်ရသွားပါက ထီးချိုင့်၊ ကသာ စတဲ့ မြို့တွေ အပြင် မန္တလေး-ဗန်းမော်လမ်း၊ ငါးအိုး-ရွှေကူ-ဗန်းမော် ဒေသတွေအထိ စစ်အုပ်စုက ဆက်လက် ထိုးစစ်ဆင်နိုင်လို့ တော်လှန်ရေး တပ်တွေ အကြပ်အတည်း ဖြစ်လာနိုင်တယ်လို့ စစ်ရေး စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့ အပါအဝင် သပိတ်ကျင်းနယ် စစ်စခန်း အများအပြားကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ချိန် စစ်ရှုံးပြီး ထွက်ပြေးတဲ့ စစ်အုပ်စုဟာ တွင်းငယ်ရွာ အနီးရှိ တတက ၁၃ ထဲ ခိုအောင်းကာ လေကြောင်းအားကိုးနဲ့ တစ်နှစ်ကျော်ကြာ ခုခံနေခဲ့ပြီး လက်ရှိမှာ တန်ပြန်ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ငလျင်ကြောင့် တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ရေးပြင်ဆင်ခဲ့သလို တရုတ်အားကိုး၊ လေကြောင်းအားကိုး၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားသူတွေကို အသေခံ ရှေ့ကတက်ခိုင်းပြီးနောက် ၂၀၂၅ နှစ်လယ်ပိုင်းက စတင်ကာ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး တန်ပြန် ထိုးစစ်ဆင်ခဲ့ပါတယ်။
၂၀၂၅ ဇွန်လမှာ မန္တလေးမြို့က စတင်ပြီး မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် – တကောင်း – ထီးချိုင့် – ဗန်းမော်ကားလမ်းအတိုင်း ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ လွန်ခဲ့တဲ့ လတွေအတွင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် စတဲ့ မြို့တွေနဲ့ စစ်စခန်းတွေကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

သပိတ်ကျင်းနယ် ပေါက်တပင်ရွာကို ပြန်လည် ထိန်းချုပ်နိုင်ပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



