မကွေးသတင်းအညာမြေ တော်လှန်ရေး

ပခုက္ကူ ကမ္မမှာ တော်လှန်ရေး ရဲဘော်နဲ့ အချုပ်သားတချို့ စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်း၊

စစ်အုပ်စု စစ်ကြောင်းထိုးလို့ ကမ္မမြို့ခံပြည်သူတွေ အရေးပေါ် စစ်ဘေးရှောင်ထွက်ပြေးနေရ၊

အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၂၄

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မနယ်က တော်လှန်ရေးရဲဘော်နှစ်ဦးနဲ့ အချုပ်သားလေးဦးတို့ဟာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းသွားကြပြီး အဲ့ဒီ ဘက်ပြောင်းလာသူတွေကို ခေါ်ထုတ်ဖို့ စစ်အုပ်စုက စစ်ကြောင်းထိုးတာကြောင့် ကမ္မမြို့လုံးကျွတ် အရေးပေါ် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့မနက် ၄ နာရီခန့်က ကမ္မမြို့အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေး ရဲဘော် နှစ်ဦးဟာ သေနတ်နှစ်လက်ကို ယူဆောင်ကာ ကမ္မမြို့ပေါ်ရှိ စစ်အုပ်စု ရဲစခန်းကို သွားရောက် လက်နက်ချ ဘက်ပြောင်းသွားတာလို့ ဆိုပါတယ်။

“အခုကို နှစ်ယောက် ထပ်ပြေးပြန်ပေါ့၊ မနက် ၄နာရီလောက်က ပြေးတာ၊ သေနတ်နှစ်လက်လည်း ပါသွားတယ်တဲ၊၊ ကမ္မတပ်ပေါင်းစုအဖွဲ့ဝင်ပါပဲ။ ဟိုနေ့ကလည်း လေးယောက်၊ ဟိုနေ့က အချုပ် ချထားတာကနေ ထွက်ပြေးပြီး ပေါင်းသွားတာ” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီဝန်းကျင်ကလည်း တော်လှန်ရေးတပ်တွေ ဖမ်းဆီးထားတဲ့ အချုပ်သား တော်လှန်ရေး ရဲဘော်သုံး‌ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ဟာ ထွက်ပြေးပြီး ကမ္မမြို့ရဲစခန်းကို သွားရောက်ကာ စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအချုပ်သားတွေဟာ တော်လှန်ရေးရဲဘော်ဟောင်းတွေ ဖြစ်ပြီး ပြစ်မှူ ကျူးလွန်တာတွေ ရှိတဲ့ အတွက် အချုပ်ချထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ္မမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို ရောက်ရှိနေတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်အုပ်စု စစ်ကြောင်းဟာ စစ်ကြောင်းထိုးကာ ကမ္မမြို့‌ ရဲစခန်းထဲကို ရောက်ရှိ သွားပြီး လက်နက်ချ ဘက်ပြောင်းလာသူတွေကို လာခေါ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်အုပ်စု စစ်ကြောင်းကြောင့် ကမ္မမြို့ပေါ်ရှိ ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေးနေကြပြီး လက်နက်ချ ဘက်ပြောင်းတဲ့ ရဲဘော်တွေက တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ပြည်သူ့နေအိမ်၊ ကျေးရွာတွေကို လိုက်လံပြသမှာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ရဲဘော်တချို့ စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္မဒေသ တော်လှန်ရေး တပ်ပေါင်းစုကို MFP က ဆက်သွယ်မေးမြန်းထားပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

ဖေဖော်ဝါရီ ၉ ရက်ကလည်း ကမ္မမြို့ပေါ်ကို စစ်အုပ်စု စစ်ကြောင်းထိုးပြီး စျေးဆိုင်နဲ့ နေအိမ်တွေ ဖောက်ထွင်း လုယက်ခဲ့သလို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ ကမ္မမြို့ဈေးအနီး ကျရောက် ပေါက်ကွဲကာ စစ်ဘေးရှောင်ဖို့ ဆိုင်သိမ်းနေတဲ့ ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

ကမ္မမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button