မန္တလေးသတင်းအညာမြေ တော်လှန်ရေး

ငါန်းဇွန်နယ် ရွာဘုရားပွဲကို စစ်အုပ်စု ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ ဗုံးပတ်ကြဲလို့ ပြည်သူ အမျိုးသမီး သုံးဦး သေဆုံး၊

MN/MFP ၊ ဖေဖော်ဝါရီ – ၂၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တလင်းကုန်းကျေးရွာမှာ ရွာဘုရားပွဲ ကျင်းပနေချိန် မနေ့က မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ (Gyrocopter) သုံးစင်းနဲ့ ဗုံးကြဲလို့ ကလေးငယ်တစ်ဦး အပါအဝင် ရွာခံပြည်သူ အမျိုးသမီး သုံးဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ရက် မနက် ၁၀ နာရီအချိန် ငါန်းဇွန်နယ် အနောက်မြောက်ခြမ်း ဧရာဝတီမြစ်ဘေးရှိ တလင်းကုန်း ကျေးရွာကို စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲဒီရွာမှာ မနက်ပိုင်း ဘုရားပွဲရှိတယ်လို့ သိရတယ်။ ဘုရားပွဲ ကျင်းပနေတဲ့ ရွာကို မုံရွာ-နမခ ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ လာကြဲသွားတာ။ သေဆုံးသွားတာကတော့ ကလေး တစ်ဦး အပါ သုံးဦး သေဆုံးသွားတာပါ။ သေဆုံးသူတွေ အားလုံးက အမျိုးသမီးတွေပါ”

စစ်အုပ်စုက ရွာပေါ် ဗုံးပတ်ကြဲတာကြောင့် အသက် ရှစ်နှစ်ရွယ် ကလေးတစ်ဦး၊ အသက် ၁၆ နှစ်အရွယ် တစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် တစ်ဦး၊ စုစုပေါင်း အမျိုးသမီး သုံးဦး သေဆုံးတာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့တစ်ရက်တည်းမှာပင် ငါန်းဇွန်မြို့နယ်ထဲကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ မနက်ပိုင်းမှာ တစ်ကြိမ် ဗုံးပတ်ကြဲပြီးနောက် ည ၁၁ နာရီခွဲမှာလည်း ဂျက်ဖိုက်တာလေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့ပြီး တိုက်လေယာဉ်နဲ့ ကြဲချတဲ့ ဗုံးဟာ ကျေးရွာအနီးရှိ ဆည်အတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“မနေ့က တစ်ရက်ထဲမှာ နှစ်ကြိမ် လေကြောင်းက ဗုံးလာကြဲတာပေါ့။ မနက်ပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ တစ်ကြိမ် လာကြဲတယ်။ အဲဒါကတော့ လူထိခိုက် သေဆုံး ရှိတယ်။ နောက်ထပ် ည ၁၁ နာရီခွဲမှာ ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးနှစ်လုံး လာကြဲတာ။ ဖောင်းကတောရွာနားက ဆည်ထဲကို ကျသွားလို့ လူထိခိုက်မှု မရှိခဲ့ဘူး”

အလားတူ ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ညဦးပိုင်းမှာလည်း ငါန်းဇွန်နယ်နဲ့ ထိစပ်နေတဲ့၊ ဧရာဝတီမြစ် တဖက်ကမ်းရှိ စစ်ကိုင်း မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်းကျေးရွာကိုလည်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ ဗုံးပတ်ကြဲခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် ရွာခံပြည်သူ ၁၀ ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်အုပ်စုဟာ မုံရွာ နမခ ကတဆင့် စက်တပ်လေထီး(paramotor)၊ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုကာ ပြည်သူကို ပစ်မှတ်ထား ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button