စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဝက်လက်နယ်ထဲ စစ်အုပ်စု အင်အားဖြည့်ကာ ဆက်လက် စစ်ကြောင်းထိုး၊

ခရိုင်ချင်းဆက်လမ်းမကြီးကို အသုံးမပြုဖို့ သတိပေး၊

ဂျိုးဖြူ/MFP၊ ဖေဖေါ်ဝါရီ – ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ရှိမ်းမကား ကျေးရွာအနီးရှိ စစ်ကိုင်း – ကျောက်မြောင်း အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပေါ် အာဏာသိမ်း စစ်အုပ်စုက ငါးရက်ဆက် လူ၊ လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဝက်လက်နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ကို ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ ဗုံးကြဲ၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်လက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရှိမ်းမကား ကျေးရွာအနီးရှိ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စုက အင်အားဖြည့်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဝက်လက်နယ် အရှေ့ခြမ်းကို စစ်အုပ်စုက တပ်မ ၃၃ လက်အောက်ခံ မန္တ‌လေးမြို့၊ ပုသိမ်ကြီးမြို့နယ် အခြေစိုက် တပ်ရင်းတစ်ခုကနေ စစ်ကြောင်းတစ်ကြောင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်း – ရေခါးကျေးရွာကနေ စစ်ကြောင်းတစ်ကြောင်း၊ ရွှေဘိုမြို့နယ်  ကျောက်မြောင်းမြို့ ခြေလျင်တပ်ရင်း (ခလရ) ၁၂ ကနေ  စစ်ကြောင်းတစ်ကြောင်း၊ စုစုပေါင်း စစ်ကြောင်း သုံးကြောင်း၊ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း ဆိုပါတယ်။

“မန္တလေးဘက်က တပ်မ ၃၃ ကနေ ပြန်ပြန်ထွက်တာ၊ စစ်ကိုင်းမှာတော့ ရေခါးပေါ့၊ ဝက်လက်ကတော့ ရှိန်းမက္ကား ထဲကနေ ထွက်တယ်။ ကျောက်မြောင်း ခလရ ၁၂ က ထွက်တဲ့ ဟာကတော့ သစ်ဆိမ့်(ရွာ) ပတ်ခြာလည်ကို ဆုတ်လိုက်၊ တက်လိုက် လုပ်တာ”

ဝက်လက်နယ် အရှေ့ခြမ်းဟာ မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး စတဲ့ မြို့နယ်တွေနဲ့လည်း ထိစပ်နေပြီး စစ်အုပ်စုက ဝက်လက်နယ် အပါအဝင် ဧရာဝတီမြစ်ရိုးတလျှောက် မန္တလေးတိုင်းရှိ မြို၊ရွာတွေနဲ့ လမ်းပိုင်းတွေကိုပါ စိုးမိုးနိုင်ဖို့အတွက် အခုလို ဝက်လက်နယ်ထဲ အင်အားဖြည့် စစ်ကြောင်းထိုးတာ ဖြစ်မယ်လို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက အသေခံဒရုန်း (ကာမီကာဆယ်)နဲ့ လက်နက်ကြီး ပစ်ကူယူကာ ဝက်လက်နယ် အရှေ့ခြမ်းရှိ ရှားကွဲရွာနဲ့ သိမ့်ဆိမ့်လမ်းဆုံကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဝက်လက်နယ် အရှေ့ခြမ်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ် တိုက်ခိုက်လို့ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ရှိတယ်လို့လည်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“ဒီနေ့ကို ခလရ ၁၂ ကျောက်မြောင်းကနေ ဟောင်ဝစ်ဇာနဲ့ ထုနေတယ်။ ထိတွေ့မှုကနေ့တိုင်းလိုလိုပဲ၊ နှစ်ဖက်ကတော့ အထိအခိုက် ရှိတယ်”

စစ်အုပ်စုဟာ ဒရုန်းတွေသုံးပြီး ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲသလို မြေပြင်တိုက်ပွဲမှာ အထိနာ အသေများတိုင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတာ၊ ဗုံးပတ်ကြဲတာတွေ ကျူးလွန်လေ့ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုး၊ ရန်ပြုနေလို့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို ပြည်သူတွေ အသုံးမပြုဘဲ ရှောင်ရှားကြဖို့ ရွှေဘိုခရိုင် PDF အမှတ် ၂ တပ်ရင်းကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

“ယခု လက်ရှိအချိန်မှာ မအလရဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ဝင်ရောက် မွှေနှောက်လျက်ရှိပြီး ပြည်သူ့တော်လှန်ရေး အင်အားစုတွေနှင့် အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားမိဘပြည်သူများ အနေဖြင့် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို ရက် အကန့်အသတ်မရှိ လုံး၀လုံးဝ အသုံးမပြုကြဖို့  အသိပေးထုတ်ပြန်လိုက်ပါသည်” လို့ ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းက ဖေဖေါ်ဝါရီ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ တိုက်ပွဲ ဖြစ်နေတာကြောင့် အဲ့ဒီ အမှတ် ၃ ခရိုင်ချင်းဆက် လမ်းကို လုံခြုံစိတ်ချစွာ အသုံးပြု သွားလာလို့ မရဘဲ ရှောင်ကွင်းလမ်း၊ တောလမ်းကို အသုံးပြုကာ သွားလာနေကြရတယ်လို့ ကုန်တင်ကား ပြေးဆွဲသူတွေက ပြောပါတယ်။

“တောလမ်းအတိုင်း သွားရတယ်၊ ကုန်ကျစရိတ် များတာပေါ့ “

စစ်ကိုင်းနဲ့ ရွှေဘိုခရိုင်ကို ဆက်သွယ်ထားတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းဟာ အရေးပါတဲ့ လမ်းမကြီးတစ်ခု ဖြစ်ပြီးတော့ မန္တလေး- ရွှေဘို- မြစ်ကြီးနား ကုန်စည် သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြတဲ့ လမ်းဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဝက်လက်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲနေလို့ ရှိမ်းမကား၊ သစ်ဆိမ့်၊ ထုံးဘို၊ ရေကမိုး စတဲ့ ကျေးရွာတွေ အပါအဝင် ဝက်လက်နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၄၀ ကျော်က ပြည်သူတွေ စစ်ရှောင်နေကြရတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နယ် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမှာ တွေ့ရတဲ့ တော်လှန်ရေးတပ်နဲ့ ၂၀၂၅ ဩဂုတ်လအတွင်း ခရီးသွားကားတွေကို စစ်အုပ်စု ဗုံးကြဲခဲ့စဉ်/Photo – ဒေသခံ၊ ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button