
ဖိုးချို/MFP၊ ဖေဖေါ်ဝါရီ – ၂၃
မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အောင်မြင်ပြီးနောက် ငလျင်ဘေး ပြန်လည် ထူထောင်ရေးအတွက်လို့ဆိုကာ စစ်အုပ်စုက မြို့ခံတချို့ကို အထောက်အပံ့တွေ ပြန်ပေးနေပြီး တစ်အိမ်ကို ဘိလပ်မြေအိတ် ၃၀အိတ်နှုန်း ချပေးတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အောင်မြင်တာကြောင့် ဆုချတဲ့အနေနဲ့ နိုင်ငံတကာက ကူညီထားတဲ့ ငလျင်ဘေး ပြန်လည် ထူထောင်ရေး အထောက်အပံ့တွေကို ပြန်ချပေးနေတာလို့ ဆိုပါတယ်။
၂၀၂၅ မတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုးအိမ်ထိခိုက်ပျက်စီး၊ ဆုံးရှုံးခဲ့ရသူတွေအတွက် စစ်အုပ်စုက ဘိလပ်မြေအိတ်တွေ ချပေးနေတာ ဖြစ်ပြီး အမှန်တကယ် ထိခိုက် ပျက်စီးသူတွေထက် စစ်အာဏာသိမ်းမှု ထောက်ခံသူတွေ၊ စစ်အုပ်စု ဝန်ထမ်း အသိုင်းအဝိုင်း၊ စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေ ရရှိနေတာလို့ မန္တလေးမြို့ အနောက်ခြမ်း၊ ငလျင် ထိခိုက်မှု ပြင်းထန်တဲ့ ရပ်ကွက်တစ်ခုမှာ နေထိုင်သူတွေက ပြောပါတယ်။
ငလျင်မှာ တိုက်ပြိုကျခဲ့ပေမဲ့ စစ်အုပ်စုထံက ထောက်ပံ့မှု မရခဲ့ဘဲ ငလျင်လှုပ်ခတ်ပြီးစက အများသူ လှူဒါန်းတဲ့ ဆန်နဲ့ ငွေကြေးတချို့သာ ရခဲ့ဖူးတယ်လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ရှေ့မှာ သံလုံးတွေ တစ်တန်စီ ပေးတော့လည်း မရခဲ့ဖူးဘူး၊ ရပ်ကွက်ထဲမှာ ဘာ ထိခိုက်မှုမှ မရှိတဲ့ အိမ်တွေက အချောင်ရနေကြတာ၊ ရာအိမ်မှုးနဲ့ နီးရာလူတွေ ရနေကြတာပါပဲ”
စစ်အုပ်စုက ပေးတဲ့ ငလျင်ဘေး ပြန်လည် ထူထောင်ရေး အထောက်အပံ့တွေဟာ အမှန်တကယ် ထိခိုက် နစ်နာသူတွေဆီ မရောက်ရှိဘဲ စစ်အုပ်စု လက်အာက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေကသာ ခွဲဝေရယူကာ ပြန်လည် ရောင်းစားနေကြတာလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စု ရွေးကောက်ပွဲ မတိုင်မီ ပြီးခဲ့တဲ့ လတွေအတွင်း ပထမအကြိမ် ငလျင်ထောက်ပံ့မှုအဖြစ် ငလျင်ဒဏ်ကြောင့် အိုးအိမ်ပြိုပျက်တဲ့ အိမ်တွေကို တစ်အိမ် သံ(သံချောင်း) တစ်တန်နှုန်း ထောက်ပံ့စဉ် ကလည်း စစ်အုပ်စုနဲ့ နီးစပ်သူတွေ ထောက်ပံ့မှုရကာ သံတစ်တန်ကို ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ ပြန်လည် ရောင်းချခဲ့ကြသလို ယခုရက်ပိုင်း ငလျင်ဘေးသင့်တဲ့ အိမ်ထောင်စုတွေအတွက် တစ်အိမ်ကို ဘိလပ်မြေအိတ် ၃၀ ပေးမယ်ဆိုရာမှာလည်း စစ်အုပ်စု ရပ်ကွက်ရုံးတွေမှာ ဘိလပ်မြေ တစ်အိတ်ကို ကျပ် တစ်သောင်းနှုန်းနဲ့ ပြန်ဝယ်မယ့်သူတွေ ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
“တကယ် ပျက်စီးထိခိုက်မှုကို သေချာ စနစ်တကျ စာရင်းအမှန်အကန် ကောက်ပြီး ပေးတာမဟုတ်တော့ အချောင်သမားတွေအတွက် ဈေးကွက် ဖြစ်လာတာပေါ့။ အောက်ဈေးနဲ့ ပြန်ဝယ်တဲ့ အရင်းရှင် မှောင်ခိုဈေးကွက် ရှိလာတာပေါ့၊ ငလျင်မထိတဲ့သူတွေက ပြန်ရောင်းကြတာပေါ့၊ တချို့ကျလည်း ပြင်ပြီးသွားလို့ ပြန်ရောင်းကြတာလည်း ရှိပါတယ်၊ အများစုက ထိခိုက်ပျက်စီး စာရင်းကို ဘယ်အချိန် ကောက်သွားမှန်းကို မသိကြတာ၊ တချို့ကျလည်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ပိုက်ဆံပေး၊ စာရင်းထည့်ကြတယ် ကြားတယ်၊ ရတဲ့အပေါ် ပစ္စည်းရရင်၊ ပိုက်ဆံရရင် ရုံးက ခေါင်းပုံဖြတ်၊ ဖြတ်တောက် ကြသေးတာ၊ အခုရနေတဲ့ တဝက်လောက်က တစ်ထပ်အိမ်နဲ့ နေတဲ့သူနဲ။ အခုက ဘေးနံရံ အက်ကြောင်းလောက် ထတဲ့သူတွေက တစ်တိုက်လုံး ပြိုသလို အထုပ်နဲ့အထည်နဲ့ ရနေကြတာ” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ ၇၃လမ်းနဲ့ လမ်း၃၀ ထောင့်မှာ ရှိတဲ့ မင်္ဂလာဈေး မီးလောင်ကွက်လပ်နေရာနဲ့ ကမ်းနားလမ်း၊ ပေါ်တော်မူ ဘုရားဝင်းထဲမှာ သံချောင်းတွေ အများကြီး စုပုံထားတာ တွေ့ရပြီး ငလျင်ပြန်လည် ထူထောင်ရေးအတွက် အများပြည်သူကို နိုင်ငံတကာက ထောက်ပံ့ပေးထားတဲ့ သံချောင်းတွေ ဖြစ်မယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

ငလျင်လှုပ်ပြီးစ မတ်လကုန်နဲ့ ဧပြီလမှာလည်း မန္တလေးမြို့ရှိ ငလျင်ဘေးသင့် ပြည်သူတွေအတွက် နိုင်ငံတဝန်းရှိ ပြည်သူတွေက လှုဒါန်းတဲ့ ပစ္စည်းတွေ၊ အထုပ်တွေ များပြားခဲ့ပြီး စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ပစ္စည်းတွေကို ခိုးယူကာ ပြန်လည်ရောင်းစားတာတွေ ရှိခဲ့တယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူတွေက ပြောပါတယ်။
“အလှူပစ္စည်း အထုပ်တွေကို အုပ်ကြီးတွေက အကုန် မလှုဘဲ ခိုးချန်ထားတဲ့ ပစ္စည်းထုပ်တွေကို အောက်ဈေးနဲ့ ပြန်ထုတ်ရောင်းကြတာ ရှိသလို ငလျင်ဘေးသင့် ပြည်သူတချို့ကလည်း ရတဲ့ အလှူပစ္စည်းတွေကို ပြန်ရောင်းတဲ့အခါ ငလျင်မှောင်ခိုဈေးကွက် ဖြစ်ခဲ့တယ်၊ ငလျင်မှောင်ခိုဈေးကွက်မှာ ကော်ဇော၊ စောင်၊ ခြင်ထောင်နဲ့ လူသုံးပစ္စည်းတွေပါတယ်၊ တကယ်တန်တဲ့ ပစ္စည်းတွေ ပိုနေတော့ ဈေးလျော့ ရောင်းကြတာ၊ တချို့က ပစ္စည်းတွေရတော့ အဲဒီကာလမှာ ငလျင်စခန်းတွေမှာ အိမ်က ဘာမှမထိခိုက်ဘဲ ကပ်နေကြတဲ့သူတွေလည်း ရှိတယ်၊ စာရင်းပါတဲ့သူတွေလည်း ရှိခဲ့တယ်” လို့ ငလျင်ကူညီကယ်ဆယ်ရေး လုပ်အားပေးခဲ့သူတစ်ဦးက ပြောပါတယ်။
၂၀၂၅ မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ဒဿမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် နိုင်ငံတဝန်း လူဦးရေ ၅၀၀၀ ဝန်းကျင် သေဆုံးကာ အိုးအိမ်၊ လမ်းတံတားနဲ့ အဆောက်အအုံ ထောင်သောင်းချီကာ ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုဟာ ငလျင်ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးကို စနစ်တကျ လုပ်ဆောင်တာ မရှိဘဲ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ အတုအယောင် ရွေးကောက်ပွဲကို အပိုင်းပိုင်းခွဲ လုပ်ခဲ့ပါတယ်။


မန္တလေးမြို့ မင်္ဂလာစျေးနေရာမှာ စုပုံထားတဲ့ ငလျင်ထောက်ပံ့ကြေးပေးမယ်လို့ ယူဆရတဲ့ လိလပ်မြေနဲ့ သံတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



