MDY-PDF ငါးနှစ်ပြည့်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မယ်လို့ ကတိပြု၊
ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၂၅
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF အနေနဲ့ “တော်လှန်ရေး တာဝန်တွေကို ဆက်လက် ထမ်းဆောင်လျက်ရှိ”ကြောင်းနဲ့ “စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဦးလည်မသုန် တိုက်ပွဲဝင်မည်” လို့ ကတိသစ္စာပြုကြောင်း ငါးနှစ်ပြည့် တပ်မွေးနေ့မှာ ထုတ်ပြန်ပါတယ်။
MDY-PDF ဟာ နွေဦးတော်လှန်ရေးကာလ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၂၅ရက်ကို အစွဲပြုကာ တပ်မွေးနေ့အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒီကနေ့ဟာ MDY-PDF ငါးနှစ်ပြည့် တပ်မွေးနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။
“ယခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်တွင် ”အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်များကို ဆက်လက် ထမ်းဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုအပ်ပါသည်” လို့ အထူးလှုပ်ရှားတပ်မ (MDY-PDF) က ဖော်ပြပါတယ်။
MDY-PDF ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်ရှိ မြို့၊ရွာတွေနဲ့ စစ်စခန်း အများအပြားကို မဟာမိတ် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သိမ်းပိုက်ခဲ့တဲ့ မြို့၊ရွာနဲ့ စစ်စခန်းအများစုကို ပြန်လည် လက်လွှတ်ထားရပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း တွေ့ရတဲ့ MDY-PDF ရဲဘော်တွေ/Photo – MDY-PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



