ပုလဲမှာ တိုက်ပွဲ စဖြစ်ပြီးနောက် စစ်အုပ်စုက နေ့ရောညပါ ဗုံးပတ်ကြဲနေ၊
စစ်အုပ်စုက ထွန်စက်ကို သံချပ်ကာအဖြစ် သုံး၊ ရွာထဲ ဟောင်ဝစ်ဇာ တပ်ဆင်၊ အိမ်တွေ ဖောက်ထွင်းကာ ရိက္ခာစု၊

သုထက်/MFP၊ မတ် – ၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ မနေ့က မနက်ပိုင်း ထိတွေ့တိုက်ပွဲ စတင် ဖြစ်ပွားပြီးနောက် စစ်အုပ်စုက နေ့ရောညပါ လေကြောင်းပစ်ကူ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
ပုလဲနယ် ချင်ပျစ်ကျေးရွာကို စီးနင်းလုယက်ပြီး ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ အင်အား ၃၀၀ ခန့်ရှိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ဖေဖေါ်ဝါရီ ၂၈ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။
စစ်အုပ်စုဟာ မနေ့က မနက် ၁၁နာရီလောက်က စတင်ပြီး တိုက်ပွဲဖြစ်ရာ နေရာတဝိုက်ကို ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ပါရာမော်တာ (Paramotor – စက်တပ်လေထီး)တွေနဲ့ ဗုံးပတ်ကြဲခဲ့ပြီး ညဦးပိုင်း ၈နာရီ၊ ည ၁၁နာရီနဲ့ ညသန်းခေါင်အထိ ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မတ်လ ၁ရက် မနက်ပိုင်းမှာလည်း ပုလဲနယ်ထဲ Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတာ ရှစ်ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ပြီး လေယာဉ် ဆက်လက်ပျံဝဲနေတာကြောင့် ဆက်လက် ဗုံးပတ်ကြဲဦးမယ်လို့ ယူဆရကြောင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“မနက် ၁၀နာရီမှာ ဖိုက်တာ (တိုက်လေယာဉ်)နှစ်စီးနဲ့ လာပစ်တယ်။ ၁၀ မိနစ်လောက်ကြာတော့ Y-12 နဲ့ ဗုံးသီးလာချတယ်။ Y-12 က ရှစ်ကြိမ်လောက်ရှိပြီ၊ အခုထိ ပြန်မခေါက်သေးဘူး”
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၄ရက်က စလို့ ပုလဲမြို့ပေါ်နဲ့ ပုလဲနယ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကတဆင့် ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြုလှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း၊ လုယက်၊ မီးရှို့၊ ကျေးရွာတချို့မှာ အထိုင်ချ တပ်စွဲနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပုလဲနယ်ထဲ စစ်ကြောင်းစထိုးစဉ်ကတည်းက တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်လာခဲ့ပြီး ဒေသခံတွေဆီက လုယက်၊ သိမ်းယူထားတဲ့ လယ်ထွန်စက်တွေကို ဂျမ်မာ (မိုင်းဖျက်စက်) တွေ တပ်ဆင်ကာ သံချပ်ကာသဘောမျိုး အသုံးပြုထားသလို ဆိုင်ကယ်၊ ကား၊ ထွေလာဂျီတွေနဲ့ စစ်ကြောင်းပတ်ထိုးနေတာ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဒါ့အပြင် ချင်ပျစ်ကျေးရွာထဲမှာ ဟောင်ဝစ်ဇာ လက်နက်ကြီး တပ်ဆင်ထားတယ်လို့ ယူဆရပြီး အနီးဝန်းကျင် ကျေးရွာတွေကို ဒရုန်းနဲ့ ကင်းထောက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ကျေးရွာတွေကို စတင်စီးနင်းချိန်ကတည်းက နေအိမ်တွေ ဖောက်ထွင်းကာ ဆန်၊ဆီ၊ ပဲ စတဲ့ ရိက္ခာပစ္စည်းနဲ့ တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူလုယက်ပြီး ပျူစခန်းနဲ့ စစ်စခန်းတွေဆီ သယ်ယူစုဆောင်းထားသလို ဒေသခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ချင်ပျစ်ကျင်း၊ နွယ်အင်း၊ ချင်ပျစ်၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ် ထင်တဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

စစ်ဘေးရှောင်ရတာ ရသတ္တပတ်ခန့် ရှိလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေသလို တောတောင်အတွင်း ခိုလှုံနေရတာကြောင့် ရာသီဥတု ပူပြင်းတဲ့ဒဏ်ကိုပါ ခံစားနေကြရကာ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။
“နေ့ပူ၊ ညချမ်း ဆိုတော့ ဒုက္ခများကြတယ်” လို့ အဲ့ဒီ စစ်ဘေးရှောင်ပြည်သူက MFP ကို ပြောပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် ဆိုကာ ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG တပ်တွေက BNRA ဂိတ် စခန်းတွေကို စီးနင်း တိုက်ခိုက်လို့ ဗိုလ်နဂါးနဲ့ အပေါင်းအပါတချို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ရက်နဲ့ ၁၉ရက်တွေမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပုလဲမြို့ကို MI-17 နဲ့ စစ်အင်အားဖြည့် ပို့ဆောင်ပြီးနောက် ပုလဲမြို့အနီးရှိ သေတ္တရာ၊ မင်းတိုင်ပင်နဲ့ ဇီးဖြူကုန်းရွာတွေထဲ ဖြန့်ခွဲဝင်ရောက် နေရာယူထားသလို BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။


စစ်အုပ်စု စီးနင်းလုယက်နေတဲ့ ပုလဲနယ် ကျေးရွာတွေနဲ့ ၂၀၂၅ နှစ်လယ်ပိုင်းက တွေ့ရတဲ့ ပုလဲနယ်ခံ စစ်ဘေးရှောင်ပြည်သူတွေ /Photo – အညာမြေပုလဲ၊ ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



