
ဖိုးချို/MFP၊ မတ်- ၆
မန္တလေးမြို့မှာ စက်သုံးဆီဆိုင်တွေကနေ ဓာတ်ဆီလိုသလောက် ဝယ်မရသလို အချိန်ပေး တန်းစီ စောင့်ရတာကြောင့် လမ်းဘေးဆိုင်တွေကနေ ဓာတ်ဆီတစ်လီတာ ကျပ် ၅၀၀၀ နဲ့ ဝယ်သုံးနေရတယ်လို့ မြို့ခဲတွေက MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ ကန့်သတ်ချက်တွေကြောင့် မတ်လ ၄ရက်က စပြီး မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်တွေမှာ ဆီကို လိုသလောက် ဝယ်မရတော့ဘဲ အကန့်အသတ်နဲ့သာ ရောင်းပေးသလို ဆီဝယ်ခွင့်ရဖို့အရေး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။
“ဆီဆိုင်တွေက ဆီဝယ်မယ်ဆိုရင် အချိန်အကြာကြီးပေးပြီး တန်းစီစောင့်ဝယ်ရမှာဆိုတော့ ဝယ်မထည့်ဖြစ်တော့ဘူး၊ ဆီတန်းဝယ်လည်း အလုပ်က နောက်ကျမှာဆိုတော့ လမ်းလေးကနေပဲ ဝယ်ထည့် ဖြစ်တယ်၊ သူက တန်းစီစရာ မလိုဘူး၊ စျေးတော့ နှစ်ဆလောက်ပိုပေးရတာပေါ့၊ စစ်အုပ်စုက စာပဲ ထုတ်တာ၊ ပြည်သူအတွက် အခက်အခဲမဖြစ်ဖို့ဆိုတဲ့ စဉ်းစားချက် မပါလာဘူး” မန္တလေးမြို့ခံ ပုဂ္ဂလိက ဝန်ထမ်းထမ်းတစ်ဦးက ပြောပါတယ်။
မတ်လ ၅ရက် စျေးအရ စက်သုံးဆီဆိုင်တွေမှာ တန်စီဝယ်ယူပါက ဓါတ်ဆီ (92) တစ်လီတာ ၂၅၃၀ကျပ်၊ ဓါတ်ဆီ (95) ၂၅၉၀ ကျပ်ဖြစ်ပြီး လမ်းဘေးဆိုင်တွေက ဝယ်ယူပါက ဓာတ်ဆီတစ်လီတာ (ရေသန့်တစ်ဗူး) ကျပ် ၅၀၀၀ စျေးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မန္တလေးမြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီကို လိုသလောက် ရောင်းမပေးဘဲ အကန့်အသတ်နဲ့သာ ရောင်းပေးနေပြီး တချို့ဆိုင်တွေက ကားတစ်စီးကို ဓါတ်ဆီ ကျပ်ငါးသောင်းဖိုး၊ ဆိုင်ကယ်တစ်စီး ဓာတ်ဆီ ကျပ်တစ်သောင်းဖိုးသာ ရောင်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အီရန်စစ်ပွဲ ဂယက်ရိုက်မှုကြောင့် မြန်မာပြည်တွင်း စက်သုံးဆီ ခြွေတာဖို့ အာဏာသိမ်း စစ်အုပ်စုက စာထုတ်ထားသလို ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း နေ့တိုင်း စီးခွင့်မပေးဘဲ မနက်ဖန် မတ် ၇ရက်က စပြီး တစ်ရက်ခြားသာ စီးရမယ်လို့ စစ်အုပ်စုက စာထုတ်ထားပါတယ်။
၂၀၂၄ ဩဂုတ်လကလည်း ပြည်ပကနေ စက်သုံးဆီဝယ်ယူဖို့ စစ်အုပ်စုက လုပ်ငန်းရှင်တွေကို ဒေါ်လာငွေ ထုတ်မပေးလို့ ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုကြုံခဲ့ရပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ ပြတ်လပ်တာ၊ ဆီဆိုင်တွေက လိုသလောက် ဝယ်မရတာ၊ ဆီရဖို့ အချိန်ပေး တန်းစီတိုးဝှေ့ ဝယ်ယူရတာ၊ လမ်းဘေးဆိုင်တွေကနေ စျေးကြီးပေးဝယ်သုံးရတာမျိုး နှစ်စဉ် ကြုံနေရတယ်လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ရှိ ဆီဆိုင်တစ်ဆိုင်မှာ စက်သုံးဆီ ဝယ်ခွင့်ရဖို့ တန်းစီနေသူတွေကို မတ် ၄ရက်က တွေ့ရစဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



