မန္တလေးမှာ NUG သိမ်းထားတဲ့ နောက်ဆုံ လက်ကျန် တကောင်းမြို့ စစ်အုပ်စု ပြန်ထိန်းချုပ်၊
တကောင်းမြို့နဲ့ နှစ်မိုင်အကွာ လမ်းဆုံအထိ စစ်အုပ်စု ရောက်လာပြီး တိုက်ပွဲ ဆက်ဖြစ်နေ၊

ထင်လင်း/MFP၊ မတ် – ၁၀
မန္တလေးတိုင်းအတွင်း အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေထဲက နောက်ဆုံးလက်ကျန်ဖြစ်တဲ့ တကောင်းမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေပြီး မတ်လ ၁၀ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ တကောင်းမြို့နဲ့ နှစ်မိုင်အကွာ၊ မြို့အဝင်မုခ်ဦးအထိ ရောက်လာပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“(တကောင်း)လမ်းဆုံ ရောက်ပြီလို့ ပြောတယ်၊ မြို့ထဲတော့ မဝင်သေးဘူး” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဒီကနေ့ မွန်းလွဲပိုင်းမှာ MFP ကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် မြောက်ဘက်ခြမ်း၊ တကောင်းမြို့ကို ပြန်ရရေးအတွက် စစ်အုပ်စုက မိုင် ၃၀ အကွာရှိ သပိတ်ကျင်းနယ် တွင်းငယ်ရွာအနီးရှိ တတက ၁၃ ခေါ် အမှတ် ၁၃ စစ် တန်းမြင့် လေ့ကျင့်ရေးကျောင်းကနေ ဖေဖေါ်ဝါရီ ၆ရက်မှာ စတင် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ တန်ပြန် ထိုးစစ်အတွင်း စစ်အင်အား အများအပြား အသုံးပြုခဲ့သလို တရုတ်ထုတ် နည်းပညာမြင့် ဒရုန်းတွေကိုလည်း အများအပြား အသုံးပြုခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်း မဝင်ရောက်နိုင်မီ ဒရုန်းနဲ့ဗုံးကြဲ၊ တခါတရံ တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် တော်လှန်ရေးတပ်တွေ စုစည်းခုခံနိုင်မူ အားနည်းချိန် မြေပြင်စစ်ကြောင်း တက်လာကာ တစ်ရွာပြီးတစ်ရွာ သိမ်းယူပြီး တဖြေးဖြေး ရှေ့တိုးလာနိုင်ခဲ့ကာ တော်လှန်ရေးတပ်တွေ အနေနဲ့ စစ်အုပ်စုရဲ့ ဒရုန်းတွေရဲ့ နယ်မြေတွေ လက်လွှတ်ရဖို့ တောက်လျှောက် ဆုတ်ခွာခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တကောင်းမြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်အုပ်စုက ဒရုန်း အားပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အထက်ပါ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။
“လေကြောင်းက သိပ်မရှိဘူး၊ ဒရုန်းနဲ့ ဖိထိုးတာ”
စစ်အုပ်စုဟာ ဒီမနက်ပိုင်း တကောင်းမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ ဆင်ညှပ်ကုန်းကျေးရွာ လမ်းခွဲအထိ ရောက်ရှိလာပြီး အဲ့ဒီလမ်းခွဲကနေ တကောင်းမြို့ဘက်ကို စစ်ကြောင်းတစ်ကြောင်းနဲ့ လမ်းခွဲရဲ့ အရှေ့ဘက်ကို စစ်ကြောင်းတစ်ကြောင်း ခွဲထိုးတာလို့ဆိုပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အမှတ်(၁) စစ်ဒေသအောက်က တပ်ရင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တကောင်းမြို့ လက်မလွတ်ရရေးအတွက် NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
လတ်တလောမှာ စစ်အုပ်စု ထိုးစစ်ကြောင်း တကောင်း၊ ကြာညှပ် စတဲ့ မြို့၊ရွာတွေ အပါအဝင် မန္တလေး-တကောင်း – ဗန်းမော် ဗျူဟာလမ်းကြောနဲ့ လမ်းဘေး အနီးတဝိုက် ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရကာ စစ်အုပ်စုက ပြန်သိမ်းပိုက်နိုင်တဲ့ ကျေးရွာတွေရှိ နေအိမ်၊ အဆောက်အအုံတွေကို တော်လှန်ရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ဖျက်ဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း တကောင်းမြို့ အပါအဝင် သပိတ်ကျင်း၊ စဉ့်ကူး၊ မိုးကုတ်နဲ့ မတ္တရာနယ်ရှိ မြို့တွေ၊ ရွာတွေနဲ့ စစ်စခန်း အများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာထိ တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးနိုင်ခဲ့ပါတယ်။
၂၀၂၅ ငလျင်အပြီးနောက်ပိုင်းမှာတော့ စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်အားကိုး၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားသူတွေကို အသေခံ စစ်သားအသစ် အသုံးချကာ တန်ပြန်ထိုးစစ်တွေ ဆင်လာနိုင်ပြီး မန္တလေးတိုင်းက စစ်ရှုံးနယ်မြေတွေ အားလုံးကို ပြန်လည် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု ထိန်းချုပ်မှုအောက် ပြန်ရောက်သွားတဲ့ တကောင်းမြို့နဲ့ ၂၀၂၄ ဩဂုတ်လက တော်လှန်ရေးတပ်တွေ တကောင်းမြို့ကို သိမ်းပိုက်စဉ်/Photo – ပေးပို့၊ MOD
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #သပိတ်ကျင်းမြို့နယ် #တကောင်းမြို့



