စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

ထီးချိုင့် ဗုံးကြဲခံရမှု သုံးရက်အတွင်း သံဃာနဲ့ ကလေးတွေ အပါ ၁၂ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရ၊

တကောင်းနယ် ပြန်ခြေချနိုင်ပြီးနောက် စစ်အုပ်စုက ထီးချိုင့်ကို ဗုံးပတ်ကြဲနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊

ရွှေဥ/MFP၊ မတ် – ၁၂

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးကြဲ သတ်ဖြတ်နေပြီး မတ်လ ၈ရက်ကနေ ၁၀ရက်အထိ သုံးရက်အတွင်း ဗုံးဒဏ်ကြောင့် ရဟန်းသံဃာ၊ ကိုရင်ငယ်နဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးတိုင်းအထက်ပိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှုံးထားတဲ့ တကောင်းဒေသကို အာဏာသိမ်း စစ်အုပ်စု ပြန်လည် ခြေချနိုင်ပြီးနောက် တကောင်းနဲ့ ထိစပ်နေတဲ့ ထီးချိုင့်နယ် ကျေးရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မတ်လ ၈ရက်၊ ၉ရက်နဲ့ ၁၀ရက်တွေမှာ ထီးချိုင့်မြို့နယ် အလယ်တော၊ စပ်စား၊ နီတာ၊ ဇီးကုန်းနဲ့ အောင်သာကုန်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးထိမှန်လို့ ကလေးသူငယ် သုံးဦး၊ ကိုရင်ငယ် လေးပါး၊ ရဟန်းနှစ်ပါးနဲ့ ရွာခံပြည်သူ သုံးဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၅ ဦး ရှိတယ်လို့ ထီးချိုင့်မြို့နယ် ပြည့်သူ့ အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဗုံးကြဲခံရမှုတွေထဲ အထိအခိုက် အသေအပျောက် အများဆုံးဟာ ဇီးတောကျေးရွာ ဖြစ်ပြီး မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီအချိန် မန္တလေးမြို့၊ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဇီးကုန်းကျေးရွာရှိ နေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စစ်အုပ်စုက နှစ်ကြိမ် ဗုံးကြဲရာ အသက်ရှစ်နှစ် ကလေးတစ်ဦး၊ ကိုရင်ငယ် လေးပါး၊ ဦးဇင်းရဟန်း နှစ်ပါးနဲ့ ပြည်သူ သုံးဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

“ပွဲချင်းပြီး သေဆုံးတဲ့သူတွေလည်း ပါသလို ဆေးကုသတဲ့နေရာ ရောက်ပြီးမှ သေဆုံးတဲ့သူတွေလည်းပါ ပါတယ်ဗျ” လို့ ထီးချိုင့် ပအဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဇီးကုန်းကျေးရွာရှိ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းပေါ် အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ် တာလို့ ထီးချိုင့် ပအဖ တာဝန်ရှိသူ ပြောပါတယ်။

“ဘုန်းကြီးကျောင်းကို တည့်တည့်ကြဲတာပါဗျ”

ဧရာဝတီမြစ်ကမ်းနဖူးရှိ ထီးချိုင့်မြို့ဟာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာ ကျပြီး တော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖူးတဲ့ မြို့ ဖြစ်ပါတယ်။

ထီးချိုင့်နယ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းဒေသနဲ့ နယ်မြေချင်း ထိစပ်နေပြီး ထီးချိုင့်မြို့နဲ့ တကောင်းမြို့ကြား မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်။

အာဏာသိမ်း စစ်အုပ်စု အနေနဲ့ ထီးချိုင့်နယ်ထဲ မြေပြင်စစ်ကြောင်းထိုးနိုင်တာ မရှိဘဲ မြို့ပေါ်မှာသာ ခိုအောင်းနေတာ ဖြစ်ပြီး လက်ရှိမှာတော့ တကောင်းဒေသကို ပြန်လည် ဝင်ရောက်လာနိုင်ပြီးနောက် ထီးချိုင့်နယ်ဘက် ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲမရှိဘဲနဲ့ ဗုံးကြဲနေတာ။ စစ်အုပ်စုက ထီးချိုင့်မြို့ပေါ်မှာပဲ မြေပြင်မှာ စစ်ကြောင်းမရှိဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

တကောင်းကနေ ထီးချိုင့်ဘက်ကို စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးလာနိုင်မလား စိုးရိမ်တာနဲ့ လေကြောင်း အန္တရာယ်ကြောင့် ထီးချိုင့်မြို့ပေါ် ရပ်ကွက် ငါးရပ်ကွက် အပါအဝင် ထီးချိုင့်နုဲ့ တကောင်းမြို့ကြားရှိ ကျေးရွာ ၁၅ ရွာက ပြည်သူတွေ ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ် လို့လည်း ထီးချိုင့် ဒေသခံတစ်ဦးက ပြောပါတယ်။

“တကောင်းနဲ့ ထီးချိုင့်ကြား၊ မန္တလေးတိုင်းက ရွာတချို့ ကျန်နေပါသေးတယ်၊ ရှောင်ဖို့တော့ ပြင်နေကြတယ် အားလုံး “

၂၀၂၄ ကတည်းက စစ်ရှုံးထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပြီးခဲ့တဲ့ လတွေအတွင်း လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ကာ မတ်လ ၁၀ရက်မှာ တကောင်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်ရှုံးထားတဲ့ တကောင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် စစ်အုပ်စုက  နယ်မြေချင်းထိစပ်နေတဲ့ ထီးချိုင့်နယ် ကျေးရွာတွေကို ​နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ တကောင်းမြို့ အပါအဝင် မန္တလေးတိုင်းက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်းမရောက်မီ မြို့၊ရွာတွေကို လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲသလို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးနောက် လေကြောင်းရန်ကြောင့် တော်လှန်ရေးတပ်တွေ စုစည်းခုခံနိုင်မူ အားနည်းချိန် မြေပြင် စစ်ကြောင်းက အင်အားသုံး ဝင်ရောက်ကာ နယ်မြေတွေ သိမ်းယူတာဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မတ်လ ၁၀ရက်က ထီးချိုင့်နယ် ဇီးကုန်းရွာ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့ ကိုရင်၊ ရဟန်းနဲ့ ဒေသခံပြည်သူတွေ/Photo – ထီးချိုင့် ပအဖ၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #တကောင်း

Related Articles

Back to top button