မန္တလေးသတင်းအညာမြေ တော်လှန်ရေး

MDY-PDF ရဲ့ မဟာမိတ်၊ အင်အားကြီးတဲ့ မတ္တရာမျိုးမှန်တပ် MOD ကွပ်ကဲမှုအောက် ဝင်၊

မန္တလေးမှာ ယခုလအတွင်း LDF သုံးဖွဲ့ MOD အောက် ဝင်ရောက်လာပြီး ရတနာပုံတပ်ဦးနဲ့ Thundebird တပ်တွေလည်း ပကဖ အဖြစ် ပြောင်းလဲ၊

တေဇ/MFP၊ မတ် – ၂၀

မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေပြုကာ တော်လှန်ရေးဆင်နွှဲနေပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ရဲ့ မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ အင်အားတောင့်တင်းတဲ့ မတ္တရာမျိုးမှန် တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD ကွပ်ကဲမှုအောက်ကို ဝင်ရောက်တယ်လို့ သတင်းရရှိပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေး အဦးအစ ကာလက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မတ္တရာမြို့နယ် (မတ္တရာ-ပကဖ) အဖြစ် တိုက်ပွဲဝင်ခဲ့ပြီး ၂၀၂၃ မှာ နယ်ခံ တိုက်ခိုက်ရေးခေါင်းဆောင် သုံးဦးကို NUG က စစ်ရေး လိုအပ်ချက်အရ ဆိုကာ ထုတ်ပယ်လိုက်တာကြောင့် မတ္တရာ – ပကဖ တစ်ဖွဲ့လုံး နှူတ်ထွက်ပြီးနောက် ၂၀၂၃ စက်တင်ဘာလက စလို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ အဖြစ် သီးခြားရပ်တည်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ မတ္တရာနယ် အခြေပြု ဒေသကာကွယ်ရေးတပ်တစ်ခု ဖြစ်ပြီး ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့သလို ရှမ်း-မန်းစစ်ဆင်ရေးအလွန် ခုခံစစ်တွေမှာလည်း MOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေနဲ့ အတူတကွ လက်တွဲ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ် ဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် အထွေထွေထိုးစစ်ဆင် ဆင်နွှဲရာမှာ တစ်ခုတည်းသော ကွပ်ကဲမှု – COC နဲ့ သွားဖို့ ဖိတ်ခေါ်ခဲ့ရာ မတ္တရာမျိုးမှန်တပ်ဖွဲ့ ခေါင်းဆောင်တွေက လက်ခံခဲ့တယ်လို့ NUG က မတ်လ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က “အထွေထွေ ထိုးစစ်ကို ဆင်နွှဲရာတွင် တပ်ဖွဲ့များ အကွဲကွဲ အပြားပြားဖြင့် ဆောင်ရွက်၍ မဖြစ်နိုင်သောကြောင့် တစ်ခုတည်းသော ကွပ်ကဲမှု၊ တစ်ခုတည်းသော ဦးတည်ရာနှင့် စုစည်း ညီညွတ်သော အားထုတ်ကြိုးပမ်းမှုတို့ ရှိနေရန် လိုအပ်‌ကြောင်း၊ မတ္တရာမျိုးမှန်တပ်ဖွဲ့ အနေဖြင့်လည်း မတ္တရာကို အခြေပြု၍ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်နေသော အားကောင်းသည့် တပ်ဖွဲ့တစ်ခုအဖြစ် သိရှိထားပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်က တည်ဆောက်လျက်ရှိသည့် ကွပ်ကဲမှုစနစ် အတွင်းသို့ ဝင်ရောက် လုပ်ဆောင်မည် ဆိုပါက ယခုထက် ပို၍ တော်လှန်ရေးအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း” ဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်က တည်ဆောက်လျက်ရှိသည့် ဆင့်ကဲကွပ်ကဲမှု စနစ်အတွင်း ဝင်ရောက်၍ တပ်မတော်၏ အစိတ်အပိုင်းအဖြစ် တော်လှန်တိုက်ပွဲ ဝင်သွားရန် ဖိတ်ခေါ်ခဲ့ရာ တော်လှန်ရေး အကျိုးကျေးဇူးကို ကောင်းစွာ ရှေးရှုနိုင်ကြသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ ခေါင်းဆာင်များ ကလည်း လက်ခံ သဘောတူခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ ဆင့်ကဲကွပ်ကဲမှုတွင် ပါဝင်လျက် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ အဖြစ် ကွပ်ကဲမှုခံယူ၍ တော်လှန်တိုက်ပွဲ ဝင်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ NUG က ဖော်ပြပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း MDY-PDF ရဲ့ အဓိက မဟာမိတ်အဖြစ် တိုက်ပွဲ ဝင်ခဲ့ပြီး လက်ရှိမှာ လက်နက်အင်အား၊ လူအင်အား အတန်အသင့် တောင့်တင်းတဲ့ LDF တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ယခု မတ်လအတွင်း ဒေသခံတော်လှန်ရေးတပ်- LDF တွေ ဖြစ်တဲ့ ရတနာပုံတပ်ဦးနဲ့ Thundebird တပ်ဖွဲ့တွေလည်း MOD ကွပ်ကဲမှုအောက် ဝင်ရောက်ကာ ပကဖ တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ရတနာပုံတပ်ဦး အနေနဲ့ MOD ကွပ်ကဲမှုအောက် ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ချမ်းမြသာစည်မြို့နယ် (ရတနာပုံတပ်ဦး) အဖြစ် ပြောင်းလဲလိုက်ကြောင်း မတ်လ ၂ရက်မှာ ရတနာပုံတပ်ဦးက ထုတ်ပြန်အသိပေးခဲ့ပါတယ်။

Thunderbird local defense force (မိုးကြိုးငှက် LDF) တပ်ဖွဲ့ဟာလည်း MOD ကွပ်ကဲမှုအောက် ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အောင်မြေသာစံမြို့နယ် – ပကဖ အဖြစ် ပြောင်းလဲ ဖွဲ့စည်းကြောင်း မတ်လ ၁၈ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

NUG၊ MOD အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာမှာ နိုင်ငံတဝှမ်းရှိ တော်လှန်ပြည်သူ အားလုံးကို စုရုံးနေသလို တော်လှန်ပြည်သူတွေနဲ့ စုဖွဲ့ထားတဲ့ ရာ၊ ထောင်ချီ‌တဲ့ ကာကွယ်ရေးအဖွဲ့ မျိုးစုံကိုလည်း စုစည်းနေပြီး PDF တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပကဖ တွေ ထူထောင်ကာ တစ်ခုတည်းသော ကွပ်ကဲမှုယန္တရားကို ဖော်ဆောင်ပြီး တော်လှန်တိုက်ပွဲ ဆင်နွှဲနေတယ်လို့ NUG က ဆိုပါတယ်။

“ကွပ်ကဲမှု‌အောက် မရောက်ရှိသေးသည့် ဒေသကာကွယ်ရေး အဖွဲ့များအားလည်း ကွပ်ကဲမှု‌အောက် ရောက်ရှိရေး ဆက်လက် စည်းရုံး၍လည်း‌ကောင်း၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း အစဉ်အမြဲ ကြိုဆို စည်းရုံးလျက်ရှိပါသည်” လို့ NUG က ဆိုပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့ အပါအဝင် MYD-PDF နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီတင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးမြို့နဲ့ ၁၀မိုင်ကျော် အကွာ မတ္တရာနယ်က စစ်စခန်းတွေ အပါအဝင် မတ္တရာ၊ စဉ့်ကူး သပိတ်ကျင်းနဲ့ မိုးကုတ်နယ်က စစ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

MOD ကွပ်ကဲမှုအောက် ဝင်ရောက်လာတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့/Photo – MOD၊ မတ္တရာမျိုးမှန်တပ်ဖွဲ့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #NUGMOD #မတ္တရာမျိုးမှန်တပ်

Related Articles

Back to top button