စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မြို့နဲ့ ဝမ်ပေါင်ကြား စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ သတ်ဖြတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရတာ လဝက်ကျော် ရှိလာ၊

စစ်အုပ်စုက နေ့စဉ်နီးပါး ဗုံးပတ်ကြဲ၊

သုထက်/MFP၊ မတ် – ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ရှိ တရုတ်ပိုင် ဝမ်ပေါင်ကြေးနီစက်ရုံနဲ့ ယင်းမာပင်မြို့ကြားရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စီးနင်းကာ တွေ့သမျှလူ ဖမ်းဆီး၊ သတ်ဖြတ် နေလို့ ရွာခံတွေ ထွက်ပြေးနေရတာ လဝက်ကျော်ကြာ ရှိလာပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၇ရက်က စတင်ပြီး တရုတ်ပိုင် ဝမ်ပေါင် – ယန်စီ ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ ကြေးနီစက်ရုံတွေကြားရှိ ကျေးရွာတွေကို စီးနင်းလုယက်နေတာ ဖြစ်ပြီး မတ်လ ၁၀ရက်က စလို့ ယင်းမာပင်မြို့အနောက်ဘက် ပြောင်းပြာရွာထဲ စီးနင်းအထိုင်ချ တပ်စွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မတ်လ ၁၂ရက်က ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာကို စီးနင်းချိန် စစ်ဘေးရှောင် ထွက်မပြေးနိုင်လို့ နေအိမ်မှာပဲ ကျန်ရစ်တဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ဖမ်းဆီး သတ်ဖြတ် စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက ပြောင်းပြာရွာထဲ အထိုင်ချ တပ်စွဲကာ အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက်၊ တွေ့သမျှလူ ဖမ်းဆီးသတ်ဖြတ်နေလို့ ပြောင်းပြာ၊ လက်လှုပ်၊ မြို့ပေါ်၊ နှုံးကြီး၊ ရုံးလေးပင်၊ စားတော်ပြင်၊ နှောရိုး စတဲ့ ကျေးရွာတွေက ပြည်သူ ၇၀၀၀ ကျော်ဟာ မတ်လ ၇ရက် ကတည်းက စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်ရတာ နှစ်ပတ်ကျော်လာပြီ၊ မိုးကရွာ၊ ဥတုကပျက်တော့ ကျန်းမာရေးပါ ဂရုစိုက်နေရပြီ၊ တိုက်ပွဲက ရက်ဆက်ဖြစ်နေတော့ လေကြောင်းကလည်း နေ့ရောညပါ  လာပစ်နေတယ်”

ပြောင်းပြာရွာထဲ အထိုင်ချပြီး အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက်တဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စု အသေအပျောက် ရှိသလို တော်လှန်ရေး တပ်တွေဘက်ကလည်း ရဲဘော် ငါးဦး ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲ ဖြစ်ပြီး အထိနာ အသေများတိုင်း ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ Y-12 လေယာဉ် အပါအဝင် ဆူဆိုက်ဒရုန်းတွေ၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး)၊ ဂျိုင်အိုကော်ပရာတွေနဲ့ ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲလေ့ ရှိတယ်လို့ ဆိုပါတယ်။

ပြောင်းပြာရွာကို စစ်အုပ်စု စီးနင်းအထိုင်ချတဲ့ မတ်လ ၁၀ရက်က စလို့ ယင်းမာပင်နယ်ထဲ တစ်နေ့ကို လေးကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီ အထိနာတဲ့သဘော ရှိတယ်၊ ယင်းမာပင်မြို့ အနောက်ဖက်ထိ မုံရွာ နမခက ဆူဆိုက်ဒရုန်း လွှတ်တာ၊ တခါတလေ လေးစီးလောက်ကို လွှတ်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မတ်လ ၁၂ရက်ကလည်း ယင်းမာပင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် ရှေးဟောင်းသမိုင်းဝင် ဖိုလ်ဝင်တောင်ကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပရာနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ဘုရားဖူးပြည်သူ သုံးဦး နေရာတင်ပွဲချင်းပြီး သေဆုံးကာ ခုနှစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယင်းမာပင်နယ်က စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ရစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင်မြို့နယ် #စစ်ဘေးရှောင်

Related Articles

Back to top button