ဟားခါးမြို့မှာ စစ်အုပ်စုက လူငယ်သုံးဦးကို ဆိုင်ကယ်မရပ်လို့ဆိုပြီး သတ်ဖြတ်အလောင်းစွန့်ပစ်၊

အလောင်းတွေဘေး သေနတ်ချကာ ဓာတ်ပုံရိုက် ဝါဒဖြန့်၊
စစ်အုပ်စုရဲ့ ယုတ်မာကောက်ကျစ်မှုအပေါ် ရှုတ်ချကြောင်း CDF ဟားခါး ထုတ်ပြန်ပြီး စစ်အာဏာရှင် တော်လှန်ရေး မြို့ခံတွေကိုယ်တိုင် ပါဝင်သင့်ပြီလို့ တိုက်တွန်း၊
ရွှေဥ/MFP၊ မတ် – ၂၉
ချင်းပြည်မြို့တော် ဟားခါးမြို့မှာ မတ်လ ၂၄ရက်က ဆိုင်ကယ်နှစ်စီးနဲ့ သွားလာနေတဲ့ အရပ်သား အမျိုးသား သုံးဦးကို စစ်ဆေးဖို့ တားဆီးရာ ဆိုင်ကယ် ရပ်မပေးတာကြောင့် ဖမ်းဆီး ပတ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ သေဆုံးသူတွေအနီး သေနတ်တစ်လက်ချထားကာ ဓာတ်ပုံ ဆင်ရိုက်ပြီးနောက် အရပ်ဝတ် အမျိုးသား အလောင်း သုံးလောင်း၊ Sporting Rifle သေနတ် တစ်လက်၊ ကျည် ငါးတောင့်နဲ့ ဆိုင်ကယ် နှစ်စီး သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
စစ်အုပ်စုက သတ်ဖြတ်လိုက်သူတွေဟာ ဟားခါးမြို့ပေါ်နေ ချင်းတိုင်းရင်းသား လူငယ်တွေဖြစ်တဲ့ ကိုထောင်ဗန်မန်း၊ ကိုထောင်သင်ထန်းနဲ့ ကိုထောင်လှေမန်းတို့ ဖြစ်ပြီး သာမာန်အရပ်သား ပြည်သူတွေ ဖြစ်ကာ မိသားစုကိစ္စနဲ့ သွားလာနေချိန် စစ်အုပ်စုရဲ့ ဥပဒေမဲ့ သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေလက်ထဲ သေနတ်မပါဘဲ ငှက်ပစ်ရာမှာ အသုံးပြုတဲ့ မှန်ပြောင်းတစ်ခုကို ကိုင်ဆောင်သွားလာချိန် စစ်အုပ်စုက သတ်ဖြတ်လိုက်တာ ဖြစ်ပြီး ချင်းတော်လှန်ရေးတပ် – CDF အဖွဲ့ဝင်တွေအဖြစ် စွပ်စွဲကာ ဒီနေ့တိုင်း အလောင်းကောက်ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။
“CDF ဆိုပြီး ဖမ်းသတ်လိုက်တာလို့ သိရတယ်။ အလောင်းက ပြန်မရဘူး။ အဲ့ဒီနေရာမှာပဲ” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ နေရာဟာ ဟားခါးမြို့၊ နည်းပညာကောလိပ် (GTI) အောက်ဘက်ရှိ အာဏာသိမ်း စစ်အုပ်စုက ပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ထားတဲ့ စစ်အုပ်စု သစ္စာခံ ဦးကောလ်လျန်ထန်း အိမ်အနီးမှာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်သုံးဦးကို အကြောင့်မဲ့ သတ်ဖြတ်ပြီး လက်နက်နဲ့ ဓာတ်ပုံ ရိုက်ကာ အောင်ပွဲခံ သတင်းဖြန့်တာဟာ လူမဆန် အကျင့်ယုတ်မာတာ ဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချတယ်လို့ ချင်းတော်လှန်ရေးတပ် – CDF – Hakha ထုတ်ပြန်ပါတယ်။

“လေသေနတ်အတွက် စကုတ်တစ်လုံး ပါရှိပြီး မိသားစုကိစ္စဖြင့် မြို့ပြင်ထွက်လာသော ဟားခါးမြို့တွင်းနေ လူငယ် သုံးဦးအား အကြမ်းဖက် (GTI) ကျောင်းအောက်ရှိ စစ်ကောင်စီ၏ လွှတ်တော် ဥက္ကဌသစ် ဦးကောလ်လျန်ထန်း၏ အိမ်ဘေးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အလစ်အငိုက် ဖမ်းဆီးကာ မည်သည့် တရားဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းမှုမျှ မပြုလုပ်ဘဲ လူမဆန်စွာ ရိုက်နှက် သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် သတ်ဖြတ်ခံထားရသော အလောင်းများအနီးတွင် ရိုင်ဖယ် သေနတ်ကို တမင်တကာ အကွက်ဆင်ချထားပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်ထားခြင်းသည် အပြစ်မဲ့ပြည်သူကို အတုအယောင် လက်နက်ကိုင်အဖြစ် ဖန်တီးရန် ကြိုးပမ်းခြင်း ဖြစ်သည့်အတွက် အလွန်အမင်း ယုတ်မာသော လိမ်လည်လှည့်ဖြားမှု ဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် အကြမ်းဖက် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်”လို့ ဟားခါး -CDF က ဖော်ပြပါတယ်။
အဲ့ဒီ ဖြစ်စဉ်အတွက် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့လည်း ဟားခါး – CDF က ဆိုပြီး ဟားခါး မြို့ခံတွေ အနေနဲ့လည်း စစ်အာဏာရှင် တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
“ဟားခါးမြို့ပေါ်တွင် နေထိုင်သော ပြည်သူလူထု၊ အထူးသဖြင့် လူငယ်များအားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများကို အလေးအနက် သတိပြုကြရန်နှင့် အကြမ်းဖက်စစ်အာဏာရှင် စနစ် ဆန့်ကျင်တော်လှန်ရေးတွင် မိမိကိုယ်တိုင် ပါဝင်သင့်ပြီဖြစ်ကြောင်း တိုက်တွန်း အသိပေးအပ်ပါသည်” လို့ ဟားခါး – CDF က ဆိုပါတယ်။

ဟားခါးမြို့မှာ စစ်အုပ်စုက မြို့တွင်း လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ လုပ်နေသလို မြို့အဝင်အထွက်တွေမှာလည်း အစစ်အဆေး တင်းကြပ်ပြီး သွားလာခွင့် ကန့်သတ်ပိတ်ဆို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်မှာ မြို့နယ် ကိုးမြို့နယ် ရှိတဲ့အနက် ဖလမ်းမြို့နယ် အပါအဝင် ပြည်နယ်တဝက်လောက်ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားပြီး စစ်အုပ်စု အနေနဲ့ ဟားခါးမြို့တော် အပါအဝင် ပြည်နယ် တဝက်လောက်ကို ထိန်းချုပ် စိုးမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။

ချင်းပြည်မြို့တော် ဟားခါးမှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ လူငယ် သုံးဦး/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချင်းပြည် #ဟားခါး #CDF-Hakha



