မင်းအောင်လှိုင်က သူ့နေရာ ဆက်ခံဖို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဘာကြောင့် ရွေးတာလဲ

ရေးသူ – မင်းမြတ်
MFP၊ မတ် – ၃၀
သမ္မတ လုပ်တော့မဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ စစ်တပ်ရာထူးနေရာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီ လွှဲပေးလိုက်ပါပြီ။
ဗိုလ်သင်တန်း – OTS (Officers Training School) ကျောင်းဆင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ထောင်ချမှုကို ဦးဆောင်ခဲ့သူပါ။
မင်းအောင်လှိုင်နေရာ ဆက်ခံခွင့်ရလာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး
မြန်မာစစ်တပ်ရဲ့ ၁၁ ယောက်မြောက် တပ်ချုပ်ဖြစ်လာတဲ့ အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက OTS အပတ်စဉ် ၇၇ ဆင်း ဖြစ်ပါတယ်။

စစ်တက္ကသိုလ် – DSA ကျောင်းဆင်းတွေသာ လွမ်းမိုးထားတဲ့ မြန်မာစစ်တပ်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရှားရှားပါးပါး ဗိုလ်သင်တန်းကျောင်း (OTS) ဆင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေမှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ယူခဲ့ပါတယ်။
မင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်နေချိန် ရဲဝင်းဦးက အဲ့ဒီ တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဦးစီး ပထမတန်း – G1 ဖြစ်ပြီး မိသားစုချင်း ခင်မင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ယောက္ခမ ဖြစ်သူ အမှတ်၂ စစ်ဆေးရုံတက်ရောက်ချိန် ရဲဝင်းဦးရဲ့ ကတော်က နှစ်ပေါက်အောင် လူနာ စောင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲဝင်းဦးဟာ ကြည်း၊ရေ၊လေ ညှိုနှိုင်းကွပ်ကဲရေးမှူးချုပ် (ညှိ-ကွပ်) ဟောင်း မောင်မောင်အေးနဲ့ ခမီးခမက် ဖြစ်တယ်လို့ စစ်အုပ်စု အသိုင်းအဝိုင်းက ဆိုပါတယ်။
အဲဒီနောက် ရဲဝင်းဦးဟာ တပ်မ ၁၁ ခေါ် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အဖြစ် တာဝန်ယူခဲ့တာပါ။
၂၀၂၀ မှာတော့ ထောက်လှမ်းရေး တာဝန်ဖြစ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဖြစ်လာပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အနီးကပ်လူယုံတစ်ဦး ဖြစ်ပြီး မင်းအောင်လှိုင်ကလည်း သူ့ကို အလွန်ယုံကြည်သူ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မြနန်းဘုံသာလမ်း နေအိမ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဝင်ရောက်စီးနင်းမှုကို ဦးဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ အာဏာသိမ်း စစ်တပ်မှာ အရေးပါသူ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းမှာတော့ မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို စိုးဝင်း တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။
အဲ့ဒီလို စိုးဝင်းနေရာကို ရပြီး တစ်လမပြည့်မီမှာဘဲ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင်နေရာကိုပါ ဆက်ခံခွင့်ရတဲ့ တပ်ချုပ်ဖြစ်လာခဲ့တာပါ။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် သူရဲ့ဇနီး ဒေါ်နီလာ၊ အရွယ်ရောက်ပြီး သမီး သိမ့်သဉ္ဇာရဲ တို့ကို အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ တို့က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားကြပါတယ်။

မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဘာကြောင့် ရွေးတာလဲ
အခုဆက်ပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဘာလို့ တပ်ချုပ်တာဝန်ပေးဖို့ ရွေးချယ်ခဲ့လဲ ဆိုတာ ဆန်းစစ် ကြည့်ရအောင်ပါ။
လေ့လာသူတွေကတော့ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးပေးပြီးကတည်း တပ်ချုပ်နေရာ လွဲပြောင်းဖို့ ရည်ရွယ်ထားပြီလို့ ဆိုကြပါတယ်။ ဒီလို လွဲပြောင်း ပေးရတာကလည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အာဏာသိမ်း စစ်ခေါင်းဆောင် စေခိုင်း တာဝန်ပေးမှုတွေကို တသွေမတိမ်း လိုက်လုပ်မယ့်သူအဖြစ် ယုံကြည်တာကြောင့် ဖြစ်သလို မိသားစုချင်းလည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အာဏာသိမ်းချိန်က စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ စစ်အာဏာသိမ်းမူ ဆန့်ကျင်သူတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ ဘက်တော်သားတွေကို ဖိနှိပ်ညှည်းပန်းတဲ့နေရာမှာလည်း အမည်ဆိုးနဲ့ လူသိများတဲ့သူ ဖြစ်ပါတယ်။
“သိရသလောက်တော့ စစ်ကြောရေးတွေမှာ ညှဉ်းပန်းဖို့ ညွန်ကြားတာတွေကအစ တော်လှန်ရေး အင်အားစုတွေကို ဖိနှိပ်ဖို့ သူက အဓိက ဦးဆောင်တဲ့အထဲ ပါတယ်” လို့ စစ်တပ်ကနေ CDM ပြုလုပ်ထားတဲ့ ရခိုင်တိုင်းရင်းသား ဗိုလ်မှူးတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်အဖြစ် ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့လည်း “မင်းအောင်လှိုင်က သူ့ကို ဘာလို့ ရွေးလဲဆိုရင် သူခိုင်းသလို လိုက်လုပ်တဲ့ လူယုံဖြစ်တယ်။ သူ့နောက်ကျော လုံတယ်ပေါ့၊ ပြန် အာဏာသိမ်းမှာကအစ မပူရဘူးပေါ့” လို့ အထက်ပါ ဗိုလ်မှူးက မှတ်ချက်ပြုပါတယ်။


နေပြည်တော်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီက သတင်းတွေကိုသာ ပိုယုံကြည်ပြီး စစ်ရုံးချုပ်ဖက်က အရာရှိတချို့ ထက်တောင် အားထားတယ်လို့ ပြောပါတယ်။
“သူတို့ ဆရာတပည့်က ပုံစံချင်းလည်း တူတယ်လေ။ သဘောထား တင်းမာသူတွေပေါ့။ ဒီပုတ်ထဲက ဒီပဲပါပဲ၊ ဒါကြောင့်ပဲ သူ့နေရာပေးလိုက်တာ” လို့ နေပြည်တော် သတင်းရင်းမြစ်က မှတ်ချက်ပြုပါတယ်။
မင်းအောင်လှိုင် အနေနဲ့ သူအယုံဆုံးလူကို တပ်ချုပ်နေရာ ပေးလိုက်တာလို့ ရခိုင်တိုင်းရင်းသား CDM ဗိုလ်မှူးက ဆက် ပြောပါတယ်။
“လူသာပြောင်းမယ်၊ မူက မပြောင်းဘူး၊ တော်လှန်ရေးကတော့ ဆက်လုပ်ရမှာပဲ၊ စစ်အာဏာရှင်စနစ် ပြိုကျမှ ပြီးမှာလေ” လို့ သူက သုံးသပ်ပါတယ်။
(မင်းမြတ် ဟာ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားနေတဲ့ ပြင်ပ ဆောင်းပါးရှင် ဖြစ်ပါတယ်။)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မင်းအောင်လှိုင် #ရဲဝင်းဦး #အာဏာသိမ်းစစ်အုပ်စု



